လရောင်စွန့်သွားတဲ့ပင်လယ်

Thursday, May 8, 2008, 7:52 PM

Post your comment Post Comment | Email this to your friend 2 comments

လရောင်စွန့်ပစ်သွားတဲ့ပင်လယ်

ပင့်ကူမြင်တွေ တွယ်ညှိနေတဲ့ဟောင်းလောင်းအိမ်
လိပ်ပြာသေ နဲ့ခင်းထားတဲ့ကြမ်းပြင်
ပြတင်းမှန်လည်းမိုးရေစီးချောင်းအတိုင်းအက်ကွဲ ---လို့
မျက်တောင် ကိုတိုက်စားဖို့အဝေးက သဲမှုန်တွေလွင့်ပြန့်လာလိုက်တာ---
ဝေးခေါင် ရဲ့ ကဗျာ မှ

ဒီတခါနွေဦးက ဖရိုဖရဲဆန်လွန်းလှသည်။ ကျနော်တို့ကြားမှာရောက်လာသော ညနေခင်းလေပြေကိုခံစားရတာ အေးစက်မှုန်ရီမှုတွေထဲ
တဖြည်းဖြည်းကျွံဝင်နေသည့် ဌက်တကောင် အိမ်ကိုတိတ်တဆိတ်ခိုးပြန်နေသည့်အဖြစ်မျိုး--
လောင်မီးကျနေသည့်ကျနော့် မြို့လေးတဲ့လေ---
ပြည်မကြီး ကတရုတ်တွေ ငွေတွေကိုဆာလာအိပ်နှင့်ထည့်ပြီး မီးညွန့်ကျိုးပြီးနောက်တနေ့မှာ ပွဲစားနှင့်ဈေးလာညှိကြပြီး မြေကွက်တွေကို စရံသတ်ဖို့ကြိုးစားကြသည်။ မြရည်နန္ဒာကွက်သစ်၊ ထွန်ဒုံး၊ သိုးခြံဘူတာ၊စသောမြို့သစ်လေးဆီက အလုပ်လာလုပ်ကြသည့် ကောင်မလေးတွေ မှာ တချို့ ကစက်ဘီးမရှိ-- ကားဟွန်းတီးသံတွေ၊ “ဟေး --လိုက်ခဲ့လေ-ဘဝတွေခဏအမေပြေသွားမယ်” ဆိုသောအသံတွေ-အစိမ်းရောင်နယ်မြေ မှ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ က မြို့သစ်တွေမှာတာဝန်ကျသည့်ထောက်လှမ်းရေးတွေ(အခုတော့ စအဖ) နှင့်တခါတခါ သောက်စားမူးယစ်၊ ပြီးတော့ ဒင်နာ (Diner) အတွက်လူသားရှာပေးစမ်းပါ ဆိုပြီ ဗမာစကားကို မပီမသ နှင့် “မိန်းမ”ရှာခိုင်းနေသံကိုကြားရမည်။ အာဏာပိုင်တွေက သူတို့ရဲ့
ပါဝါကိုသုံးပြီး ကောင်မလေးတွေကို“သွား--သူတို့နဲ့လိုက်သွား” ဆိုပြီးအတင်းထည့်ပေးမည်။
ဝရုန်းသုန်းကာဖြစ်နေသည့် ကားတွေပေါ်မှာ ကောင်မလေးတွေကြောက်ကြောက်လန့်လန့် နှင့် မျက်ရည်စို့ပါသွားတတ်ကြသည်။ ကျနော်တို့လူငယ်တွေ မြို့သစ်ရဲ့တိတ်တဆိတ်ခိုးပြန်ခဲ့တဲ့နေ့ရက်တွေထဲ ရင်ကွဲခဲ့ရဘူးသည်။
မျက်ရည် နှင့်ခင်းထားခဲ့ရတဲ့ လမ်းမတွေတဲ့လေ။
နာကျင်မှုတွေနှင့် ဟင်းလင်းပွင့်နေသည့်မန္တလေး မှာ ရင်ဖွင့်စရာတနေရာတော့ရှိသည်။
၈၄ လမ်းမ နဲ့ ၃၃ လမ်းဒေါင့်ကလူထုစာပေတိုက်--
