Showing posts with label historypage. Show all posts
Showing posts with label historypage. Show all posts

အိမ်ရှေ့တံခါးဝမှာရောက်လာတဲ့တော်လှန်ရေးများ

Monday, February 14, 2011 0 comments
“မူဘာရက်” ပြုတ်ကျအပြီး၊ နောက်တနေ့မှာ တရားမဝင်အဖွဲ့အစည်းဖြစ်တဲ့ မွတ်စလင်ညီအကိုတော်များအဖွဲ့က သူတို့ရဲ့ရုံးခန်းကို ကိုင်ရိုမြို့လည်မှာ စတင်ဖွင့်လှစ်ဖို့ကြိုးစားနေသလို၊ အစ္စရေးထောက်လှမ်းရေးတွေကလည်း အီဂျစ်နိုင်ငံနဲ့နယ်နမိတ်ချင်း ထိစပ်နေတဲ့ အပမ်းဖြေစခန်းများတည်ရှိရာ မြို့လေးဆီကို ကမ္ဘာလှည့်ခရီးသွားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအဖြစ် ရောက်ရှိလာခဲ့ကြတယ်။
နိုင်ငံတွင်းမှာတော့ အလုပ်သမားဆန္ဒပြပွဲတွေနဲ့ရဲတွေရဲ့လခပိုမိုတိုးပေးဖို့ တောင်းဆိုချီတက်သံတွေက ပြည့်နှက်နေဆဲ…….

“တော်လှန်ရေးဆိုတာ အန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေ၊ မတည်ငြိမ်မှုတွေကို သယ်ဆောင်လာတတ်တယ်။
ကဲ- အခုတော့ အဲ့ဒီ တော်လှန်ရေးတွေ ကျနော်တို့ရဲ့တံခါးပေါက်တည့်တည့်ကို ရောက်လာပြီ။ ကျနော်တို့ ဘာလုပ်ကြမလဲ ”
Egypt and Iran Doc

ဒေတွန်သဘောတူညီမှု-သေဆုံးသွားတဲ့အခါ......

Tuesday, January 18, 2011 0 comments
(၂၀၀၁ ) အာဖကန်နစ္စတန်စစ်ပွဲနဲ့ (၂၀၀၃) အီရတ်စစ်ပွဲတွေဆီမှာ လူတွေရဲ့အာရုံတွေအားလုံးလိုက်ပါသွားကြတယ်။
“လူတွေက သမိုင်းတွေကို မထေမဲ့မြင်ဖြတ်နေကြတာဗျ။ ခုတော့ ကိုဆိုဗိုမှာဖြစ်ခဲ့တဲ့ ကြေကွဲစရာအဖြစ်ဆိုးတွေ၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနားစစ်ပွဲ ရဲ့ သွေးပျက်ဘွယ်နာကျင်မှုတွေ၊ ရဝမ်ဒါရဲ့သစ္ဆေရိပ်တွေကို ဘယ်သူမှ အလေးအနက်မပြောကြတော့ဘူးလေ” လို့ ဘော့စနီးယားခေါင်းဆောင်တယောက်က ညီးတွားခဲ့ဘူးပါတယ်။ တကယ်တော့ ဘောလ်ကန်ဒေသဟာ လွန်ခဲ့တဲ့ (၃) နှစ်လောက် ကစပြီး အချိန်မရွေးထပေါက်ကွဲနိုင်တဲ့ မီးတောင်တလုံးဖြစ်နေခဲ့တယ်ဆိုတာကို ဥရောပသမဂ္ဂနဲ့အမေရိကန်ပြည်ထောင်စု တို့ဟာ ရိပ်စားမိနေခဲ့ပေမဲ့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ စစ်ပွဲကြီးနှစ်ခုကြားမှာပဲ အသဲအသန်ရှင်သန်နေခဲ့ရပါတယ်။”

Bosnia and Herzegovina.new

ကြည့်မှန်တချပ်အောက်က အလင်းစက်များ

Tuesday, January 4, 2011 0 comments


ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားတဲ့အကြောင်းကိုပြောခဲ့ကြတယ်။ ဂေါ်ဗာချော့ရဲ့ စီးပွားရေးပုံသဏ္ဍန်ပြန်လည်တည်ဆောက်မှု
(ပယ်ရီစတွိုက်ဂါ) နဲ့ ပွင့်လင်းမှု ( ဂလက်စနော့)အကြောင်းတွေကိုဆွေးနွေးကြတယ်။ ချက်ကိုစလိုဗက်ကီးယား၊ ဂျော်ဂျီယာ၊
ယူကရိန်း နဲ့ ဆားဗီးယားနိုင်ငံတွေဆီက အရောင်တော်လှန်ရေးတွေအကြောင်း၊အားတက်ဘွယ်ကောင်းတဲ့ လစ်ဘရယ်ဒီမိုကရေစီ
လှိုင်းတွေအကြောင်းလေ့လာခဲ့ကြတယ်။ ဒါပေမဲ့ ကျနော်တို့တတွေ အချက် (၄) ချက်ကို ဆက်လက် မေးခွန်းထုတ်ဖို့လိုပါလိမ့်မယ်။

(၁) တခါတုံးက ဆိုဗီယက်ပြည်ထောင်စုဦးဆောင်တဲ့ ဝါဆောသဘောတူညီမှုအဖွဲ့ဝင် နိုင်ငံဟောင်း အားလုံးနီးပါးဟာ ဘာကြောင့်
မြောက်အတ္တလန်တိတ်သဘောတူညီမှု ( NATO) အဖွဲ့ထဲကိုဝင်ရောက်ပူးပေါင်းခဲ့သလဲ။

(၂) အရှေ့ဥရောပနိုင်ငံတွေကြားက စစ်ရေးတည်ဆောက်မှုနဲ့ အနာဂတ်ဥရောပလုံခြုံရေးရဲ့အဓိကပြဿနာတွေက ဘာတွေလဲ။

(၃) ရုရှားပြည်ထောင်စု က ဦးဆောင်ဖွဲ့စည်းထားတဲ့ ဓနသဟာယနိုင်ငံတွေ၊ ပြည်ထောင်စုနိုင်ငံများ ( Union States) နဲ့
သူတို့ကြားက ပဋိပက္ခသစ်တွေ၊ မဟာမိတ်ဖွဲ့စည်းမှုအသစ်တွေ၊ စီးပွားရေးဆက်နွယ်မှုအသစ်တွေရဲ့အကျိုးဆက်ကြောင့် ဖြစ်ပေါ်
နေတဲ့ နိုင်ငံရေးအခင်းအကျင်းသစ်တွေက ဘာတွေလဲ။

(၄) အရောင်တော်လှန်ရေးတွေ ကို ပြည်လည်အနိုင်ရလိုက်တဲ့ အဖြစ်အပျက်တွေ၊ သမိုင်းလမ်းကြောင်းပြောင်းမှုတွေ က ဘာကြောင့်ဖြစ်ပေါ်ခဲ့သလဲ။


အထက်ပါအချက် (၄) ချက်ကို ကြိုတင်စဉ်းစားထားစေချင်ပါတယ်။ တချက်ခြင်းဆီကို ဆွဲထုတ်မဆွေးနွေးခင် ဘဲလားရူးစ်နိုင်ငံ က ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို တင်ပြပါရစေ။


ကြည့်မှန်တချပ်အောက်က အလင်းစက်များ

“ကျနော်တို့အခန်းထဲက မီးတွေကို ခဏလောက်ဖြစ်ဖြစ်မှိတ်ပစ်လိုက်ကြပါစို့၊ ပြီးရင် ပြတင်းပေါက်ဘောင်ပေါ်မှာ
ဖယောင်းတိုင်မီးလေးကိုထွန်းညှိလိုက်ပါ။ ကျနော်တို့နေထိုင်တဲ့ ဘဲလားရူးစ်နိုင်ငံအကြောင်းစိတ်ကူးကြည့်သင့်တာပေါ့။
မဲမှောင်နေတဲ့မြို့တွေနဲ့ အလင်းတစက်ရောက်မလာနိုင်တဲ့ ပြတင်းပေါက်တွေ၊ ပြီးတော့ ဖယောင်းတိုင်မီးရောင်လေးတွေ--- အဲ့ဒီပုံရိပ်တွေက စပြီးစဉ်းစားကြည့်ကြမယ်။ ဒါတွေဟာ ကြည့်မှန်တခုလိုဖြစ်လာပြီး
အော်--ကျနော်တို့လို လွတ်မြောက်ချင်တဲ့သူတွေအများကြီးပါလား လို့ သဘောပေါက်လာလိမ့်မယ်”

(၁)
၁၉၈၀-၁၉၉၀ ကာလတွေဆိုတာ ဘဲလားရူးစ်နိုင်ငံအတွက် ယိမ်းထိုးလှုပ်ခါနေတဲ့ သက္ကရာဇ်တွေဖြစ်တယ်။
သစ်တောအုပ်တွေထဲမှာ အစုလိုက်အပြုံလိုက်မြှုပ်နှံထားတဲ့လူသေအလောင်းတွေကို ရှာဖွေတူးဖေါ်ရခဲ့သလို၊
ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့်ဆိုတဲ့အသံတွေကလည်း လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ စကားလုံးတွေဖြစ်တယ်။
“မင့်စ်က် မြို့အနီးက ရွာတရွာမှာ၊ လူသေအမြောက်အများမြှုပ်နှံထားတဲ့ သခြိ င်္ုင်းတွေကို တူးဖေါ်တွေ့ရှိခဲ့တယ်။
၁၉၃၇-၄၁ အတွင်းက ရုရှားတပ်နီတော်ဟာ သူတို့ရဲ့ဘဲလားရူးစ်ပြည်သူတွေကို မျိုးဖြုတ်သတ်ဖြတ်ခဲ့တယ်” တဲ့။
ခရူးရှော့ပြောခဲ့ဘူးတဲ့ “ ရှရှားစကားမြန်မြန်ပြောနိုင်လေလေ ကွန်မြူနစ်စံနစ်မြန်မြန်အောင်ပွဲခံလေ” ဆိုတဲ့ ဆိုဗီယက်အဖြစ်
သွပ်သွင်းမှုတွေကို ပြန်လည်စဉ်းစားခဲ့ကြတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးအတွင်းမှာ နိုင်ငံရေးရှုပ်ထွေးမှုတွေက တစထက်တစ
ပြင်းထန်လာနေသလို၊ စီးပွားရေးချွတ်ခြုံကျမှုတွေက တနိုင်ငံပြီးတနိုင်ငံ ရိုက်ခပ်ပြိုကျနေပြီ။ ဒီလိုဖြစ်ပျက်နေတဲ့အခြေအနေအောက်မှာ တောကြောင်တွေကလည်း အုပ်စုဖွဲ့နေတယ်။
စီးပွားရေးပျက်ကပ်အောက်က နိုင်ငံတခုမှာ လူကုန်ကူးတဲ့အလုပ်၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခဲ့တဲ့အလုပ်ကို အခွင့်ကောင်းအဖြစ်
အသုံးချနေတဲ့ မာဖီးယားဂိုဏ်းတွေကလည်းနေရာအနှံ့၊ သိတ်မကြာဘူး။ သူတို့ရဲ့လက်တံတွေဟာ နိုင်ငံရေးခေါင်းဆောင်တွေကို
အိပ်ထဲထည့်ထားတဲ့အဆင့်ထိရောက်လာကြတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားမဲ့ရက်မှာ အာဏာရလူတန်းစားသစ်ကို
ဘယ်လိုစဝင်ပြီး ဘယ်လိုချုပ်ကိုင်ရမယ်ဆိုတာကို သိနေတယ်။ တကယ်တော့ ကျနော်တို့ဘဝမှာ ကိုယ့်ကံကြမ္မာကို ကိုယ်ဘာသာ
ဖန်တီးနိုင်ခွင့်ဆိုတာ တကယ်ရှိခဲ့ရဲ့လား။ အင်ပါယာတခုပြီးတခု၊ စစ်ကြီးတခုပြီးတခု၊အားပြိုင်မှုအရိပ်တွေတခုပြီးတခု
ကျရောက်နေတဲ့ ဥရောပမှာ ကျွန်တော်တို့လို နိုင်ငံငယ်တွေဆိုတာ စစ်တုဘုရင်ခုံပေါ်က ပွန်း တကောင်ထက်မပိုဘူး။

(၂)

တကယ်တော့ ဘဲလားရူးစ်ဆိုတာ “ဘယ်လိုရှရှား” ( Belorussia) လို့ခေါ်တဲ့ ရုရှားဖြူတွေဖြစ်တယ်။ မော်ဒန်သမိုင်းကိုပြန်ကောက်ကြည့်ရင် ၁၉၁၈ မှာ လွတ်လပ်တဲ့ ဘဲလားရူးစ်ပြည်သူ့သမ္မတနိုင်ငံကိုတည်ထောင်ခဲ့တယ်။ ဒါပေမဲ့ သိတ်မကြာခင်မှာပဲ ပိုလန် နဲ့ ဆိုဗီယက်တွေ စစ်ပွဲစတင်ခဲ့တယ်။ စစ်ပွဲထဲမှာ ဘဲလားရူးစ်နိုင်ငံတခုလုံး
ဆုတ်ပြတ်ကြေမွခဲ့ရတယ်။ ၁၉၂၁ မှာ ပိုလန်-ဆိုဗီယက် စစ်ပွဲအပြီးမှာ ဆိုဗီယက်တွေနဲ့ ပိုလန်နိုင်ငံတို့က ဘဲလာရူးစ်နိုင်ငံ ကို နှစ်ပိုင်းခွဲသိမ်းပိုက်လိုက်ကြတယ်။ တပြိုင်နက်တည်းမှာပဲအရှေ့ဥရောပမှာ ဂျာမဏီ ရဲ့ နယ်ချဲ့သိမ်းပိုက်မှုတွေက တဖြည်းဖြည်း
စတင်လာပြီ။ ၁၉၃၉ မှာ ဖက်ဆစ်ဂျပန်ရဲ့ ပိုလန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု၊ ၁၉၄၁ မှာ ဆိုဗီယက်ယူနီယံ ကို ဝင်ရောက်
တိုက်ခိုက်မှုတို့ကြောင့် ဆိုဗီယက်တွေလည်း ဖက်ဆစ်ဂျာမဏီရဲ့နယ်ချဲ့ကျူးကျော်မှုကို ရိုက်ချိုးတားဆီးဖြစ်ဖို့ကြိုးစားကြတယ်။
ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွားခဲ့တယ်။ ဘဲလားရူးစ် နိုင်ငံဟာ အကြမ်းတမ်းအရက်စက်ဆုံးစစ်ပွဲရဲ့အလယ်မှာရှိနေခဲ့တယ်။ ဂျာမန်ဖက်ဆစ်တွေက ဘဲလာရူးစ်နိုင်ငံရဲ့မြို့ပေါင်း (၂၉၀) အနက် (၂၀၉) မြို့ကိုဖျက်ဆီးသွားခဲ့တယ်။ ပြည်သူ နှစ်သန်းနဲ့
သုံးသန်းအကြားသေဆုံးခဲ့တယ်။ ဒါဟာ နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံနီးပါး အသက်ပေးလိုက်ရခြင်းဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာတော့
ဆိုဗီယက်ပြည်ထောင်စု နဲ့ အတူ ကုလသမဂ္ဂကိုစတင်တည်ထောင်တဲ့ (၅၁) နိုင်ငံအနက် တနိုင်ငံဖြစ်လာခဲ့တယ်။