“အဲ့ဒီအိမ်ရှေ့ရောက်သွားရင် ကရင်မလင်နန်းတော်ရှေ့ကိုရောက်သွားရသလိုပဲ၊ လုံခြုံသွားသလိုခံစားရတယ်” တဲ့
ကျနော့ မိတ်ဆွေတချို့ က မူးယစ်ရီဝေနေပြီဆိုရင် ဖတ်ခဲ့ဘူးသည့် လက်ဝဲစကားလုံးတွေ အတောင့်လိုက်အန်ချတတ်သည်။
ကျနော်က ”တော်သေးတာပေါ့ ကေဂျီဘီ ( ဆိုဗီယက်ထောက်လှမ်းရေး) ကိုသတိရပြီး ကျောစိမ့် တဲ့အဖြစ်မျိုးမခံစားမိတာ ကျေးဇူးတင်တယ်” လို့ပြန်နောက်ခဲ့ဘူးသည်။
တကယ်တော့ -- ကျနော် က ဆိုဗီယက်နယ်ချဲ့တွေ၊ ကရင်မလင်တွေ-- တရုတ်ပြည်ပေါ်က ကြယ်နီတွေ နှင့် နှိုင်းပြောနေတာကို မကြိုက်။
မန္တလေး ရဲ့ အမျိုးသားရေးတပ်ဦးခံတပ် “လူထုစာပေ” တိုက် နှင့် ကျနော် တို့လှုပ်ရှားမှုကို ဘယ်သူလက်အောက်မှမသွပ်သွင်းချင်၊ ကျနော်တို့အမျိုးသားရေး၊ ယဉ်ကျေးမှု့ စရိုက်ဟန်ပန်နှင့်ဆက်လက်ရှင်သန်နေတာကိုကြိုက်သည်။ လူထု တိုက်က အဖိနှိပ်ခံပြည်သူတွေရှေ့ က ရပ်တည်ပြီးအရာအားလုံးကို တည်တည်ငြိမ်ငြိမ် နှင့် ရင်ဆိုင်ခဲ့ရသည်။ တရုတ်တွေကိုငွေအဆမတန်ပေးဝယ်ခိုင်းပြီး အိမ်ကို မြို့လည်ခေါင်မှ ရှင်းပစ်ချင်သည့် ဖြစ်ရပ်မျိုးတွေလည်းကြုံခဲ့ရသည်။
သို့သော်--ငွေထက်အရေးကြီးသည့် ဂုဏ်သိက္ခာတွေ- လူမျိုးရေးတွေ-- အနာဂတ် တွေကို “အမေမာ” ကကြံ့ကြံ့ခံထိန်းထားခဲ့သည်။
တချို့ကကျနော်တို့ မန္တလေး ရဲ့ ဖြစ်ပျက်နေမှု ကိုနားမလည်တော့ ကောက်ချက်ချတတ်သည်။ “မန္တလေးသား တွေက အစွဲကြီးတယ်” တဲ့ ” ကျနော် က ပြန်ငြင်းမနေချင်၊ “ ကျနော်တို့ရင်ဆိုင်နေရသည့် လူမျိုးရေးပြဿနာတွေ၊ ပထဝီဝင်အနေအထားတွေ” က ကျနော်တို့ မြို့ ကိုချစ်တတ်အောင်မသိစိတ်က သင်ပေးနေသည်ဆိုတာ ကို ပြန်မရှင်းပြခဲ့။ (နာဇီလက်သစ်တွေဆိုတာအကြောင်းမဲ့ပေါ်ပေါက်လာတာမဟုတ်။)
ခုတော့ ကျနော်တို့မြို့လည်းပီကင်းရဲ့ နယ်မြေတခုလို ဖြစ်သွားပြီ။ ယန်အန်းစာပေဆွေးနွေးပွဲတွေဆီ စီးပွားရေး နှင့် ကျူးကျော်မှု နယ်ချဲ့လက်သစ်အတွေးအခေါ်တွေဝင်ရောက်လာခဲ့ပြီ။
တကမ္ဘာလုံး ရှိအလုပ်သမားတွေညီညွတ်ကြလော့ ဆိုသော စိတ်ကူးယဉ်ချက်တွေကို လည်းမေ့လျော့သွားကြသလို-“သူများပြည်တွင်းရေးဝင်မစွက်ဖက်ရေး” ဆိုသော ကြွေးကြော်သံအောက်မှာ လက်နက်တွေပြောင်ပြောင်တင်တင်းရောင်းချနေခဲ့ကြပြီ။
( ကျနော် နှင့် ဦးအောင်ကျော်ဇော က ခံစားချင်ချင်းတူသည်)