(၃)
အင်ပါယာတွေပြိုကွဲပြီးရင် ဘာတွေဆက်ဖြစ်လာအုံးမလဲ ဆိုတဲ့ မျှော်လင့်မှုတဝက်၊ စိုးရိမ်မှုတဝက် ရောထွေးနေတဲ့အရာတွေက
အခုမှစခဲ့တာမဟုတ်ဘူး။ အော်တိုမန်အင်ပါယာလက်အောက်မှာ ကျရောက်ခဲ့တဲ့ ဆားဗီးယား၊ရိုမေးနီးရား တွေရဲ့လွတ်လပ်ရေးတွေကို
ဘယ်သူကူညီခဲ့သလဲ။ ၁၉၁၇ ကာလလောက်တုံးက ဂျော်ဂျီယာ၊ ယူကရိန်းနိုင်ငံတွေမှာ ဘာတွေဖြစ်ခဲ့သလဲ။
ရုရှားအင်ပါယာပြိုကွဲအပြီးပြောင်းလဲသွားတဲ့ အရှေ့ဥရောပရဲ့မြေပုံတွေ၊ နာဇီဂျာမဏီရဲ့ပြောင်ပြောင်တင်းတင်းကျူးကျော်မှုတွေ
------ဘော်လ်ရှီဗစ်ကွန်မြူနစ်တွေရဲ့အခန်းကဏ္ဍက ၂၀ ရာစု ဥရောပနိုင်ငံရေးကစားပွဲမှာ ဘယ်လိုအရေးပါခဲ့သလဲ။
တကယ်လို့ ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားပြီဆိုရင် ကျနော်တို့ရမဲ့လွတ်လပ်ရေးဆိုတာကရော၊ ရေရှည်တည်မြဲနိုင်ပါ့မလား။

အထက်ပါမေးခွန်းတွေဟာ ဆိုဗီယက်ပြည်ထောင်စုဆီက မကြာခင်ကွဲထွက်လာမဲ့ နိုင်ငံ (၁၅) နိုင်ငံရဲ့နိုင်ငံရေးခေါင်းဆောင်တွေကြားမှာ
ငြင်းခုန်နေကြတဲ့အရာတွေဖြစ်တယ်။ ၁၉၉၁ မှာ ဆိုဗီယက်ကွန်မြူနစ်ခေါင်းဆောင်သစ်ဖြစ်လာမဲ့ ယဲ့ဆင်တယောက်၊ ဘဲလူးရှား နိုင်ငံ
ဆီကိုရောက်လာခဲ့တယ်။ ဘဲလားရူးစ်နိုင်ငံလျှောက်လှမ်းတော့မဲ့ အနာဂတ်နိုင်ငံရေးခရီးကြမ်းအတွက်ဆွေးနွေးခဲ့တယ်။

(၄)
ဘဲလားရူစ်းသမ္မတ အလက်ဇန်းဒါး လူကာရှန်ကို ဆိုတဲ့ ပုဂ္ဂိုလ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရွိုက်စ် က
“ ဥရောပရဲ့နောက်ဆုံးအာဏာရှင်” အဖြစ် အမည်ပေးဝေဖန်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စုက အလက်ဇန်းဒါး လူကာရှန်ကို ကို ဒေါသထွက်စိတ်ဆိုးနေတာက သဘာဝကျပါတယ်။ “လူကာရှန်ကို” ရဲ့ ဘဲလားရူးစ်နိုင်ငံမှာ လီနင်ရဲ့ရုပ်ထု၊ ကေဂျီဘီထောက်လှမ်းရေး၊
အမေရိကန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေက အမြစ်တွယ်နေသလို၊ အမေရိကန်သမ္မတ ဘီလ်ကလင်တန်က ကိုဆိုဗို ကို ဗုံးကြဲတော့မယ်ဆိုတာကို ကြိုတင်သတင်းရနေတဲ့ “လူကာရှန်ကို” ဟာ “ဆားဗီးယားခေါင်းဆောင် မီလိုဆီဗစ် အနေနဲ့
ရုရှားနဲ့ ဘဲလားရူးစ်-ရုရှား ပြည်ထောင်စုနိုင်ငံတွေဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံတခု ဆီကိုလာရောက်ပူးပေါင်းသင့်တယ်” လို့ အကြံပေးခဲ့တယ်။ ၂၀၀၃ ခုနှစ်တုံးကလည်း ဆဒမ်ဟူစိန် ကိုလည်း သူ့နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ယူဖို့ကမ်းလှမ်းခဲ့တယ်။
တကယ်တော့ လူကာရန်ကို ဆိုတဲ့ပုဂ္ဂိုလ်ဟာ “ ဆလားဗစ် စကားပြောသူတွေရဲ့ပြည်ထောင်စုနိုင်ငံတခုကိုတည်ထောင်ချင်သူတဦး
ဖြစ်တယ်။ရုရှားတွေရဲ့ဦးဆောင်မှုကို နှစ်ကြိုက်သဘောကျသူဖြစ်တယ်။ ပထဝီဝင်အနေအထားရ ဘဲလားရူးစ်နိုင်ငံဟာ စိတ်ကူးယဉ်လို့မရဘူး လို့ သဘောပေါက်နေတဲ့ သူဟာ ၊ ရုရှားနိုင်ငံဆီက မှီခိုနေရတဲ့ လောင်စာစွမ်းအင်တွေကို အမြဲထည့်တွက် စဉ်းစားလေ့ရှိတယ်။ လူကန်ရှန်ကို လက်ထက်မှာ ဘဲလားရူးစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ ပညာသင်ကြားမှု နဲ့ လူနေမှုအဆင့်အတန်းတွေ
အားလုံးနီးပါးထွန်းကားခဲ့တယ်။ အရှေ့ဥရောပနိုင်ငံတွေထဲမှာ လူမှုဖွံ့ဖြိုးမားအမြင့်မား အညွှန်းပြကိန်းကဏ္ဍန်းကို တည်ထောင်နိုင်ခဲ့သူ
အဖြစ် လူသိများတယ်။ ဒါပေမဲ့ တဘက်မှာတော့ အာဏာကိုလက်မလွှတ်ချင်တာတွေ၊ ရွေးကောက်ပွဲမဲလိမ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း အတိုက်အခံနိုင်ငံရေးသမားတွေကြားမှာ ကျယ်ကျယ်လောင်လောင်ကြားနေရတဲ့အရာတွေ
ဖြစ်တယ်။ ဒီတပတ်လွတ်လပ်တဲ့အာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ “အလက်ဇန်းဒါး လူကာရှန်ကို” အောက်မှာ
လွတ်မြောက်ချင်သူတွေရဲ့ဖန်တီးမှုတွေအကြောင်းဆွေးနွေးထားပါတယ်။

သောတရှင်များခင်ဗျား

“၁၉၉၁ ဒီဇင်ဘာ ၈ ရက်နေ့မှာချုပ်ဆိုခဲ့တဲ့ ဘယ်လာဗားရှားသဘောတူညီမှု ( Belavezha Accords) ဆိုတာ
ရုရှား၊ဘဲလာရူးစ်နဲ့ယူကရိန်းသုံးနိုင်ငံကြားမှာချုပ်ဆိုခဲ့တဲ့စာချုပ်တခုဖြစ်ပါတယ်။ ဒီသဘောတူညီမှုအရ ဆိုဗီယက်ယူနီယံတည်ထောင်ခွင့်ကို
ပေးခဲ့တဲ့ ၁၉၂၂ သဘောတူညီမှုစာချုပ်ကိုရှုတ်ချခဲ့ပြီး၊ဘဲလားရူးစ်နိုင်ငံ ကို လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတခုအဖြစ်ကြေငြာခဲ့တယ်။
တဘက်မှာတော့ ရုရှားပြည်ထောင်စုနဲ့ဆက်လက်ပူးပေါင်းလုပ်ကိုင်မဲ့ လွတ်လပ်တဲ့နိုင်ငံတွေရဲ့ ဓနသဟာယအဖွဲ့အစည်းသစ်တခုကို
ဖွဲ့စည်းခဲ့တယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုသွားကို ခါးခါးသီးသီးဆန့်ကျင်လက်မခံသူတဦးရှိနေပါတယ်။
သူကတော့ ဘဲလားရူးစ်နိုင်ငံအမြင့်ဆုံးအာဏာပိုင်ကောင်စီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူ “အလက်ဇန်းဒါး လူကာရှန်ကို” ဆိုသူဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားအပြီး လွတ်လပ်တဲ့ဘဲလားရူးစ်နိုင်ငံအဖြစ်တည်ထောင်ခဲ့ကြတဲ့အခါ၊ တိုင်းပြည်ကို ခြစားနေတဲ့
နိုင်ငံရေးသမားတွေနဲ့မာဖီးယားဒုစရိုက်ဂိုဏ်းသမားတွေက ချုပ်ကိုင်လာနေတယ် ဆိုတဲ့အချက်ကို စိုးရိမ်နေသူတဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း လူကာရှန်ကို ဟာ ဘဲလားရူးပါလီမန်လက်အောက်မှာ ခြစားမှုတိုက်ဖျက်ရေးကော်မတီကိုဖွဲ့စည်းလိုက်ပြီး၊
ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
“အလက်ဇန်းဒါး လူကာရှန်ကို က သူ့လိုချင်တဲ့နိုင်ငံရေးပုံစံကိုတဆင့်ခြင်းပြန်အသက်သွင်းတယ်။
ပါလီမန်ဥက္ကဋ္ဌအပါအဝင်အရာရှိ (၇၀) ကျော်ကိုခြစားအကျင့်ပျက်မှုနဲ့စွပ်စွဲပြီးပါလီမန်ကနေ နှုတ်ထွက်သွားအောင်ပြုလုပ်နိုင်ခဲ့တယ်။
၁၉၉၄ မှာ ပထမဆုံးအကြိမ်လွတ်လပ်တဲ့ရွေးကောက်ပွဲတွေကို ကျင်းပလိုက်တဲ့အခါ သူက လွတ်လပ်တဲ့နိုင်ငံရေးသမားအဖြစ်ဝင်ရောက်
ယှဉ်ပြိုင်ပြီး မာဖီးယားတွေကိုစစ်ဆင်ရေးဆင်နွဲအနိုင်ယူပစ်မယ်ဆိုတဲ့ကြွေးကြော်သံကိုလွှင့်တင်လိုက်တယ်။
ဒါကြောင့်လည်း ရွေးကောက်ပွဲကို မဲအပြတ်အသတ်နဲ့အနိုင်ရလိုက်ပြီး ဘဲလားရူးစ်နိုင်ငံရဲ့ပထမဆုံးသမ္မတဖြစ်လာခဲ့တယ်။
သမ္မတဖြစ်လာအပြီးမကြာခင်၊ ရုရှားပြည်ထောင်စု ဒူးမားလွှတ်တော်မှာမိန့်ခွန်းပြောတဲ့အခါ “ဆလားဗစ်” စကားပြောသူတွေရဲ့
ပြည်ထောင်စုနိုင်ငံဖွဲ့စည်းဖို့ အဆိုတင်သွင်းခဲ့တယ်။”
“အလက်ဇန်းဒါးလူကာရှန်ကို” ဟာ သူအာဏာရအပြီးမကြာခင်မှာ အခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲဖို့ကြိုးစားခဲ့တာကြောင့်
ပါလီမန်အဖွဲ့ဝင် ၁၉၉ ယောက်အနက် (၇၀)ကျော်က သူ့ကိုတရားစွဲဆိုဖို့ပြင်ဆင်လိုက်ကြပါတယ်။ လူကာရှန်ကို ကလည်း
လက်ဦးမှုရယူလိုက်ပါတယ်။ ပါလီမန်ဟောင်းကိုပြန်လည်မွမ်းမံရမယ်ဆိုပြီး ဖျက်သိမ်းပစ်လိုက်ကာ သူ့ကိုသစ္စာရှိမဲ့သူတွေကို ရာထူးဆွဲတင်ပေးလိုက်ပြီးပါလီမန်သစ်ဆီမှာညီလာခံခေါ်ယူခဲ့တယ်။ သမ္မတပါဝါကို ပိုမိုရရှိအောင်ဖန်တီးနိုင်ခဲ့ပါတယ်။ လူထုဆန္ဒခံယူပွဲတွေကျင်းပပြီးသူ့ရဲ့ဆန္ဒကိုထောက်ခံခိုင်းခဲ့တာကြောင့်တရားစွဲဆိုမဲ့ပါလီမန်အဖွဲ့ဝင်တွေလည်း ပါလီမန်
အဆောက်အဦဟောင်းနဲ့အတူနေရာပျောက်ခဲ့ပါတယ်။
“ ၁၉၉၈ မှာ ဘဲလားရူးစ်ငွေကြေးတန်ဘိုးကထိုးကျလာတယ်။ လူကာရှန်ကို က အနောက်အုပ်စုရဲ့ကြံစည်မှုလို့စွပ်စွဲပြီး၊
အမျိုးသားဘဏ်တွေကိုထိန်းချုပ်လာခဲ့တယ်။ မြို့တော်မင့်န်စ် အနီးမှာတည်ရှိတဲ့ ဒရာဇီဒီအဆောက်အဦ ဆီက သံတမန်တွေအားလုံးကို
နှင်ထုတ်ပစ်လိုက်ပြီးနေရာသစ်တခုမှာသွားနေကြဖို့အမိန့်ပေးခဲ့တယ်။ ဒါကြောင့်လည်း ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုက လူကာရှန်ကို ကို ခရီးသွားလာရေးဗီဇာတွေပိတ်ပင်ပစ်ခဲ့တယ်။ လူကာရှန်ကို ကလည်း အနောက်အုပ်စုဆန့်ကျင်ရေးကို ဆက်တိုက်လုပ်လာပြီး ရုရှားတွေနဲ့နီးစပ်အောင်နေခဲ့တယ်”

ရုရှားနိုင်ငံမှ ဥရောပသမဂ္ဂနိုင်ငံတွေဆီတင်ပို့ရောင်းချတဲ့ရေနံပိုက်လိုင်းတွေဟာဘဲလားရူးစ်နိုင်ငံဆီကနေဖြတ်ပြီးလာတာကြောင့်
လူကာရှန်ကိုရဲ့ပြုမူပုံတွေဟာအနောက်အုပ်စုအတွက် စိုးရိမ်စရာတခုလိုဖြစ်လာခဲ့ပါတယ်။ အနောက်အုပ်စုနဲ့ရင်ဆိုင်နေရတဲ့
ပြဿနာတွေကိုကျားကုပ်ကျားခဲရင်ဆိုင်နေရတဲ့ “လူကာရှန်ကို” ကလည်း သူ့ရဲ့အာဏာကိုရေရှည်တည်မြဲဖို့ကြိုးစားခဲ့ပါတယ်။
၂၀၀၁ ခုနှစ် သမ္မတရွေးကောက်ပွဲကို ဒုတိယအကြိမ်အနိုင်ရလိုက်တယ်။ သုံးနှစ်အကြာမှာ လူထုဆန္ဒခေါ်ယူကျင်းပခဲ့ပြီး
သမ္မတသက်တမ်းကိုအကန့်အသတ်မရှိရွေးချယ်နိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပင်ဆင်ရေးဆွဲလိုက်ပြန်ပါတယ်။

“လူကာရှန်ကို” လက်ထက်မှာ စီးပွားရေးပြန်လည်တိုးတက်လာခဲ့ပေမဲ့သူ့ရဲ့အာဏာစွန့်လွှတ်ချင်စိတ်မရှိမှုကိုသိလိုက်ရတဲ့၊
အတိုက်အခံနိုင်ငံရေးသမားတွေဟာညီညွတ်သော ဒီမိုကရက်တစ်တပ်ပေါင်းစုကိုဖွဲ့စည်းလိုက်ကြပြီး၊ သမ္မတရွေးကောက်ပွဲ
ကိုယ်စားလှယ်အဖြစ် အလက်ဇန်းဒါး မင်လင်ကီယိဗ် ကို ရွေးချယ်ခဲ့ပါတယ်။ ဘဲလားရူးစ်အာဏာရှင် လူကာရှန်ကိုက
“ သူ့ကိုဆန့်ကျင်တဲ့သူတွေဟာ ဘဲတကောင်လိုလည်လိမ်ချိုးခံရမယ်။ ဘဲလားရူစ်နိုင်ငံမှာ လိမ္မော်ရောင်၊နှင်းဆီရောင်တော်လှန်ရေးတွေ
မပြောနဲ့ ငှက်ပျောသီးတော်လှန်ရေးတောင် ဖြစ်မှာမဟုတ်ဘူး” လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပြီး ရွေးကောက်ပွဲမှာ
အတိုက်အခံတွေနေရာမရအောင်ကြိုးပမ်းခဲ့ပါတယ်။

“၂၀၀၅ ခုနှစ်ကစပြီး လွတ်လပ်တဲ့ပြဇာတ်ရုံတွေဟာ မြေအောက်လှုပ်ရှားမှုအဖွဲ့အစည်းတခုလိုဖြစ်လာတယ်။
လူကာရှန်ကို လက်ထက်မှာ သူတို့ကို ခြီးမြှောက်တဲ့အရာတွေကလွဲလို့ဘာမှ မရှိဘူး။ ဒါကြောင့်လူထုဖန်တီးထုတ်လုပ်တဲ့ ကပွဲရုံတွေတည်ရှိရမယ်။ တရားဝင်ကြော်ငြာတာမျိုး မလုပ်ပဲ ကိုယ်ပိုင်တိုက်ခန်းတွေ၊ လူသိနိုင်တဲ့အဆောက်အဦတွေထဲမှာ
ကပြခဲ့ကြတယ်။ လူ ငါးထောင်လောက်ထိတက်ရောက်လာကြတယ်။ နိုင်ငံရေးအကြောင်းတွေမပါဝင်ပေမဲ့၊ စိတ်ဓါတ်ကျမှုတွေ၊ ကိုယ့်ကိုယ်ကိုသတ်သေမှုတွေအကြောင်းတင်ပြရင်း ပျောက်ဆုံးနေတဲ့အလှတရားတွေအကြောင်း မေးခွန်းထုတ်ခဲ့ကြတယ်။
လူထုက တရားခံဘယ်သူလဲဆိုတာသိနေတယ်လေ။”

အတိုက်အခံတွေဟာ အနောက်အုပ်စုကမြှောက်ပေးတဲ့သူတွေဖြစ်တယ်လို့စွပ်စွဲရင်း ၂၀၀၈ ပါလီမန်ရွေးကောက်ပွဲကိုလည်း
လူကာရှင်ကိုရဲ့အာဏာရပါတီကသာ ဆက်လက်အနိုင်ယူခဲ့ပါတယ်။ပြဇာတ်ရုံတွေမှာ မြေအောက်ပုံသကဏ္ဍန်လို စုဝေးနေရုံတခုတည်းနဲ့
မလုံလောက်ဘူးဆိုတာကိုသိနေကြတဲ့လူငယ်တွေကလည်းလူထုကြားမှာအစုအဖွဲ့တွေကိုအသွင်သဏ္ဍန်ပေါင်းစုံဖွဲ့စည်းလာကြတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာလည်း အစိုးရက မဲလိမ်တဲ့အတွက် စိတ်ဆိုးဒေါသထွက်နေတဲ့လူအုပ်ဟာ အစိုးရအဆောက်အဦတွေကို
ဝင်ရောက်သိမ်းပိုက်ဖို့ကြံစည်ခဲ့ကြတယ်။ လူတသောင်းကျော်ကလည်း“လူကာရှင်ကို ထွက်သား” ဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူ
ချီတက်ဆန္ဒပြကြတယ်။ ဘဲလားရူးစ်ကေဂျီဘီတွေကလည်း သမ္မတရွေးကောက်ပွဲကိုယ်စားလှယ် (၇) ယောက်နဲ့ဆန္ဒပြသူရာချီပြီး
ဖမ်းဆီးခဲ့တယ်။တသက်လုံးအာဏာဆုပ်ကိုင်ထားချင်တဲ့ ဘဲလားရူးစ်အာဏာရှင်အတွက် လူထုကလည်းလက်ဆောင်တခုပေးဖို့ပြင်ဆင်
ခဲ့ကြတယ်။ လစဉ် (၁၆) ရက်မြောက်နေ့ရောက်တိုင်း နိုင်ငံရေးအကျဉ်းသမားတွေ၊ပျောက်ဆုံးသွားတဲ့သူတွေအတွက်
အောက်မေ့သတိယပွဲတွေ ပြုလုပ်ကြရင်းပိုမိုထိရောက်တဲ့လှုပ်ရှားမှုကိုစဉ်းစားကြတယ်။
ဒီလှုပ်ရှားမှုကို သိန်းချီနေတဲ့ပြည်သူလူထုက ပူးပေါင်းပါဝင်ခဲ့ကြတယ်။

“ကျနော်တို့အခန်းထဲက မီးတွေကို ခဏလောက်ဖြစ်ဖြစ်မှိတ်ပစ်လိုက်ကြပါစို့၊
ပြီးရင် ပြတင်းပေါက်ဘောင်ပေါ်မှာ ဖယောင်းတိုင်မီးလေးကိုထွန်းညှိလိုက်ပါ။
ကျနော်တို့နေထိုင်တဲ့ ဘဲလားရူးစ်နိုင်ငံအကြောင်းစိတ်ကူးကြည့်သင့်တာပေါ့။
မဲမှောင်နေတဲ့မြို့တွေနဲ့ အလင်းတစက်မှရောက်မလာနိုင်တဲ့ပြတင်းပေါက်တွေ၊ ပြီးတော့ ဖယောင်းတိုင်မီးရောင်လေးတွေ---
အဲ့ဒီပုံရိပ်တွေက စပြီးစဉ်းစားကြည့်ကြမယ်။ ဒါတွေဟာ ကြည့်မှန်တခုလိုဖြစ်လာပြီး
အော်--ကျနော်တို့လို လွတ်မြောက်ချင်တဲ့သူတွေအများကြီးပါလား လို့ သဘောပေါက်လာလိမ့်မယ်” တဲ့

သောတရှင်တို့ရဲ့လွတ်မြောက်ချင်တဲ့စိတ်ဓါတ်တွေလည်း အမှောင်ထုနဲ့အကျဉ်းစခန်းတွေကိုရဲရဲတင်းတင်း ဖွင့်လှစ်နိုင်ကြပါစေ။

ရည်ညွှန်း

Grigory Ioffe ရဲ့ Understanding the Belarus: How Western Foreign Policy miss the mark နဲ့

ကုလသမဂ္ဂရဲ့ ၂၀၁၀ တင်ပြချက် ( http://hdr.undp.org/en/media/HDR_2010_EN_Table1.pdf) ပါ
အချကိအလက်များကိုယူငင်သုံးစွဲပါတယ်

လူသားဖွံ့ဖြိုးတိုးတက်မှုအညွှန်းပြကိန်း

Monday, January 3, 2011 0 comments
လူသားဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်း ( Human Development Index) ဆိုတာ
(၁) လူနေမှုအဆင့်အတန်း (၂) ပညာသင်ရေး (၃) အသက်ရှည်မှု ဆိုတဲ့အချက် သုံးချက်အပေါ်မှာ နှိုင်းယှဉ်လေ့လာခြင်းဖြစ်တယ်။
တခါတုံးက အာဏာရှင်လက်အောက်နိုင်ငံတွေဖြစ်တဲ့ တောင်အမေရိကတိုက်အတွင်းက ချီလီ၊ဘရာဇီး၊အာဂျင်တီးနား၊
အရှေ့ဥရောပနိုင်ငံတွေဖြစ်တဲ့ရိုမေးနီးယား၊ဘူဂေးရီးယား၊ဘဲလားရူးစ်နိုင်ငံတွေရဲ့တိုးတက်မှုတွေကအားကျစရာကောင်းတယ်။

ကျနော်တို့နိုင်ငံကတော့ ၁၃၂ အဆင့်လောက်မှာ ဆင်းရဲမျက်နှာငယ်စွာ။ ကုလသမဂ္ဂရဲ့ ၂၀၁၀ သုံးသပ်ချက်လေးကိုကြည့်ကြည့်ပါ။
အောက်ပါလင့်ကိုသွားနိုင်ပါတယ်။

http://hdr.undp.org/en/statistics

Tuesday, December 21, 2010 0 comments

အဖြူရောင် နဲ့ အကြမ်းဖက်မှု ဆိုတဲ့စကားလုံးနှစ်ခု ဆိုတာ ဘယ်လိုမှ အပ်စပ်တဲ့အရာမဟုတ်ဘူး။
ဒါပေမဲ့ White Terror Campaign ဆိုတာ ထိုင်ဝမ်နိုင်ငံမှာရှိခဲ့ဘူးတယ်။ တရုတ်ပြည်မကြီးမှာ ပြည်တွင်းစစ်ရှုံးလို့ထွက်ပြေးလာတဲ့
ချန်ကေရှိတ်ရဲ့ကွန်မင်တန်အစိုးရဟာ ၃၈ နှစ်၊ ၅၇ ရက် (၁၉၄၉ မေလ - ၁၉၈၇ ဂျူလိုင်လအထိ) ရှည်ကြာတဲ့စစ်အုပ်ချုပ်ရေးဥပဒေကို
ပြန်ဋ္ဌာန်းခဲ့တယ်။ ကမ္ဘာမှာ အကြာရှည်ဆုံး စစ်အုပ်ချုပ်ရေးအမိန့်ဖြစ်တယ်။ သူ့ရဲ့အဖြူရောင်အကြမ်းဖက်မှုစစ်ဆင်ရေးအောက်မှာ
ထိုင်ဝမ်နိုင်ငံရေးသမားတွေ၊အပြစ်မဲ့ပြည်သူတွေ စုစုပေါင်း( တသိန်းလေးသောင်းကျော်) ဖမ်းဆီးသတ်ဖြတ်ခံရတယ်။

တရုတ်ပြည်မကြီးက မော်စီတုန်းရရဲ့ကွန်မြူနစ်တပ်နီတော်ကို ထိန်းချုပ်ဖို့အတွက် အနောက်အုပ်စုနဲ့အမေရိကန်ပြည်ထောင်စုဟာ
ချန်ကေရှိတ်ရဲ့ကွန်မင်တန်အစိုးရကို အပြည့်အဝထောက်ခံအားပေး ထားခဲ့တယ်။ စစ်အေးတိုက်ပွဲကာဖြစ်တယ်။
နိုင်ငံတကာအနေအထားတွေက ထိုင်ဝမ်အတိုက်အခံနိုင်ငံရေးသမားတွေအတွက် အသက်ရှူချောင်မဲ့အခြေအနေတွေ မရခဲ့ဘူး။
ဒါပေမဲ့ ချန်ကေရှိတ် ရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်က လွတ်မြောက်ချင်တဲ့ ထိုင်ဝမ်ပြည်သူတွေကတော့ နည်းလမ်းတခုပြီးတခုရှာဖွေနေခဲ့ကြတယ်။ ထိုင်ဝမ်ဒီမိုကရေစီလှုပ်ရှားမှုမှာ အဓိကအရေးပါတဲ့ သမိုင်းဖြစ်စဉ် (၃) ခုရှိခဲ့တယ်။


(၁) ၁၉၄၇ ဖေဖေါ်ဝါရီလ (၂၈) မှာဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု၊ ဖေဖေါ်ဝါရီ (၂၈) ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အတွက်
၂၂၈ လှုပ်ရှားမှုလို့ လူသိများတယ်။ ချန်ကေရှိတ်ရဲ့ကွန်မင်တန်ပါတီက အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် လူနှစ်သောင်းကျော်သေဆုံးခဲ့ရတယ်။

(၂) ၁၉၇၉ ဒီဇင်ဘာ (၁၀) ရက်လူထုအုံကြွမှု

(၃) ၁၉၉၀ “လီလီအရိုင်းပန်း” ကျောင်းသားလှုပ်ရှားမှု တွေဖြစ်တယ်။

ဒီတပတ်လွတ်လပ်တဲ့အာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ၊ ၂၂၈ လှုပ်ရှားမှုနဲ့ ဒီဇင်ဘာ (၁၀) ရက်လှုပ်ရှားမှုကို တင်ပြထားပါတယ်။

သောတရှင်များခင်ဗျား

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ကိုင်ရိုကြေငြာစာတမ်းကို မှတ်မိကြပါလိမ့်မယ်။ ဒီကြေငြာချက်အရ၊
ဂျပန်နိုင်ငံဟာမန်ချူးရီးယား၊ထိုင်ဝမ် အပါအဝင် ကျူးကျော်သိမ်းယူထားခဲ့တဲ့တရုတ်နယ်မြေတွေအားလုံးကိုပြန်လည်ပေးအပ်ရမယ်ဆိုတဲ့
အချက်တွေလည်းပါဝင်ပါတယ်။ တရုတ်ပြည်မကြီးမှာတော့ ချန်ကေရှိတ်အစိုးရအဖွဲ့ရဲ့ဖိနှိပ်ရက်စက်မှုတွေကို အန်တုပုန်ကန်ကြမဲ့ ပြည်သူတွေကလည်းတော်လှန်ရေးတရပ်ကိုဆင်နွဲဖို့တာဆူနေချိန်ဖြစ်ပါတယ်။

“ ၁၉၄၅ မှာ စစ်ရှုံးဂျပန် က ထိုင်ဝမ်နိုင်ငံကို တရုတ်သမ္မတနိုင်ငံဆီပြန်လည်လွှဲပြောင်းပေးခဲ့တယ်။
ပြဿနာက ချိန်ကေရှိတ်အစိုးရသြဇာခံ ဗိုလ်ချုပ်ချန်ယီလက်အောက်မှာ စီးပွားရေး၊လူမှုရေးပြဿနာတွေက တည်ငြိမ်မှုမရှိခဲ့ဘူး။
ငွေကြေးဖောင်းပွမှုတွေကလည်းအဆမတန်မြင့်တက်နေခဲ့တယ်။အဲ့ဒီထက်ပိုအရေးကြီးတဲ့အချက်ကတော့ ကျနော်တို့ ဒေသခံ
ထိုင်ဝမ်ပြည်သူတွေနဲ့ တရုတ်ပြည်မကြီးကပြောင်းရွေ့ရောက်လာကြတဲ့တရုတ်လူမျိုးတွေကြားမှာ ယဉ်ကျေးမှုနဲ့ဘာသာဗေဒတွေကလည်း မတူညီခဲ့ကြဘူး။ ဂျပန်နယ်ချဲ့လက်အောက်မှာ စီးပွားရေး၊ ပညာရေးမှာ အောင်မြင်နေခဲ့တဲ့ ထိပ်တန်းထိုင်ဝမ်ပညာတတ်တွေ
၊စီးပွားရေးသမားတွေကလည်း တရုတ်ပြည်မကြီးကလာအုပ်ချုပ်တဲ့ ချိန်ကေရှိတ်အစိုးရအဖွဲ့ကိုကျေနပ်မှုမရှိခဲ့ကြဘူး။
ထိုင်ဝမ်အစိုးရသစ်အပေါ် လူထု က အမြင်မကြည်မလင်ဖြစ်နေချိန်မှာ၊လူထုအုံကြွမှုကိုဖြစ်ပေါ်စေတဲ့ အဖြစ်အပျက်တခုပေါ်ပေါက်လာခဲ့တယ်။
ချန်ယီအစိုးရ ရဲ့ ရဲတွေက ထိုင်ဝမ်ကုန်သည်အမျိုးသမီးတယောက်ပိုင်တဲ့ စီးကရက်တွေကို တရားမဝင်သွင်းယူခဲ့တဲ့အရာတွေဆိုပြီး
ဇွတ်အတင်းသိမ်းယူလိုက်တယ်။ အမျိုးသမီးရဲ့ခေါင်းကို သေနတ်ဒင်နဲ့ရိုက်ခွဲလိုက်တယ်။ဘေးမှာ ရပ်ကြည့်နေတဲ့ ပြည်သူတွေဟာ
စိတ်ဆိုးဒေါသထွက်ခဲ့ကြတယ်လေ။ လူထုက အဲ့ဒီတရုတ်အရာရှိကို ပြန်လည်တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြတယ်။
အရာရှိကလည်း လူအုပ်ထဲကိုသေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားခဲ့တယ်။ လူတယောက်သေခဲ့ရတယ်။
လူထုကြီးက ရဲစခန်းဆီကိုချီတက်လိုက်ကြပြီး ဆန္ဒပြခဲ့ကြပေမဲ့အာဏာပိုင်တွေက ဘာတခုမှအရေးယူမှုမလုပ်ခဲ့ဘူး”