အပိုင်း (၂)

ကျနော့် ကို ဒီည ဂျိုဟန်နက်စဘတ် က ကောင်လေးတယောက် ရဲ့
တောင်အာဖရိက က ပုံပြင် ကိုပြောပြစမ်းပါ။
ငွေ နဲ့ လက်နက်တွေ အကြောင်းပြောပြစမ်းပါ။
ကျနော်-- ရိုဒေးရှား ကိုသွားမယ်။
မလင်းပြာလို ကျနော့ ကိုတားမသူမရှိပေမဲ့-
မတရားလုပ်သူတွေကိုစစ်တိုက်ဖို့ ကျနော်ထွက်ခဲ့တယ်။
အဖိနှိပ်ခံတွေဘက်ကရေးးတဲ့စာပေတွေကိုဖတ်ချင်တယ်။ နော်မန်ဘက်သွန်း လိုဆရာဝန်တယောက်ဖြစ်ချင်ခဲ့တယ်။
တိုက်သုံးတိုက်က နှလုံးသားတွေဆီ ကျနော်ရင်ချင်းအပ်ခဲ့တယ်။
ကျနော်တို့ အဲ့သလိုလူလားမြောက်ခဲ့ဘူးတာပေါ့-
အော်--ပြောရအုံးမယ် အမေရယ်---
ခုကျ ငွေ နဲ့ လက်နက် ကိုထင်သလိုကြဲခဲ့တဲ့ စစ်အေးတိုက်ပွဲကာလယန်ကီးတွေလိုပဲ တရုတ်ကွန်မြူနစ်တွေက ဗမာပြည် ကိုအဲ့သလိုလုပ်နေ
တော့တယ်။ တကယ်တမ်းကျ --- တောင်လေးလုံး ၊မယ်ဆယ်တန်း အကျဉ်းစခန်း နဲ့ဝပ်ကျင်းတွေဆီမှာ၊ ပုန်းခိုနေရသူတွေ၊
ကျနော်တို့ရဲဘော်တွေကလွဲလို့ ဘယ်သူ့ကိုမှ ယုံစရာမရှိတော့ပါဘူး။
ခေတ်က အသဲနှလုံးအစစ်၊အသံအစစ် နဲ့လူဖြစ်ဖို့ ကျနော်တို့ကိုသတိပေးခဲ့တယ်။
စကားမစပ်ပေါ့ အမေ--
လူထုချစ်တဲ့အနုပညာသည်တွေထဲမှာ ရွှေမန်းတင်မောင် နဲ့ ဆရာတင်မိုး က ကံအကောင်းဆုံးပဲ။ ရွှေမန်းတင်မောင် က သူ့ကိုချစ်တဲ့ ပရိဿတ်တွေကို ကပြ ဖြေဖြော်ရင်း ဇာတ်စင်ပေါ်မှာ ဆုံးသွားခဲ့တယ်။ ဆရာတင်မိုးကတော့ သူကြိုက်တဲ့လက်ဘက်ရည်ဆိုင်မှာ ထိုင်ရင်း - သူချစ်တဲ့ ကဗျာတွေကိုရေးရင်း-- သူချစ်တဲ့သူတွေ နဲ့ နေ့ရက်တွေကိုဖြတ်သန်းရင်း နှုတ်ဆက်သွားကြတယ်။
ကျနော်တို့မှာတော့ သွေးသံရဲရဲ ကျန်ရစ်ခဲ့-
ခုတော့ သွေးသံရဲရဲ ကျန်ရစ်ခဲ့တဲ့ နေ့ရက်တွေ နောက်ထပ်မလိုချင်တော့ပါဘူး လို့ပြောနေတုံးမှာပဲ----