၁၉၄၇ ဖေဖေါ်ဝါရီလမှာတော့ထိုင်ဝမ်နိုင်ငံရဲ့လမ်းမတွေမှာ ဆန္ဒပြသူတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ချန်ကေရှိတ်အစိုးရအဖွဲ့ကလည်း
ဆန္ဒပြသူတွေကိုဖြိုခွဲနှိပ်ကွပ်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။စစ်အုပ်ချုပ်ရေးကိုပြဋ္ဌာန်းလိုက်ပါတယ်။ အကြမ်းဖက်မှုတွေကို အရှိန်မြှင့်လိုက်ပါတယ်။

“ အိမ်တွေလည်းရိုက်ချိုးဖျက်ဆီးခံရပြီး အမျိုးသမီးတွေလည်းမတရားပြုကျင့်ခံခဲ့ရတယ်လေ။
ပြည်သူတွေ ကြောက်ရွံ့သွားစေဖို့အတွက် လူတချို့ကိုခေါင်းဖြတ်ပြီး လမ်းမတွေပေါ်ပစ်ထားခဲ့တယ်။ကျနော်တို့ထိုင်ဝမ်ပြည်သူတွေကလည်း
တချို့က တပ်မ (၂၇) လို ကိုယ်ပိုင်လက်နက်ကိုင်တပ်တွေဖွဲ့စည်းကြသလို၊ တချို့က ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေကို
ဖွဲ့စည်းခဲ့ကြတယ်။ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေကျင်းပပေးရမယ်။အစိုးရရဲ့ခြစားမှုကို ရပ်ဆိုင်းပစ်ရမယ် ဆိုတာတွေအပါအဝင်
တောင်းဆိုချက်(၃၂) ချက်ကိုတောင်းဆိုခဲ့ကြတယ်။ ချန်ကေရှိတ်အစိုးရက ဆန္ဒပြသူတောင်းဆိုသူတွေရဲ့အသံကိုနားမထောင်ခဲ့ပါဘူး။
ကျောင်းသားဝတ်စုံဝတ်ထားတဲ့သူမှန်သမျှကိုပစ်သတ်ခဲ့သလို၊ ဆန္ဒပြသူတွေကိုလည်းဖမ်းဆီးလိုက်တယ်။ဂျပန်လက်အောက်မှာတုန်းက
ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ ပညာတတ်တွေကိုလည်းပုန်ကန်စိတ်ရှိသူတွေလို့သတ်မှတ်ပြီး ဖမ်းဆီးခဲ့တယ်။
၂၂၈ လူထုအုံကြွမှုလို့နာမည်ကြီးခဲ့ပြီး၊ လေ့လာသူတွေရဲ့အဆိုအရ၊ လူ နှစ်သောင်းကျော်သေဆုံးခဲ့ရတယ်လို့ဆိုတယ်။

ဒါပေမဲ့ တရုတ်ပြည်မကြီးမှာတော့ နိုင်ငံရေးရာသီဥတုက တစထက်တစပြောင်းလဲလာခဲ့ပါတယ်။၁၉၄၉ မှာ မော်စီတုံးဦးဆောင်တဲ့
ကွန်မြူနစ်သူပုန်တွေဟာ ပြည်တွင်းစစ်ကို အနိုင်ရလိုက်ဒါကြောင့် ချန်ကေရှိတ်အစိုးရဟာထိုင်ဝမ်ကျွန်းဆီကိုထွက်ပြေးခဲ့ရပါတယ်။ ထိုင်ဝမ်ကျွန်းပေါ်က စစ်အုပ်ချုပ်ရေးအမိန့်ကိုတော့ ဆက်လက်တည်မြဲစေခဲ့ပါတယ်။ သူ့ရဲ့ကွန်မင်တန်အစိုးရဟာ
အဖြူရောင်ထိတ်လန့်ကြောက်ရွံ့ဘွယ်ကြီးလို့ လူသိများတဲ့ White Terror စစ်ဆင်ရေးကိုဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
ပြည်သူတသိန်းခွဲနီးပါးကို ကွန်မြူနစ်သူလျှိုတွေလို့စွပ်စွဲဖမ်းဆီးထောင်ချခဲ့တယ်။ သောင်းချီသတ်ဖြတ်ခဲ့ပါတယ်။
“ နိုင်ငံတကာရဲ့အခင်းအကျင်းကလည်း ပြောင်းလဲနေခဲ့တယ်လေ။ မော်စီတုံးရဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကုလသမဂ္ဂမှာ
တရားဝင်လက်ခံဖို့ငြင်းဆန်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုဟာ ၁၉၇၁ မှာ ချန်ကေရှိတ်အစိုးရကိုယ်စားလှယ်တွေကို
ထုတ်ပယ်ပစ်လိုက်ပြီး၊ကွန်မြူနစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကုလသမဂ္ဂမှာတရားဝင်အသိအမှတ်ပြုခဲ့တယ်။

ထိုင်ဝမ်ကျွန်းမှာလည်း ချန်ကေရှိတ်အစိုးရရဲ့နိုင်ငံရေးလက်ဝါးကြီးအုပ်မှုတွေကိုမေးခွန်းထုတ်စပြုနေပြီ။
၁၉၇၅ မှာ ချန်ကေရှိတ်သေဆုံးခဲ့ပြီး၊ ၁၉၇၈ ခုနှစ်မှာတော့ ချန်ကေရှိတ်ရဲ့သား ဂျန်ဂျီဝှါ က ထိုင်ဝမ်နိုင်ငံရဲ့သမ္မဖြစ်လာခဲ့ပါတယ်။

“တကယ်တော့ ဂျန်ချီဝှါ က ဆိုဗီယက်ပြန်ကွန်မြူနစ်တယောက်ဖြစ်တယ်။တိန့်ရှောင်ဖိန်နဲ့ကျောင်းနေဘက်ဖြစ်သလို၊
ထရော့စကီးဝါဒီတယောက်လည်းဖြစ်တယ်။သူ့လက်ထက်မှာ ချန်ကေရှိတ်လက်ထက်တုံးက ချမှတ်ခဲ့တဲ့စီးပွားရေးမူဝါဒတွေကို
ပြောင်းလဲပစ်လိုက်တယ်။အကြီးစားစက်မှုလုပ်ငန်းပေါင်း (၁၂) ခုထက်မနည်းတည်ဆောက်ခဲ့ပြီး ထိုင်ဝမ်ဒေါ်လာ ဘီလျှံ သန်း(၃၀၀) ကျော်မဲ့စီးပွားရေးစီမံကိန်းတွေကိုချမှတ်အကောင်အထည်ဖေါ်ခဲ့တယ်။ ထိုင်ဝမ်နိုင်ငံအတွက် အံ့မခန်း တိုးတက်ဖွံ့ဖြိုးစေတဲ့
နှစ်ကာလတခုကိုမွေးဖွားပေးခဲ့တယ်။ ဒါပေမဲ့ ပြဿနာက ထိုင်ဝမ်နိုင်ငံမှာ အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေက တည်ရှိဆဲဖြစ်သလို၊ ကွန်မင်တန် တပါတီအာဏာရှင်စံနစ်ကိုပဲဆက်လက်ကိုင်စွဲထားခဲ့တယ်လေ”

၁၉၇၈ ခုနှစ်မှာတော့ အမေရိကန်သမ္မတဂျင်မီကာတာဟာ တရုတ်ပြည်မကြီးက မော်စီတုံးအစိုးရကိုအသိအမှတ်ပြုလိုက်ပြီး
ထိုင်ဝမ်ကျွန်းမှာရှိတဲ့အမေရိကန်စစ်တပ်ကိုဆုတ်ခွာစေခဲ့ပါတယ်။
“ ထိုင်ဝမ်အစိုးရ အပေါ် နိုင်ငံတကာရဲ့သဘောထားပြောင်းလဲသွားတာကိုမြင်လိုက်ရတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကလည်း
ဂျန်ဂျီဝှါ ရဲ့နိုင်ငံရေးလက်ဝါးကြီးအုပ်မှုကိုဝေဖန်အန်တုကြဖို့ဆုံးဖြတ်လိုက်ကြတယ်။
ချန်ကေရှိတ်လက်ထက်တုံးက လျှို့ဝှက်ရဲတပ်ဖွဲ့ရဲ့ ဒါရိုက်တာဖြစ်ခဲ့သူ၊ သမ္မတ ဂျန်ဂျီဝှါ ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း
ထုတ်ဖေါ်ပြောဆိုလာခဲ့ကြတယ်။ ဒါကြောင့် နိုင်ငံတကာလူ့အခွင့်အရေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ၁၉၇၉ ဒီဇင်ဘာ (၁၀)ရက်နေ့မှာ
ဆန္ဒပြပွဲတွေကိုကျင်းပရင်း ဒီမိုကရေစီနဲ့လွတ်လပ်တဲ့နိုင်ငံတော်သစ်ကိုတည်ဆောက်ဖို့တောင်းဆိုခဲ့ကြတော့တယ်”
သောတရှင်များခင်ဗျား
၁၉၇၉ ဒီဇင်ဘာ (၁၀) ရက်ဆန္ဒပြပွဲတွေကို ထိုင်ဝမ်အစိုးရက ဘယ်လိုတုန့်ပြန်ခဲ့ပါသလဲ။
ဒီလှုပ်ရှားမှုရဲ့ဂယက်ဟာ ထိုင်ဝမ်နိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းကိုဘယ်လိုပြောင်းလဲစေခဲ့ပါသလဲဆိုတဲ့အချက်တွေကို
ဒုတိယပိုင်းမှာဆက်လက်ဆွေးနွေးသွားပါမယ်။
သောတရှင်တို့ရဲ့လွတ်မြောက်ချင်တဲ့ဆန္ဒတွေကို အုပ်စိုးသူလူတန်းစားတွေက စာနာနားလည်နိုင်ကြပါစေ။

အောင်မိုးဝင်း

Sylvia Li-chun Lin ရဲ့ Representing Atrocity inTaiwan: The 2/28 Incident and White Terror in Fiction and film
Jay Taylor ရဲ့ The Generalissiomo: Chiang Kai-shek နဲ့ Freedom House မှထုတ်ဝေတဲ့ ထိုင်ဝမ်ဒီမိုကရေစီလှုပ်ရှားမှုဆောင်းပါးပါ
အချက်အလက်များကိုယူသုံးပါတယ်။


ထိုင်ဝမ်နိုင်ငံရဲ့ဒီမိုကရေစီလှုပ်ရှားမှုကို မတင်ပြခင်မှာ
စာချုပ်တခု၊ ကြေငြာစာတမ်းတခု နဲ့ ပုဂ္ဂိုလ်နှစ်ယောက်အကြောင်းလေ့လာစေချင်ပါတယ်။

(က) တိန့်ရှောင်ဖိန် နဲ့ ဂျန်ဂျီဝှား

တိန့်ရှောင်ဖိန်ကလည်း ပြုပြင်ပြောင်းလဲရေးသမားဖြစ်သလို၊ ချန်ကေရှိတ်ရဲ့သား ဂျန်ဂျီဝှား ကလည်း ထရော့စကီးဝါဒီ ကွန်မြူနစ်
တယောက်ဖြစ်တယ်။ သူတို့နှစ်ယောက်ကကျောင်းနေဘက်သူငယ်ချင်းတွေဖြစ်တယ်။ ဂျန်ဂျီဝှားက ဆိုဗီယက်မော်ဒယ်
စီးပွားရေးစံနစ်တွေကို မော်စကိုမြို့က တက္ကသိုလ်ဆီမှာ သေသေချာချာလေ့လာခဲ့ဘူးတယ်။ ချန်ကေရှိတ်လက်အောက်မှာ ရှန်ဟိုင်းစီးပွားရေးမူဝါဒတွေကို အကောင်အထည်ဖေါ်တဲ့အခါ ဆိုဗီယက်တွေရဲ့စီးပွားရေးစံနစ်တည်ဆောက်မှုအတိုင်း
ကြိုးစားကြံစည်ခဲ့တယ်။ လူလတ်တန်းစားတွေနဲ့ချမ်းသာကြွယ်ဝသူတွေရဲ့စီးပွားရေးတွေကို ဦးတည်တိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်။

မော်စကိုမြို့မှာ ကျောင်းတက်နေစဉ်၊ ဆိုဗီယက်ခေါင်းဆောင်ကခေါ်ယူတွေ့ဆုံခဲ့ပြီး၊ ထရော့စကီးနောက်လိုက်တွေကို တရားဝင်ရှုတ်ချပေးဖို့တောင်းဆိုခဲ့တယ်။ တဘက်မှာတော့ ဂျန်ဂျီဝှား ရဲ့ ဆိုဗီယက်ကွန်မြူနစ်ပါတီဝင်လျှောက်ထားမှုကို
ငြင်းပယ်ခဲ့တယ်။ ဂျန်ဂျီဝှား ဟာ“ဘဲလားရူး”အမျိုးသမီးနဲ့အိမ်ထောင်ကျခဲ့ပြီး တရုတ်ပြည်ကိုပြန်လာခဲ့တယ်။
ဒါပေမဲ့ ချန်ကေရှိတ်ဟာ တရုတ်ပြည်တွင်းစစ်ကာလအတွင်းမှာ ဆိုဗီယက်အကြံပေးတွေကို သူ့ရဲ့အစိုးရအဖွဲ့တွင်းက
ဖယ်ရှားပစ်ခဲ့သလို၊ ဂျန်ဂျီဝှားရဲ့ ရှန်ဟိုင်းစီးပွားရေးစီမံကိန်းတွေကလည်းမအောင်မြင်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။
ထိုင်ဝမ်နိုင်ငံကို ဦးဆောင်တဲ့အခါ မအောင်မြင်ခဲ့တဲ့ ရှန်ဟိုင်းစီးပွားရေးပေါ်လစီအတွေ့အကြုံတွေကို သင်ခန်းစာ ယူခဲ့တယ်။ တပြိုင်တည်းမှာပဲ သူ့အဖေချန်ကေရှိတ်ရဲ့မူဝါဒတွေနဲ့ ဆန့်ကျင်ဘက်ဆီဦတည်လိုက်တယ်။ စီးပွားရေးလွတ်လပ်မှုတွေဖွင့်ပေးခဲ့ပေမဲ့၊ အကြီးစားစက်မှုလုပ်ငန်းတွေအပေါ်မှာ အစိုးရရဲ့အခန်းကဏ္ဍက အကြီးမားဆုံး
တည်ရှိထိန်းချုပ်ထားခဲ့တယ်။ ထိုင်ဝမ်နိုင်ငံရဲ့အံ့မခမ်းစီးပွားရေးနှစ်ကာလများကို ဖန်တီးပေးခဲ့တယ်။ အာရှကျားတကောင်ဖြစ်လာခဲ့တယ်။ သူ့လက်ထက်မှာတရုတ်ပြည်မကြီးဆီကို တရားဝင်လည်ပတ်မှုတွေစတင်လိုက်တယ်။

(တိန့်ရှောင်ဖိန်နဲ့ဂျန်ဂျီဝှား တို့ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ နိုင်ငံတကာဆက်ဆံရေး၊ လုပ်နည်းကိုင်နည်းတွေကို ထရော့စကီးရဲ့
“ရေရှည်တည်တံ့ခိုင်မြဲတဲ့တော်လှန်ရေးသီအိုရီ” နဲ့ နှိုင်းယှဉ်စဉ်းစားကြည့်စေချင်ပါတယ်။ သမိုင်းစဉ်တလျှောက်လုံးမှာ
ဆိုဗီယက်တွေက “သစ္စာဖောက်”လို့စွပ်စွဲခံခဲ့ရတဲ့ ထရော့စကီးရဲ့အယူအဆ နဲ့ စတာလင်အုပ်စုရဲ့အယူအဆ ဘယ်သူမှန်ခဲ့ပါသလဲ။
သမိုင်းက သက်သေပြခဲ့ပြီးပြီလို့ထင်ပါတယ်)

(ခ) ၁၈၉၅ ပထမ ဂျပန်-တရုတ် စစ်ပွဲအပြီး ချုပ်ဆိုခဲ့တဲ့ “ရှီမိုနိုဆက်ကီ သဘောတူညီမှု” ( Treaty of Shimonoseki) ဒီသဘောတူညီမှုအရ- ချင်အင်ပါယာ ဟာ သူ့ရဲ့ ပက်စကာဒိုးလ်။ ထိုင်ဝမ်နဲ့ မန်ချူးရီးယားအရှေ့တောင်ပိုင်းဒေသတွေကို ဂျပန်နိုင်ငံဆီပေးအပ်လိုက်ရတယ်။

(ဂ) ကိုင်ရိုကြေငြာစာတမ်း (၁၉၄၃) –

ဂျပန်နိုင်ငံဟာ တရုတ်ပိုင်နယ်မြေတွေအားလုံးကိုပြန်လည်ပေးအပ်ရမယ်ဆိုတဲ့သဘောတူညီမှုဖြစ်တယ်။
ဒါပေမဲ့ ၁၉၄၅ ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်စစ်ရှုံးခဲ့ပြီး တရုတ်ပိုင်နယ်မြေတွေကိုပြန်ပေးဖို့သဘောတူညီခဲ့ပေမဲ့၊
တရုတ်ပြည်မှာ ချန်ကေရှိတ်ရဲ့ကွန်မင်တန်ပါတီနဲ့ မော်စီတုံးရဲ့ ကွန်မြူနစ်သူပုန်တွေကြားက ပြည်တွင်းစစ်ပွဲဟာအရှိန်မြင့်လာခဲ့တယ်။
တဘက်မှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ဆိုဗီယက်ပြည်ထောင်စုတို့ဟာ စစ်အေးတိုက်ပွဲစတင်လိုက်ကြတယ်။
ထိုင်ဝမ်နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်မှုကံကြမ္မာကို စစ်အေးတိုက်ပွဲရဲ့အားပြိုင်မှုတွေပေါ်မှာ လောင်းကြေးထပ်လိုက်ကြရတော့တယ်။








Tuesday, December 7, 2010 0 comments

၁၉၅၆ ဟန်ဂေရီတော်လှန်ရေးဘယ်လိုအဆုံးသတ်ခဲ့သလဲ။
သူတို့ရဲ့ဝိညာဉ်တွေဟာ ဘယ်အချိန်ထိရိုပ်ခပ်ဖမ်းစားထားခဲ့ပါသလဲ။
ဒုတိယပိုင်းကို ဆက်လက်တင်ပြထားပါတယ်။
Hungarian Revolution Part2 .Final

Tuesday, November 30, 2010 0 comments
1956 Hungary.

သံဝေဂရစရာ လူဆိုး

Friday, November 26, 2010 0 comments


စစ်ထောက်လှမ်းရေးခေါင်းဆောင်ဟောင်းဗိုလ်ချုပ်ခင်ညွှန့်ရဲ့ပုံကိုကြည့်ပြီး၊လူတွေသံဝေဂရခဲ့ကြတယ်။
တခါတုံးက၊ဇာတ်မင်းသားလေးလိုကြော့ကြော့လေးနေပြီး
မီဒီယာရှေ့မှာ၊ကလေးတွေကိုနမ်းနမ်းပြလေ့ရှိတဲ့၊ဗိုလ်ချုပ်ခင်ညွှန့်တယောက် အခုလိုမျိုးအထီးကျန်ဆန်စွာဇာတ်သိမ်းခဲ့ရလိမ့်မယ်လို့တွေးထင်ပုံမရခဲ့ဘူး။

(၁)

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေက
ဗိုလ်ချုပ်ခင်ညွှန့်ကို အနည်းဆုံ(၃)ကြိမ်နည်းပါးလောက် အနီးကပ်ဆုံဆည်းခဲ့ကြဘူးတယ်။
ပထမအကြိမ်ကဘုန်းမော်အရေးအခင်းဖြစ်ပွားနေချိန်၊
မတ်လ (၁၅) ရက်နေ့မှာ စစ်ဝါဒီတွေက
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းကို သူပုန်စခန်းတခုလိုဝင်သိမ်းပြီး၊ ကျောင်းသားတွေကို၊မျက်ရည်ယိုဗုံးနံ့တွေဝေနေတဲ့ ပင်မအဆောက်အဦရှေ့မှာစုထိုင်ခိုင်းတယ်။ပြည်ထဲရေးဝန်ကြီး ဦးမင်းဂေါင်နဲ့ပညာရေးဝန်ကြီး၊ပါမောက္ခတွေလာတဲ့အခါ ကိုတင်ထွန်းအောင် ( တတိယနှစ်၊ ဓါတု) က
“ ခင်ဗျားတို့ အသုံးမကျလို့ ကျောင်းသားတွေသေကုန်ပြီ” ဆိုပြီး ဒေါသတကြီးထချဲတယ်။
“ ဟာ-- ဒီကျောင်းသားလေးက ကျော်ဟိန်း အတိုင်းပါလား။ ကဲ-ကဲ-သူ့ကို ရုပ်ရှင်ရိုက်ပေးလိုက်ကြပါအုံး”
ကိုတင်ထွန်းအောင်ရဲ့မျက်နှာရှေ့မှာ ကင်မရာတွေဝဲလာတယ်။
မှတ်တမ်းတင်တဲ့သူကတင်၊ဓါတ်ပုံရိုက်တဲ့သူတွေကလည်း တဖြတ်ဖြတ်ရိုက်၊
အဲ့ဒီအရာရှိနဲ့သူ့ရဲ့လူ နှစ်ယောက်က၊စာအိပ်ထူကြီးထဲက ဓါတ်ပုံတွေကို တခုခြင်းထုတ်ပြီး ကျောင်းသားတွေရဲ့မျက်နှာတွေနဲ့တိုက်ကြည့်တယ်။ ကျောင်းသားတွေကိုတယောက်ပြီးတယောက်ဆွဲထုတ်ပြီး
အဆင့်ဆင့်ခွဲထားတဲ့၊အချုပ်ကားကြီးတွေပေါ်ကို ဖမ်းတင်လိုက်ကြတယ်။ ကျောင်းသားတွေရဲ့ရင်ထဲမှာ၊အဲ့သလို မိန်းမလိုမိန်းမရပြောတတ်တဲ့ ဗီလိန် ဝင်းညွှန့် လို မျက်နှာနဲ့လူကို မှတ်မိနေဖြစ်ခဲ့ကြတယ်။

စစ်အာဏာသိမ်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကိုအသက်သွင်းလိုက်ပြီး၊
မြန်မာ့ရုပ်သံမှာ သူ့ကိုပြန်တွေ့လိုက်ရတော့မှ…..
“ အော် ဗိုလ်ချုပ်ခင်ညွှန့်ဆိုတာ ဒီသူတောင်းစား ကိုး----” လို့ သဘောပေါက်လိုက်မိတယ်။

ဘယ်လိုလုပ်မေ့လို့ရမှာလဲ။ ယမ်းနံ့တွေကြားမှာ အရာအားလုံးက သွေးပျက်ဘွယ်။
နာကျင်စိတ်နဲ့အံကြိတ်လက်သီးဆုပ်ယုံကလွဲလို့ဘာမှမတတ်နိုင်တဲ့အချိန်မှာ
သူတို့က ဓါတ်ပုံတွေတခုပြီးတခုထုတ်၊ကျောင်းသားတွေရဲ့မျက်နှာတွေကိုတရားခံရှာသလိုစေ့စေ့စပ်စပ်လိုက်ကြည့်၊
ရိသလိုလို၊ထေ့သလိုလိုမျက်နှာပေးနဲ့--- စိတ်ကူးထဲမှာ အကြိမ်ကြိမ်ဖနှောင့်နဲ့ထပေါက်ခဲ့တဲ့မျက်နှာတခု

(၂)

ဒုတိယကြိမ်တွေ့ဘူးခဲ့တာက မန္တလေးမြို့မျက်စိနားနှာခေါင်းဆေးရုံမှာဖြစ်တယ်။
အကျဉ်းထောင်ထဲမှာကျန်းမာရေးမကောင်းတဲ့သူငယ်ချင်းတယောက်၊မျက်စိဆေးရုံမှာတက်နေတယ်ဆိုတဲ့အတွက် သတင်းသွားမေးနေချိန်။ ဗိုလ်ချုပ်ခင်ညွှန့်လာမယ်ဆိုတော့၊လူနာလာမေးတဲ့သူတွေကို အကုန်ထွက်ခိုင်းတယ်။
ခင်မင်နီးစပ်တဲ့သူနာပြုဆရာမလေးကြောင့် ကျနော်တို့တတွေကတော့ဆေးရုံထဲက အခန်းတခုမှာဆက်လက်နေထိုင်ခွင့်ရခဲ့တယ်။

ခွဲစိတ်ခန်းတွေထဲကိုဝင်ကြည့်ပြီးသိတ်မကြာပါဘူး။ ဗိုလ်ချုပ်ခင်ညွှန့်တို့တတွေပြန်သွားခဲ့ကြတယ်။
သူပြန်သွားတော့ ထုံးစံအတိုင်း အတင်းတွေတိုးတိုးတိုးတိုးကျန်နေခဲ့တယ်။ စစ်အုပ်စုနဲ့နီးစပ်တဲ့ဆရာမလေးတွေကတော့
“ဟယ် လက်ကလေးတွေကို နုနေတာပဲ” လို့ ဆိုကြသလို၊
စစ်အာဏာရှင်တွေကိုဆန့်ကျင်တဲ့ဆရာဝန်တွေ၊ ဆရာမတွေကတော့
“ အောင်မလေး၊သူတို့အလှည့်ကျတော့ ကြောက်တတ်လိုက်ကြတာ။ ခွဲခန်းထဲဝင်တာတောင် ဆေးရုံကပေးတဲ့ Mask တွေကိုမသုံးရဲဘူး” တဲ့။တကယ်တော့ ပြည်သူတွေကို သူတို့မယုံပါဘူး။ ပြည်သူတွေက၊သူတို့ကို မုန်းတီးနေတယ်ဆိုတာကို သဘောပေါက်နေသလို၊ အချိန်မရွေးလုပ်ကြံခံရနိုင်တယ်ဆိုတာကိုလည်း နားလည်နေပုံရတယ်။

(၃)
တတိယအကြိမ်ကတော့ တကယ့်ကိုမှတ်မှတ်ရရပါ။
၁၉၉၅ ဒီဇင်ဘာလထဲမှာ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ကျင်းပတော့၊
ကျနော်တို့တတွေ ပင်းယဆောင်နဲ့ ပဲခူးဆောင်က သူငယ်ချင်းတွေဆီမှာ၊ညပေါင်းများစွာအိပ်ဖြစ်ခဲ့ကြတယ်။
အဆောင်အသီးသီးမှာ တီးဝိုင်းတိုက်နေကြတယ်။ စစ်အာဏာရှင်တွေကိုဆန့်ကျင်နေကြပေမဲ့ ကံ့ကော်ရနံ့သီချင်းသံတွေ၊ လတ်ဆတ်မှုနဲ့ရင်ခုန်ခြင်းအိပ်မက်တွေကြားမှာ ကျောင်းသားတွေ နုပျိုတက်ကြွနေကြတယ်။ ဒါပေမဲ့ ရုတ်ချည်းဆိုသလိုပဲ တက္ကသိုလ်ဆောင်တွေပေါ်ကို ကျီးကန်းအုပ်တွေနဲ့ ငှက်ဆိုးတွေ ပျံဝဲလာခဲ့တယ်။ ဗိုလ်ချုပ်ခင်ညွှန့်က “မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေရဲ့ညနေစာ စားပွဲတွေကိုကျင်းပပြီး လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ညနေစာလာစားလေ့ရှိတယ်။
သူက စစ်ကိုင်းဆောင်ကျောင်းသားဟောင်းလို့ဆိုတယ်။ ဟုတ်သလားမသိပါဘူး။
သူတို့မှာ လံကြုတ်ဇာတ်လမ်းတွေကလည်းအများသားဆိုတော့ မြစ်ထဲရေရှိတယ်ပြောရင်တောင်မှ
ပြေးကြည့်ရအုံးမှာ။ ကားပေါ်ကနေ ဆင်းလာတဲ့သူ့ရဲ့ပုံ ကို ကြည့်ရတာ၊ ကိုယ့်ဘာသာ ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံပဲ။ ကျောင်းသားတွေက သူ့ကို မျက်စောင်းထိုးကြည့်နေလည်း၊သူကပြုံးပြီးလက်ပြနှုတ်ဆက်တယ်။
(သတင်းမှတ်တမ်း ကင်မရာတွေက ရိုက်နေတော့ သေချာလုပ်တာနေမှာပေါ့လေ)
သူတို့ကလည်းသေချာပေါက်တွက်ထားပုံရတယ်။ ဒီမျိုးဆက်ပြီးရင်၊တက္ကသိုလ်ကျောင်းသားတွေကိုသူတို့ပြန်ထိန်းချုပ်လို့ရပြီလို့။ ထင်နေတယ်။မကြာဘူး။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုထဖြစ်တော့တယ်။
၁၉၉၆ ဒီဇင်ဘာ (၃၁) သတင်းစာရှင်းလင်းပွဲမှာ မျက်နှာတခုလုံးမဲပြီး စိတ်ပျက်ဒေါသထွက်နေတဲ့သူ့ပုံကို
ကြည့်ပြီးကျောင်းသားတွေသဘောကျခဲ့ကြတယ်။