အပိုင်း(၃)

အံ့သြသင့်စိတ် နဲ့ ကျနော်ခံစားခဲ့ဘူးတာပေါ့
ဦးပိန်တံတားနား က တတိယမြောက် မယ်ဆယ်တန်းအောက်မှာ---
“ ဒါ--- စိုးဝင်း--ငယ်ငယ်က ခုန်ကစားသွားတဲ့နေရာလေး--လေ တဲ့
ငါ--လိုသားတယောက်ဆုံးရှုံးခဲ့ရတဲ့ မိခင်တယောက်ကတောင်ဘာမှ မပြောခဲ့တာ-- သူများပါတီ အတွင်းရေးကိစ္စတွေကိုဘာမှ ဝေဖန်မနေကြပါနဲ့ ” တဲ့---အဲ့ဒီတုံးက “ညီပုလေး” ကထောင်ထဲမှာ--- ရဲဘော်ဖိုးသံချောင်းက တောထဲက ပါတီမှာ--- နောက်ထပ်သားတယောက်က --
ဒါပေမဲ့ အမေဒေါ်အမာ က တိုင်းပြည်မျက်နှာ နဲ့ အနာဂတ် ကို ပဲ တွေးခဲ့ပါတယ်။ ပုဂ္ဂိုလ်တဦးချင်းခံစားချက်ကိုတတ်နိုင်သမျှ ဖျောက်ဖျက်ပစ်ခဲ့တယ်။
ရန်သူ ကိုမုန်းတီးစိတ်နဲ့ မကြည့်ခဲ့လို့ပဲ ဗိုလ်နေဝင်း က ပုဂံငလျင်လှုပ်လို့ ပျက်စီးနေတဲ့ ဘုရားတွေကို ပြုပြင်ဖို့အတွက် တက္ကသိုလ်ကျောင်းသား
တွေကိုဟောပြောပေးဖို့အကူအညီတောင်းတဲ့အခါမှာမဆိုင်းမတွ ကူညီပေးခဲ့သလို-- ဗိုလ်ချုပ်စောမောင်-- ဗိုလ်ချုပ်ခင်ညွန့်တို့ ကလာတဲ့အခါလည်း ကောင်းကောင်းမွန်မွန်ပဲဆက်ဆံခဲ့ပါတယ်။
( နိုင်ငံရေးအရ သူတို့ဟာစာပေ ကိုဘယ်လိုမြတ်နိုးကြောင်းအသုံးချတာဖြစ်နိုင်ပေမဲ့-- အမုန်းနဲ့မတုန့်ပြန်ပဲ သဘောထားကြီးစွာဆက်ဆံခဲ့ပုံရပါတယ်)
ခုတော့-- နှလုံးသားအစစ် နဲ့ ယဉ်ယဉ်ကျေးကျေးဆက်ဆံခဲ့တာတောင်--- ဒီ ဗိုလ်ချုပ် ဆိုတဲ့ အရိုင်းအစိုင်းတွေကလည်းဘယ်လိုမှ ယဉ်ကျေးမလာခဲ့ပါလား အမေရယ်--

အပိုင်း(၄)
“အမေတိွု့က ပြည်သူလူထုကြီးအောင်ပွဲခံတာကို မြင်ချင်လို့ ကျန်းမာအောင်နေနေရတယ်သားရေ ၊ ငါ့သားတို့လည်းကျန်းမာအောင်နေကြနော်-တဲ့---
ခုတော့-- လူ့အဖွဲ့အစည်းကို မျှော်လင့်ချက်ကြီးကြီးထားခဲ့သူတွေကိုမှ သေခြင်းတရားက မိတ်ဖွဲ့တာစောလွန်းသည်၊
ကျနော့ ကို မန္တလေး က စာပေမိတ်ဆွေတချို့  က သတင်းဖလှယ်ပြီးမေးကြသည်။
” အေးဗျာ--- လူထုကိုချစ်တဲ့သူတွေ၊ ပြည်သူ အတွက်အမြဲစဉ်းစားနေတဲ့ သူတွေကိုကျ သေမင်းကခေါ်တာစောလွန်းတယ်။ ဟို--သူတောင်းစား--- တင်မောင်သန်း တို့-- မြန်မာ့အရေးလေ့လာသူများ တို့ ကျ သေမင်းကမေ့နေပြီလားမသိဘူး” တဲ့ သူတို့ခံစားမှု ကိုကျနော်ကနားလည်သည်။ သူတို့မှာအသံလှိုင်းတွေကတဆင့် အားရတာတွေ၊ စိတ်ပျက်ရတာတွေ၊ ဒေါသထွက်နေရတာတွေကိုခံစားနေရသည်။
ကျနော် က သေမင်းကမေ့နေသည်ဟုမထင်--- ဘုရားသခင် က ပြည်သူတွေ ရဲ့ဆဲရေးကျိန်စာကိုသူတို့အတွက်လုံလောက်စွာ ရပြီဆိုမှာ အပယ်ငရဲမှာ ခံစားဖို့ လုံလောက်တဲ့အချိန်ကိုစီမံပေးထားတာနေမှာပါလို့ ပြောနေမိသည်။
သို့သော် သူတို့အကြာင်းစဉ်းစားရင်အာရုံနောက်နေသည်ကအမှန်။
ကျနော်စိတ်ကူးထဲ ၈၄ လမ်းမတလျောက် ဒေါင်းအလံတွေလိုက်စိုက်နေမိသည်။ ကျနော်ချစ်ခဲ့သော မန္တလေးခရိုင်ကျောင်းသားခေါင်းဆောင် မိုးကျော်လေး၊မင်။ထက်ညို နှင့် ကျော်ထိုက်တို့ က သူတို့ဖွက်ယူလာသည့်အနက်ရောင်ခွပ်ဒေါင်းအလံလေးကို တိုင်တဝက်ထိလွင့်ထူလိုက်ကြသည်။
“ကျောင်းသားရှိ ရင် ဗကသ ရှိမယ်၊ မတရားမှု ရှိရင်တိုက်ပွဲတွေရှိမယ်”တဲ့
ကျနော်ယုံတာတခုတော့ ရှိသည်။ ဗမာပြည်အနှံ့က အမေ့ကိုချစ်သောပြည်သူတွေ အနာဂတ်ကိုရဲရဲရင့်ရင့်လျောက်လှမ်းနေကြအုံးမည်။
သွေးသံရဲရဲ နှင့်ထားခဲ့သော ဘဝတွေထဲမှာပဲ နာကျင်မှုတွေကိုသာ ကျနော်တို့သစ္စာရှိရှိဆက်ချစ်နေကြရအုံးမည်။
“ငါ့သားတို့ ကျန်းမာအောင်နေကြနော်-”---တဲ့
နွေဦးဝင်လာပုံက ဒီနှစ်မှာ--ဖရိုဖရဲဆန်လွန်းလှသည်။

အောင်မိုးဝင်း

2 comments:

Anonymous said...

ှစာက မန္တလေး အငွေ့အသက်တွေ ရိုတ်ခတ်သွားတာ လွမ်းတသသနဲ့ပေါ့

သစ္စာ | သ​စ်စာ said...

သဘောကျတယ်...

နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