အော်---ခုတော့လည်း ရွာကဘုရားဖူးလာတဲ့အဘ အပူရှပ်ပြီး တရှောင်ရှောင်ဖြစ်နေတုံး
အာဏာပိုင်တွေက ခေါ်ယူမေးမြန်းခံရတဲ့အဖြစ်လိုဖြစ်နေတော့တယ်။
( ဖြစ်နိုင်တာကတော့ အတိုက်အခံတွေအပေါ် ဘယ်လိုမာယာသုံးပြီး ဖြိုခွဲသင့်သလဲ
သွားမေးတာနဲ့တူပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့် ကို မာယာညွှန့်အဖြစ်လူသိများတာမို့လား)

ဗမာပြည်မှာ၊ညအချိန်မတော် ငှက်ဆိုးထိုးသံလိုရောက်လာပြီး ခြိမ်းခြောက်နှိပ်စက်ခံရမှုမျိုးစုံနဲ့ မိသားစုတွေဖရိုဖရဲဘဝပျက်ခဲ့ကြတယ်။ စစ်ကြောရေးစခန်းတွေမှာ လူမဆန်တဲ့ နှိပ်စက်နည်းပေါင်းစုံနဲ့ နိုင်ငံရေးလုပ်သူတွေကို ဘဝတွေကျိုးကြေစုတ်ပြတ်သွားအောင်၊အဓိက ကျူးလွန်ခဲ့သူတွေက စစ်ထောက်လှမ်းရေးတွေပါပဲ။ သူတို့ကို ခွင့်လွှတ်စိတ်နဲ့တွေးကြည့်ဖို့ဆိုတာ
တော်တော်လေးကိုခက်တဲ့ကိစ္စပဲ။တခုတော့ရှိတယ်။အာဏာပြိုင်ဆိုင်မှုမှာ ရှုံးနိမ့်ထွက်ပြေးခဲ့ရတဲ့
စစ်ထောက်လှမ်းရေးဟောင်းတွေက ဗိုလ်ချုပ်သန်းရွှေနဲ့အမာခံလူတွေကို လုပ်ကြံသတ်ဖြတ်ပြနိုင်မယ်ဆိုရင်တော့ ပြည်သူတွေက နားလည်ခွင့်လွှတ်ပေးနိုင်ပါတယ်။
ကဲ စစ်ထောက်လှမ်းရေးဟောင်းများ ဘယ်လိုလဲ။
တချိန်တုံးက လျှမ်းလျှမ်းတောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အတွက် ပြန်လည်ခံစားမှုသီချင်းတွေ
အောက်မေ့ရင်း ဘဝသစ်တခုကို လိပ်ပြာသန့်သန့် တွယ်ဖက်စေချင်ပါတယ်။


ဝိုင်းရံပိတ်ဆို့မှုတွေဆီက လွတ်မြောက်ရေး

Sunday, November 21, 2010 0 comments




၁၉၆၇ ဂရိနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတော့ အေသင်မြို့မှာတည်ရှိတဲ့ အမေရိကန်သံရုံးတာဝန်ခံ ဖိလစ်ပ် တော်လ်ဘော့တ် က
“ ဒီမိုကရေစီကို မုဒိမ်းကျင့်လိုက်ခြင်းဖြစ်တယ်” လို့ ကောက်ချက်ချခဲ့တယ်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရှုတ်ချဖို့အတွက် အေသင်မြို့ရဲ့စီအိုင်အေ အကြီးအကဲ ဂျက်မောရီ ( Jack Maury) ထံ ဖုံးဆက်ခဲ့တယ်။ “ ဂျက်” ရဲ့တုန့်ပြန်မှုက ကြက်သီးထစရာကောင်းတယ်။ “ ဖာသည်မတယောက်ကို ဘယ်လိုလုပ် မုဒိမ်းကျင့်မှာလဲ” တဲ့။

(၁)

ဥရောပချဲ့ထွင်ပေါင်းစည်းမှု ( European Integration) ဘာသာရပ်ကို လေ့လာခဲ့စဉ်က စာတမ်းလေးတခုတင်ခဲ့ဘူးတယ်။
ပေါ့တ်(စ)ဒမ် ညီလာခံ ကို တက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးတွက်ချက်မှုအကြောင်းပါ။ ဒီညီလာခံဟာ ၁၉၄၅ ဂျူလိုင်-
သြဂတ်စ် လအတွင်းမှာ ကျင်းပခဲ့တယ်။အချက် (၄) ချက်က ဒီညီလာခံတခုလုံးကို သံသယတွေနဲ့ချည်နှောင်ထားတယ်။

(၁) ဆိုဗီယက်ပြည်ထောင်စုဟာ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို လွှမ်းမိုးသိမ်းပိုက်လာတယ်။ တပ်နီဟာ ဘောလ်တစ်နိုင်ငံ၊
ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ရိုမေးနီးယား၊ ဘူဂေးရီးယား၊ ဟန်ဂေရီ နိုင်ငံတွေကို ထိန်းချုပ်လာနိုင်ခဲ့တယ်။ ကွန်မြူနစ်ခေါင်းဆောင်
စတာလင် က ပိုလန်မှာ ကွန်မြူနစ်အစိုးရကိုအသက်သွင်းလိုက်တယ်။
အမေရိကန်ပြည်ထောင်စုနဲ့ဗြိတိန်တို့က ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြတယ်။

(၂) ဗြိတိန်ရွေးကောက်ပွဲမှာ လေဘာပါတီခေါင်းဆောင်၊အက်တလီ က ပေါ့ဒ်(စ)ဒမ်ညီလာခံကို အာဂျင်တာအသစ်တွေ
သယ်ဆောင်လာခဲ့တယ်။

(၃) အမေရိကန်ပြည်ထောင်စု မှာ လည်း သမ္မတသစ် “ထရူးမင်း” ကို ရွေးချယ်လိုက်ကြတယ်။ ထရူးမင်း က စတာလင်ရဲ့ မြန်ဆန်သန်မာတဲ့အင်အားတွေကို ပြန်လည်ထိန်းချုပ်ရမယ်ဆိုတဲ့အတွေးအခေါ်နဲ့ ဒီညီလာခံကို ပုံဖေါ်ဖို့ပြင်ဆင်လိုက်တယ်။

(၄) ဆိုဗီယက်ခေါင်းဆောင်စတာလင် ကလည်း ဗြိတိန်နဲ့အမေရိကန်ပြည်ထောင်စုရဲ့ခြေလှမ်းတွေကို လုံးဝအယုံအကြည်မရှိဘူး။ အမေရိကန်ပြည်ထောင်စု က Atomic Bomb ကို စတင်စမ်းသပ်ခဲ့တယ်။




တကယ်တော့ ပေါ့ဒ်(စ်) ဒမ် ညီလာခံဆိုတာ ကွန်မြူနစ်ခေါင်းဆောင်နဲ့ လစ်ဘရယ်ဒီမိုကရေစီခေါင်းဆောင်တွေပေါင်းပြီး
ဂျာမဏီစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်သားတွေအဖြစ်အပြစ်ပေးရမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေအပါအဝင် စစ်အပြီး အခင်းအကျင်းကို ဘယ်လိုခွဲဝေကြမလဲဆိုတာကိုဆွေးနွေးခဲ့ကြတာဖြစ်တယ်။ ဒါပေမဲ့ စစ်အေးတိုက်ပွဲ ကို စတင်မဲ့ ခြေလှမ်းတွေကလည်း
အဲ့ဒီ ညီလာခံမှာ စတင်ခဲ့ကြတယ်။

(၂)

အီရန်နိုင်ငံမှာ တပ်စွဲထားတဲ့ ဆိုဗီယက်တပ်နီတော် က ဆုတ်ခွာမသွားခဲ့သေးဘူး။ အမေရိကန်သမ္မတ ထရူးမင်းက နေတိုးစစ်အုပ်စုရဲ့
ဆက်သွယ်ရေးလမ်းကြောင်းကို ဂရိနိုင်ငံ မှ နော်ဝေနိုင်ငံအထိ စက်ဝန်းလမ်းကြောင်းပုံစံတလျှောက်ဖြန့်ကျက်လိုက်တယ်။
ဂရိ၊ တူရကီ၊ အီရန်နိုင်ငံတွေဟာ ဆိုဗီယက်လွှမ်းမိုးမှုနိုင်ငံတွေအဖြစ်ကျရောက်မသွားဖို့အတွက် ထိန်းချုပ်တားဆီးမှုတွေကို စတင်လိုက်တယ်။ အထူးသဖြင့် ဂရိနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကွန်မြူနစ်သူပုန်ထမှုတွေကို ဆိုဗီယက်တွေရဲ့လက်ချက်အဖြစ်
ရှုမြင်ခဲ့ကြတယ်။ ဂရိ ၊ တူရကီ၊ အီရန်နိုင်ငံတွေမှာ စီအိုင်အေနဲ့လက်တွဲလုပ်နိုင်မဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအမာခံအင်အားစုတွေကို စုစည်းလိုက်တယ်။ ဒါကြောင့်လည်း ၁၉၆၇ ဂရိရွေးကောက်ပွဲမှာ လက်ဝဲအုပ်စုတွေအနိုင်ရတော့မယ်ဆိုတာကို သိနေတဲ့
အမေရိကန်ပြည်ထောင်စုဟာ ဂရိနိုင်ငံကို ကွန်မြူနစ်လက်အောက် မကျရောက်ရေးအတွက်၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ထောက်ခံအားပေးခဲ့တယ်။

(၃)


ဘယ်လို စိတ်ဓါတ်ဝိညာဉ်တွေ ၊ဘယ်လို နှလုံးသားတွေ၊

ဘယ်လို အလိုဆန္ဒရမက်ဇောတွေနဲ့ ငါတို့ရဲ့ဘဝတွေကို ရှင်သန်ကြမှာလဲ တဲ့


(၁၉၆၃) ခုနှစ် ဂရိနိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျော့ ဆက်ဖာရက် ရဲ့“ငြင်းဆန်မှု”ကဗျာမှာ ပါတဲ့ စာကြောင်းလေးတွေပါ။
သူက စစ်အာဏာရှင်တွေကို ဆန့်ကျင်ကြဖို့ တက်တက်ကြွကြွနိုးဆော်ခဲ့သူဖြစ်တယ်။ ဥရောပသသမဂ္ဂထဲမှာ တူရကီကို
အဖွဲ့ဝင်အဖြစ်လက်ခံ၊ မခံ ငြင်းခုန်ကြတုန်းက ဂျော့ ဆက်ဖာရက် ရဲ့ ကဗျာကို ဥရောပပေါင်းစည်းရေးစာသင်ခန်းထဲမှာ
ဝေငှကြည့်ခဲ့ဘူးတယ်။ ဥရောပ သမဂ္ဂမှာ အဖွဲ့ဝင်နိုင်ငံဖြစ်ချင်တယ်ဆိုရင် တူရကီနိုင်ငံဟာ အာဏာရှင်ဆန်တဲ့နိုင်ငံရေးကို စွန့်လွှတ်ရမယ် ဆိုတဲ့တောင်းဆိုမှုတခုပါတယ်။ ဒါဆို ၁၉၆၇ တုန်းက ဂရိစစ်အာဏာသိမ်းခေါင်းဆောင်တွေကိုနေတိုးစစ်အုပ်စုက လက်ခံထားခဲ့တာဟာ ဥရောပလူ့အခွင့်အရေး သဘောတူညီမှုကို ချိုးဖောက်တာဖြစ်တယ် လို့အားလုံးက တညီတညွတ်တည်းသဘောတူကြတယ်။
ဒါပေမဲ့ လူ့အခွင့်အရေးကိစ္စတွေ ဆိုတာ နိုင်ငံခြားရေးပေါ်လစီတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင
်ဒုတိယအတွေးလောက်သာတည်ရှိနေတာဖြစ်တယ်။ နိုင်ငံခြားရေးမူဝါဒဆိုတာ မိမိတိုင်းပြည်အကျိုးစီးပွားအတွက်
အသက်တမျှအရေးကြီးတဲ့အရာဖြစ်တယ်။ သူများနိုင်ငံခြားရေးမူဝါဒအပြောင်းအလဲတွေပေါ်မှာ ဝမ်းနည်းနေချိန်မရှိ တဲ့။
ဂရိပြည်သူတွေသူတို့ဘာလုပ်ရမယ်ဆိုတာ ကို သဘောပေါက်နေကြတယ်။ ဂရိရုပ်ရှင်အနုပညာရှင်တွေကလည်း

“ Your Neighbor’s Son” ဆိုတဲ့ ရုပ်ရှင်ကားကိုဖန်တီးလိုက်ကြပြီး ဂရိစစ်ရဲတွေရဲ့ရက်စက်မှုတွေအကြောင်းဖေါ်ထုတ်ပြကြတယ်။

ဒါပေမဲ့ ဒီရုပ်ရှင်တွေကို ဂရိနိုင်ငံမှာ ပြသခွင့်မပြုခဲ့ဘူး။ ဂရိစစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေ ပိုမိုပြင်းထန်လာခဲ့တယ်။

နေတိုးစစ်အုပ်စုနဲ့ ကင်းလှည့်ထွက်နေတဲ့ ဂရိစစ်အရာရှိတွေ စစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံကို မပြန်တော့ဘူးလို့ကြေငြာလိုက်ကြ

တယ်။နိုဝင်ဘာ လ မှာ ဂရိစက်မှုတက္ကသိုလ်ကျောင်းသားတွေ သူတို့ရဲ့တက္ကသိုလ်နယ်မြေတခုလုံးကို သိမ်းပိုက်ဆန္ဒပြလိုက်ကြတယ်။


ဒီတပတ် လွတ်လပ်တဲ့အသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ဂရိနိုင်ငံက စစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဂုဏ်ပြုဆွေးနွေးထားပါတယ်။



နိုဝင်ဘာ အုံကြွမှု (သို့မဟုတ်) ပိတ်ဆို့မှုတွေကို တားဆီးထိုးဖောက်မည့်သူများ


“ ဒဏ်ရာရနေတဲ့ ရှေ့တန်းတပ်ဦးမှာ ဝိညာဉ် ကို ချိုမြစွာနဲ့လွတ်မြောက်မှုပေးပြီး အပြုံးတွေထဲလွှင့်တင်လိုက်ကြတယ်”



သောတရှင်များခင်ဗျား

၁၉ ရာစု ဂရိကဗျာဆရာ ဆိုလိုမော့စ် ရဲ့ “ ဝိုင်းရံပိတ်ဆို့မှုတွေဆီမှ လွတ်မြောက်ရေး” ဆိုတဲ့ ကဗျာကိုဖတ်ဖူးမိကြပါလိမ့်မယ်။ အော်တိုမန်အင်ပါယာစစ်တပ်ရဲ့ဝိုင်းရံပိတ်ဆို့မှုကို အညံ့မခံလက်နက်မချပဲ ပြန်လည် ခုခံခဲ့ကြတဲ့ ဂရိလွတ်လပ်ရေးတိုက်ပွဲဝိညာဉ်တွေအကြောင်း

ရေးဖွဲ့ခဲ့တာမို့ ကမ္ဘာကျော်ခဲ့ပါတယ်။တကယ်တော့ ဂရိနိုင်ငံဆိုတာ အနောက်တိုင်းယဉ်ကျေးမှုနဲ့ ဒီမိုကရေစီအတွေးအခေါ်မွေးဖွားထွန်းကားရာ

နေရာတခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့သလို လွတ်လပ်စွာတွေးခေါ်ရှင်သန်မှုတွေကိုအဆုံးသတ်ပစ်မဲ့အဖြစ်အပျက်တွေက

၁၉၆၇ ခုနှစ် ဧပြီလ (၂၁) မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ အေသင်မြို့ရဲ့အဓိကအချက်အချာကျရာလမ်းမတွေပေါ်မှာ

တင့်ကားတွေကနေရာယူလိုက်ကြပြီးအသံလွှင့်ရုံဆီမှာ စစ်သီချင်းတွေ ဆူညံလာခဲ့ပါတယ်။



“ အရာအားလုံးကို ငါတို့ဆုံးဖြတ်တယ်။ ငါတို့အမိန့်ပေးမယ် ဆိုတဲ့မိန့်ခွန်းတချို့က သီချင်းသံတွေကြားမှာ ဖြတ်ဖြတ်ပြီးဝင်လာတယ်။

စစ်အာဏာသိမ်းတယ်ဆိုတာကို တရားဝင်ကြေငြာလိုက်တယ်။ကျနော်တို့ ဂရိနိုင်ငံဟာ၁၉၄၄ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပေမဲ့

ကွန်မြူနစ်နဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအင်အားစုတွေကြားမှာ ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကြောင့်နိုင်ငံရေးမတည်ငြိမ်ခဲ့ဘူး။

၁၉၆၇ မှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်ထားခဲ့ပေမဲ့ အဲ့ဒီရွေးကောက်ပွဲမှာ လက်ဝဲအုပ်စုတွေနဲ့မဟာမိတ်လုပ်ထားတဲ့

နိုင်ငံရေးသမားတချို့အနိုင်ရနိုင်တယ်။ တိုင်းပြည်ဟာ ကွန်မြူနစ်တွေလက်ထဲ ကျရောက်သွားနိုင်တယ်ဆိုတဲ့

စိုးရိမ်စိတ်ရှိသူ စစ်အရာရှိတွေက အာဏာသိမ်းဖို့ကြံစည်နေခဲ့ကြတယ်လေ။”



စစ်ခေါင်းဆောင် ပါပါဒိုပေါလော့စ် အပါအဝင် ဗိုလ်မှူးသုံးယောက်က ဦးဆောင်ပြီး ဂရိနိုင်ငံရဲ့စစ်ဗိုလ်ချုပ်အကြီးအကဲ နဲ့ ဝန်ကြီးချုပ်ကို စတင်ဖမ်းဆီးပစ်လိုက်ပါတယ်။ ထင်ရှားတဲ့နိုင်ငံရေးသမားတွေနဲ့ ကွန်မြူနစ်တွေနဲ့ နီးစပ်သူတွေလို့ ယူဆရသူ ပြည်သူ တသောင်းနီးပါးကို

အေသင်မြို့ပြင်က အဆောက်အဦတွေမှာဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ စစ်ကြောရေးစခန်းတွေမှာ လူတွေကို လက်သည်းခွံ၊

ခြေသည်းခွံခွာနှိပ်စက်မှုတွေအပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့စစ်ကြောနည်းတွေဟာ မြို့တော်တွေမှာ နားနဲ့မဆန့်အောင်

ကြားနေခဲ့ရပါတယ်။ ဒါကြောင့်လည်း စက်ကန်ဒီနေးဗီးယန်းနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊နော်ဝေ၊ဆွီဒင်၊နယ်သာလန်နိုင်ငံတွေက ဥရောပနိုင်ငံ

လူ့အခွင့်အရေးသဘောတူညီမှုတွေကို ချိုးဖောက်နေတယ် လို့ စွပ်စွဲလိုက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချခဲ့ကြပါတယ်။

“ စစ်အေးတိုက်ပွဲကာလလေဗျာ။ ဂရိနိုင်ငံမှာ စစ်အာဏာရှင်တွေ ကြီးစိုးလာပြီဆိုတာသိနေပေမဲ့ အမေရိကန်နဲ့အနောက်အုပ်စုအတွက်တော့

ဂရိ နဲ့ အီရန်နိုင်ငံကို ဆိုဗီယက်ကွန်မြူနစ်တွေရဲ့ လွှမ်းမိုးကျူးကျော်မှုထဲမှာ ကျရောက်မသွားဖို့ ပို အရေးကြီးတယ်မို့လား”

စစ်အာဏာသိမ်းအစိုးရရဲ့ရက်စက်ဖိနှိပ်မှုကိုသိနေပေမဲ့ နေတိုးစစ်အုပ်စုဟာ ဂရိနိုင်ငံကိုအဖွဲ့ဝင်နိုင်ငံတနိုင်ငံအဖြစ်ဆက်လက်ထားရှိခဲ့ပါတယ်။

ဒါကြောင့်လည်း စစ်ခေါင်းဆောင် ပါပါဒိုပေါလော့စ်ရဲ့အစိုးရဟာ အာဏာတည်မြဲနေခဲ့ပါတယ်။ ဂရိပြည်သူတွေဟာ နိုင်ငံတကာရဲ့

ရပ်တည်ချက်သဘောထားတွေကို မနှစ်မြိုစွာခံစားခဲ့ကြပေမဲ့ အားလျော့စိတ်ပျက်မှုမဖြစ်ခဲ့ကြပါဘူး။

၁၉၆၈ မှာ ဒီမိုကရက်စီရေးခုခံကာကွယ်မှုအပါအဝင် စစ်အစိုးရဆန့်ကျင်ရေးအင်အားစုတွေဟာ ပြည်တွင်းပြည်ပမှာ အားကောင်းလာခဲ့ပါတယ်။



“ စာပေနဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရခဲ့တဲ့ ဂီယိုဂေါ့စ် ဆက်ဖာရစ် လိုပုဂ္ဂိုလ်တွေက အစ ဘီဘီစီအင်တာဗျုးတခုမှာ

ဒီလိုမှားယွင်းမှုတွေကို ရပ်ဆိုင်းပစ်ရမယ် ဆိုပြီး စစ်အာဏာရှင်တွေကို ဆန့်ကျင်ကြဖို့ ပြတ်ပြတ်သားသားပြောခဲ့တယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးကို သူမမြင်လိုက်ရဘူး။ကွယ်လွန်သွားခဲ့တယ်။ သူ့ရဲ့ဈာပနအခန်းအနားမှာ သောင်းချီနေတဲ့လူထုဟာ

ချီတက်ဂါရဝပြုလိုက်ကြပြီးစစ်အစိုးရရဲ့ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့သူ့ရဲ့စကားလုံးတွေကို လက်ဆင့်ကမ်းအော်ဟစ်လိုက်ကြတယ်”



ဂရိအနုပညာရှင်တွေရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေက အားပြင်းလာခဲ့ပါတယ်။

အတိုက်အခံနိုင်ငံရေးခေါင်းဆောင်ကိုလုပ်ကြံသတ်ဖြတ်မှုကို ဖေါ်ထုတ်တင်ပြထားတဲ့ “ဇီ” ရုပ်ရှင်ကား၊ လူငယ်တွေကို ဂရိစစ်ရဲအဖွဲ့အတွင်းမှာ အဖွဲ့ဝင်အဖြစ်ဆွဲသွင်းပြီး စစ်ကြောရေးစခန်းတွေမှာ လူထုကိုနှိပ်စက်စစ်ကြောနေတဲ့ဖြစ်ရပ်တွေကို “သင့် အိမ်နီးနားချင်းရဲ့သား” ရုပ်ရှင်ကားတွေကို ဖန်တီးကြပြီး စစ်အစိုးရရဲ့ဖိနှိပ်မှုတွေကိုဖွင့်ချကြပါတယ်။ ဂရိအစိုးရက အဲ့ဒီရုပ်ရှင်တွေကို ပြည်တွင်းမှာ ပြသခွင့်မပြုခဲ့ပါဘူး။



“ ဂရိလွတ်မြောက်ရေးလှုပ်ရှားမှုတိုင်းမှာ ကျောင်းသားတွေဟာ တက်တက်ကြွကြွပါဝင်လေ့ရှိတယ်။

စစ်အာဏာသိမ်းအစိုးရရဲ့ကျောင်းသားသမဂ္ဂဖွဲ့စည်းမှုကို ပိတ်ပင်တားဆီးထားတာကြောင့် ၁၉၇၀မှာ တက္ကသိုလ်ကျောင်းသားတဦး ကိုယ့်ကိုယ်ကို

သတ်သေဆန္ဒပြခဲ့ဘူးတယ်။ ၁၉၇၃ မှာ စစ်အာဏာရှင်တွေက သတင်းလွတ်လပ်ခွင့်အပါအဝင် လူထုရွေးချယ်တင်မြောက်တဲ့

အရပ်သားအစိုးရစံနစ်ဆီကိုပြန်သွားမယ်လို့ကြေငြာလိုက်တယ်။ အေသင် စက်မှုတက္ကသိုလ်ကျောင်းသားတွေဟာ အစိုးရရဲ့

တက္ကသိုလ်ကျောင်းတွေမှာမတရားသဖြင့်ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ဝေဖန်ဆန့်ကျင်ပြီး ဆန္ဒပြကြတယ်။ တက္ကသိုလ်ကျောင်းဝင်းတခုလုံးကို သိမ်းပိုက်ထားလိုက်ကြတယ်။ စစ်အစိုးရကလည်းကျောင်းဝင်းတခုလုံးကို ပိတ်ဆို့ဝိုင်းရံထားလိုက်တယ်လေ။

ဂရိစက်မှုတက္ကသိုလ်ကျောင်းသားတွေဟာသူတို့ကိုယ်သူတို့ “ပိတ်ဆို့မှုကိုလွတ်မြောက်အောင်လုပ်မည့်သူများ” လို့ကြွေးကြော်လိုက်ကြပြီး၊

စစ်အစိုးရကို အာခံလိုက်ကြတယ်။ ထင်ရှားတဲ့ သတင်းသမားတွေ၊ အလုပ်သမားတွေလည်း ကျောင်းသားဆန္ဒပြပွဲဆီ

လာရောက်ပူးပေါင်းဟောပြောကြတယ်”



စစ်အစိုးရကလည်း တက္ကသိုလ်နယ်မြေတခုလုံးကိုတင့်ကားတွေနဲ့ချီတက် သိမ်းပိုက်လိုက်ပါတယ်။

အကြမ်းဖက်ဖြိုခွဲတာကြောင့် လူ (၄၃) ယောက်ကျော်သေဆုံးခဲ့ပါတယ်။ ဂရိတက္ကသိုလ်ကျောင်းသားအုံကြွမှုအပေါ်ရက်စက်စွာ

နှိမ်နှင်းခဲ့မှုကြောင့် အချို့စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့အစိုးရကို စိတ်ပျက်လာခဲ့ကြပါတယ်။ ဒါကြောင့်လည်း နေတိုးစစ်အုပ်စုနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ကင်းလှည့်ခဲ့သူနီကိုးလပ်စ် ပက်ပါစ် နဲ့ ဂရိစစ်သားတွေ စစ်အစိုးရကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ နိုင်ငံကိုပြန်မလာ

တော့ဘူးဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။



သောတရှင်များခင်ဗျား

ဂရိအစိုးရဟာ ပြည်တွင်းနိုင်ငံရေးမငြိမ်သက်မှုတွေကို ဖြေရှင်းနေရချိန်မှာ အန္တရာယ်ဆိုးတခုကိုထပ်မံရင်ဆိုင်လိုက်ရပါတယ်။

တူရကီ စစ်တပ်ဟာ ဆိုက်ပရပ်စ်ကျွန်းကို ဝင်ရောက်ကျူးကျော်တိုက်လိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။

လူမျိုးစုအရေးနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံနဲ့ဖြစ်ပွားရမဲ့စစ်ပွဲအပေါ်မှာအမြင်တွေကွဲခဲ့ကြပြီး ဂရိနိုင်ငံရဲ့စစ်အစိုးရဟာ နိုင်ငံကို

ဆက်လက်အုပ်ချုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ နောက်တက်လာတဲ့အရပ်သားအစိုးရက ၁၉၆၇ စစ်အာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့

ဗိုလ်မှူး (၃) ယောက်လုံးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်အသီးသီးအပြစ်ပေးခဲ့ကြပါတယ်။

သောတရှင်တို့လည်း မှားယွင်းမှုတွေကို ပြန်လည်တည့်မတ်ပေးနိုင်တဲ့သူတွေဖြစ်ကြပါစေ။



အောင်မိုးဝင်း



အယ်ဘတ်တို ဖူဂျီမိုရီ

0 comments


စစ်အာဏာရှင်တွေက၊လက်ဝါးကြီးအုပ်လိမ်လည်တဲ့ရွေးကောက်ပွဲတွေဆိုတာ တခါတလေသူတို့ဘဝတွေကို အဆုံးသတ်စေမဲ့
ဲ့ပြိုင်ဆိုင်မှုတွေဖြစ်နေတတ်ပါတယ်။ရွေးကောက်ပွဲမဲလိမ်မယ်၊ မဲဝယ်မယ်။ လဒ်ထိုးမယ်။ ကိုယ့်ရဲ့အနာဂတ်ကို၊ လုံခြုံစိတ်ချရမဲ့
အခြေခံဥပဒေတွေကို ရေးဆွဲမယ်၊--- စတဲ့အချက်တွေဆိုတာ၊အာဏာရှင်တွေလုပ်နေကြအလုပ်တွေပါ။ သိတ်ဆန်းကြယ်လှတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ မလုံခြုံမှုတွေ၊ သံသယတွေ၊ကြောက်ရွံ့မှုတွေနဲ့
တည်ဆောက်ထားတဲ့နိုင်ငံရေးစံနစ်ဆိုတာ၊ရေရှည်တည်တံ့ခိုင်မြဲနိုင်ပါရဲ့လား။
ဒီတပတ် အင်္ဂါနေ့ညပိုင်း၊လွတ်လပ်တဲ့အာရှအသံမှာ ဆွေးနွေးထားတဲ့ ပီရူးနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို လေ့လာကြည့်ကြရအောင်ပါ။

“ဖူဂျီရှော့” ( Fujishock) ဆိုတဲ့ဝေါဟာရ ဆိုတာ ပီရူးနိုင်ငံမှာ အရှေ့အာရှနွယ်ဖွားထဲက ပထမဆုံးသမ္မတဖြစ်လာသူ
“ အယ်ဘတ်တို ဖူဂျီမိုရီ” ကို ဂုဏ်ပြုခေါ်ဆိုတဲ့ အသုံးအနှုန်းတခုပဲဖြစ်ပါတယ်။ သူဟာ စီးပွားရေး အကြပ်အတည်းတွေ
ဆိုက်ရောက်နေတဲ့ ပီရူးနိုင်ငံကို ဂလိုဘယ်စီးပွားရေးထဲမှာ တည်တည်ငြိမ်ငြိမ်ရပ်တည်နိုင်အောင်ကြိုးစားခဲ့သူတဦးဖြစ်ပါတယ်။
၎ နှစ်အတွင်းမှာ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှု နှုန်းဟာ ၁၃ ရာခိုင်နှုန်းထိတိုးတက်လာခဲ့ပြီး ကမ္ဘာမှာ စီးပွားရေးတိုးတက်မှု
အမြန်ဆန်ဆုံးနိုင်ငံတခုဖြစ်လာခဲ့ပါတယ်။

“ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့ပေမဲ့ ၁၉၈၀ ကတည်းကဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကိုတော့ မဖြေရှင်းနိုင်ခဲ့ဘူး။
မော်ဝါဒီတွေ ဟာ ပီရူးနိုင်ငံတောင်ပိုင်း၊ အလယ်ပိုင်းရွာတွေအားလုံးကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပြီး ဖူဂျီမိုရီ အစိုးရကို
ပျောက်ကြားစစ်ဆင်နွဲခဲ့တယ်။ နိုင်ငံရေးအကြပ်အတည်းတွေကို အဆုံးသတ်ချင်တဲ့ ဖူဂျီမိုရီဟာ ၁၉၉၂ မှာ ကွန်ဂယက်ကို
ဖျက်သိမ်းပစ်လိုက်တယ်။ အခြေခံဥပဒေကို ဆိုင်းငံ့ထားလိုက်တယ်။ “ ဒီမိုကရေစီအစစ်အမှန်ကို ဆွေးနွေးညှိနှိုင်းဖို့ မဟုတ်ဘူး။ ပိုမိုထိရောက်တဲ့ ဒီမိုကရေစီစံနစ်ကို အသွင်ပြောင်းဖို့ဖြစ်တယ်” ဆိုပြီး အာဏာသိမ်းမှုကို သူကိုယ်တိုင်လုပ်တာဖြစ်ကြောင်း
ကြေငြာခဲ့တယ်။အမေရိကတိုက်နိုင်ငံများအဖွဲ့အစည်းက သူ့ရဲ့အာဏာသိမ်းမှုကို ရှုတ်ချခဲ့ကြပြီး ဒီမိုကရေစီစံနစ်ကိုပြန်သွားဖို့
တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ဖူဂျီမိုရီ က အခြေခံဥပဒေသစ်ကိုရွေးဆွဲခဲ့ပြီး သူ့ရဲ့အာဏာသိမ်းမှုကို တရားဝင် ထောက်ခံမဲ့
လူထုဆန္ဒခံယူပွဲကို ကျင်းပခဲ့တယ်။ ဒီမိုကရက်တစ် ကွန်ဂယက်အတွက် ရွေးကောက်ပွဲသစ်ကျင်းပပေးခဲ့တယ်”

ဖူဂျီမိုရီ ရဲ့အာဏာရှင်ဆန်ဆန်လုပ်ကိုင်နေမှုကို ဆန့်ကျင်တဲ့အနေနဲ့ အာဂျင်တီးနား၊ဗင်နီဇွဲလားနဲ့ ချီလီနိုင်ငံတို့က
သံတမန်ဆက်ဆံရေးဖြတ်တောက်ပစ်ခဲ့သလို၊ အမေရိကန်၊ ဂျာမဏီ နဲ့ စပိန်တို့ကလည်း ငွေကြေးအကူအညီတွေရပ်ဆိုင်းခဲ့ပါတယ်။
နိုင်ငံရေးအကြမ်းဖက်မှုတွေဟာ စီးပွားရေးနလံထမှုစီမံကိန်းတွေကို ထိခိုက်စေနိုင်တာကြောင့် အိုင်အမ်အက်ဖ် လိုအဖွဲ့အစည်းတွေနဲ့
လည်းပြဿနာဖြစ်လာခဲ့ပါတော့တယ်။

“၁၉၉၃ မှာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ခါ ဖူဂျီမိုရီပဲအနိုင်ရခဲ့တယ်။ သူဟာ ပြည်သူတွေကြားမှာ တစုံတရာလူကြိုက်များခဲ့ပေမဲ့
အာဏာသိမ်းယူစဉ်ကတည်းက ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို နိုင်ငံရေးအင်အားစုတွေက ထုတ်ဖေါ်ဝေဖန်လေ့ရှိတယ်။
အထူးသဖြင့် “ဂရူပို ကိုလီနာ” လို့ခေါ်တဲ့ လုပ်ကြံသတ်ဖြတ်ရေးယူနစ်တွေ ရဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေ။
၁၉၉၂ မှာ လီမာမြို့ရဲ့ ကွန်တူတာတက္ကသိုလ်မှာ ပါမောက္ခတွေနဲ့ကျောင်းသားကိုးယောက်ကို အစုလိုက်အပြုံလိုက်
ဝင်သတ်ခဲ့တာတွေ၊ ကွန်မြူနစ်သူပုန်တွေခိုအောင်းတဲ့နေရာဆိုပြီး လူပေါင်းများစွာကိုမှားယွင်းသတ်ဖြတ်ခဲ့မှုတွေ နဲ့ သတင်းထောက်တွေကို ပြန်ပေးဆွဲ အစဖျောက်မှုတွေကတော့ အဆိုးဆုံးရာဇဝတ်မှုတွေပေါ့”

ဒီမိုကရက်တစ် ကွန်စတီကျူးရှင်းကွန်ဂယက်က လူသတ်ပွဲတွေကို စုံစမ်းစစ်ဆေးဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ ကာကွယ်ရေးဗိုလ်ချုပ် နီကိုလပ်စ် ရီအို က တင့်ကားတွေကို လမ်းမပေါ်မှာ နေရာယူပြလိုက်ပြီး၊ သူ့ရဲ့စစ်တပ်ကို စော်ကားမဲ့
အရာမှန်သမျှကို တခုမှလက်ခံမှာ မဟုတ်ဘူး လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ကွန်ဂယက် ကလည်း နောက်ဆုတ်သွားခဲ့ရပါတယ်။
နောက်မကြာခင်မှာ ဂရူပို ကိုလီနာ အဖွဲ့ဝင်တချို့ကို ခုံးရုံးတင်စစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ ပီရူးသမ္မတ ဖူဂျီမိုရီ ကလည်း အငြင်းပွားဘွယ် ဥပဒေတွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့ဒီ ဥပဒေတွေအရ လက်နက်ကိုင်တပ်တွေ ရဲ့
လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ သူတို့အပေါ် စွပ်စွဲ ဖမ်းဆီးထားနေမှုတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ကွန်ဂယက်ဟာ အခြေခံဥပဒေနဲ့ မညီညွတ်တဲ့ သမ္မတရဲ့ပြုမှုဆောင်ရွက်နေပုံကို ကန့်ကွက်ခဲ့ကြပေမဲ့ ဖိုဂျီမိုရီ က ဒုတိယဥပဒေသစ်တခုကို
ထပ်မံအတည်ပြုခဲ့ပါတယ်။ နိုင်ငံရေးအကြမ်းဖက်မှုတွေကို တရစပ်ကျူးလွန်ခဲ့ကြတဲ့ ဂရူပို ကိုလီနာအဖွဲ့ဝင်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်။ ဖူဂျီမိုရီ ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေသစ်နှစ်ခုလုံးကို အင်တာအမေရိကန်
လူ့အခွင့်အရေးကော်မရှင်က ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

“ ၁၉၉၅ ဆိုတာ ပီရူးနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲကို စတင်ဖို့တာစူနေကြတဲ့နှစ်ဆိုရင်မှားမယ်မထင်ဘူး ဖူဂျီမိုရီ ကို ဆန့်ကျင်ဖို့အတွက်
နိုင်ငံရေးအသိစိတ်ရှိတဲ့သူတွေက အင်အားစုတွေစုစည်းနေခဲ့ကြတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ သမ္မတဟာ
သက်တမ်းနှစ်ခုပဲရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဖူဂျီမိုရီ က အခြေခံဥပဒေကိုပြင်ဆင်လိုက်ပြီး ၂၀၀၀ ခုနှစ်မှာ ကျင်းပမဲ့
ရွေးကောက်ပွဲအတွက်တတိယသက်တမ်းအဖြစ်ရွေးချယ်ခံမယ်လို့ကြေငြာလိုက်တယ်။ ဒါပေမဲ့ အဲ့ဒီ ရွေးကောက်ပွဲဟာ
သူ့ဘဝကို အဆုံးသတ်စေမဲ့အရာဖြစ်တယ်ဆိုတာကို မျှော်လင့်ထားခဲ့ပုံမရဘူး။”

ပီရူးသမ္မတ ဖူဂျီမိုရီဟာ သူ့ရဲ့ညာလက်ရုံးဖြစ်တဲ့ ထောက်လှမ်းရေးအကြီးအကဲ“ဗလာဒီမီရို မွန်တက်စီနိုစ်” ကို
ငွေသန်းပေါင်းများစွာပေးခဲ့ပြီး ရွေးကောက်ပွဲဝင်မဲ့အတိုက်အခံ ကိုယ်စားလှယ်တွေကို လဒ်ထိုးဖျက်ဆီးခဲ့ပါတယ်။
နဂိုကတည်းက စစ်ထောက်လှမ်းရေးတွေရဲ့လူသတ်မှုတွေကို အော့နှလုံးနာနေတဲ့ ပြည်သူတွေဟာ ရွေးကောက်ပွဲကို
အဂတိလိုက်စားမှုတွေနဲ့ ဖူဂျီမိုရီ အနိုင်ရဖို့အတွက် ကြံစည်နေတဲ့ မွန်တက်စီနိုစ် ရဲ့ လှုပ်ရှားမှုကို နောက်ယောင်ခံ
လိုက်နေခဲ့ကြတယ်။ ရွေးကောက်ပွဲလိမ်လည်မှုတွေကို သိသွားတဲ့ပြည်သူတွေဟာ ဖူဂျီမိုရီ ကို ဆန့်ကျင်ဖို့အတွက်
အခွင့်ကောင်းတခုရလိုက်ကြပါတယ်။ “၂၀၀၀ ခုနှစ်မှာ ဖူဂျီမိုရီတယောက် ဂျပန်နိုင်ငံကိုထွက်ခွာနေတုံးမှာပီရူးနိုင်ငံရဲ့လမ်းမတွေပေါ်
ပြည်သူတွေက ဆန္ဒပြဖို့ထွက်လာခဲ့ပြီး၊ ထောက်လှမ်းရေးအကြီးအကဲမွန်တက်စီနို ကို ဖမ်းဆီးဖို့၊ သမ္မတအနေနဲ့
ရာထူးက နှုတ်ထွက်ပေးဖို့တောင်းဆိုကြတယ်။ ဖူဂျီမိုရီ က သူ့အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်တော့မှာမဟုတ်ကြောင်း
ဒေါသထွက်နေတဲ့လူထုကို ချွေးသိပ်ဖို့ကြိုးစားခဲ့တယ်။ နောက်ကျသွားခဲ့ပြီလေ။ ဆန္ဒပြပွဲတွေက အရှိန်ပြင်းထန်လာခဲ့တယ်။”

ဖူဂျီမိုရီ တယောက်သမ္မတရာထူးက နှုတ်ထွက်ဖို့ကြိုးစားခဲ့ပေမဲ့ ပြည်သူ့ကွန်ဂယက်က သူ့ရဲ့အဆိုပြုမှုကို ပယ်ချပစ်ခဲ့ပါတယ်။
သူ့ရဲ့ ငွေကြေးခြစားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားစွဲချင်နေကြတယ်။ ဒါကြောင့် ဖူဂျီမိုရီဟာ
ပီရူးနိုင်ငံကိုပြန်မသွားတော့ပဲ ပြည်ပြေးဘဝနဲ့ နေထိုင်နေခဲ့တယ်။ ဒါပေမဲ့ ၂၀၀၅ ခုနှစ်မှာ ချီလီနိုင်ငံဆီ အလည်ရောက်ရှိနေတဲ့
သူ့ကိုဖမ်းဆီးလိုက်ကြတယ်။ ဂရူပိုကိုလီနာ အဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြန်ပေးဆွဲမှုမှာ ပါဝင်
ပတ်သက်ခဲ့မှုကြောင့် ထောင်ဒဏ် (၂၅) နှစ်၊ ကွန်ဂယက်ရံပုံငွေ (၁၅) သန်းခွဲကို ထောက်လှမ်းရေးအကြီးအကဲထံ ထောက်ပံ့
ပေးခဲ့မှုအတွက် ထောင်ဒဏ် (၇) နှစ်ခွဲ၊ စုစုပေါင်းထောင်ဒဏ် (၃၂)နှစ်ခွဲပြစ်ဒဏ်ပေးခဲ့ပါတယ်။ ထောက်လှမ်းရေးအကြီးအကဲ
မွန်တက်စီနိုစ် ဟာ ပနားမားနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ယူခဲ့ပေမဲ့ဗင်နီဇွဲလားနိုင်ငံကို လာလည်စဉ် အဖမ်းခံလိုက်ရပြီး
ပီရူးနိုင်ငံဆီကို ပြန်လည်အပ်နှင်းခြင်းခံလိုက်ရပါတော့တယ်။
သောတရှင်တို့လည်း လူသားတွေအပေါ်ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူနိုင်ကြပါစေ။


အညွှန်း

The Fall of Fujimori သတင်းမှတ်တမ်းရုပ်ရှင် နှင့် Freedom House စာစဉ်သုံးသပ်ချက်များတွင်ပါဝင်သည့် အချက်အလက်များကို
သုံးစွဲခဲ့ပါတယ်။ ဖူဂျီမိုရီ ကို ပြစ်မှုပေါင်း (၂၅) မှု နဲ့ စွပ်စွဲပြစ်ဒဏ်ချမှတ်ခဲ့တဲ့ အကြောင်းအရာအသေးစိတ်တွေကို မှတ်တမ်းရုပ်ရှင်ခွေ
ထဲမှာ အသေးစိတ် ကြည့်နိုင်ပါတယ်။


ဖီးနစ်ငှက်တွေရဲ့ညနေခင်းပင်လယ်

0 comments


နိုင်ငံရေးအကျဉ်းသမားတချို့က သူတို့တတွေ အင်းစိန်ထောင်ထဲမှာ အကျဉ်းကျခံနေရစဉ် ဖန်တီးခဲ့တဲ့ အနုပညာတခုအကြောင်းကို ပြောပြကြဘူးတယ်။ ပါးစပ်နဲ့ ပြောဆိုထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းလေးတခုအကြောင်းပါ။ တကယ်တော့ အနုပညာ ကို နှလုံးသားနဲ့ အသေးစိတ်မှတ်ပြီး သူများကို လှလှပပပြန်ပြောတတ်တဲ့သူတွေ ဆိုတာ ညနေခင်းပင်လယ်ကမ်းခြေကို ခေါ်ယူသွားတဲ့ လူတယောက်ရဲ့အဖြစ်မျိုး လို နေမှာပေါ့ လို့ မှတ်ချက်ချမိတယ်။သူက ဘာလို့လဲ တဲ့ ပြန်မေးတယ်။
“ ခင်ဗျားစဉ်းစားကြည့်လေ၊ ထောင်ထဲမှာ ဒဏ်ရာနဲ့ရေးထားတဲ့ အနုပညာကို ပြန်ဖတ်ပြတယ် ဆိုတာ အဲ့သလိုပဲနေမှာပါ။
သေသေချာချာရှင်းပြရင် ပေါ့သွားမှာ စိုးလို့ ကိုယ့်ဘာသာ စဉ်းစား လို့ ( စဉ်းစားကြည့်ပေါ့)။တိုက်တိုက်ဆိုင်ဆိုင်၊
အာဖရိက အနောက်ခြမ်းက မာလီ အင်ပါယာအကြောင်း လေ့လာကြည့်တဲ့အချိန်မှာအကျဉ်းထောင်ထဲက
“ပါးစပ် မဂ္ဂဇင်းလေး” ကို ဖြတ်ကနဲ သွားသတိယမိတယ်။

မာလီ နိုင်ငံမှာ “ဂရီရော့တ်” လို့ ခေါ်တဲ့ တေးဂီတပညာရှင်တွေရှိတယ်။ သူတို့က ကဗျာရွတ်တဲ့ အခါ သံစဉ်တွေလို အနိမ့်အမြင့်ထည့်ပြီးရွတ်တယ်။ ကဗျာသီချင်းတွေက တဆင့် သမိုင်းတွေကိုပြောပြတယ်။ နိုင်ငံရေးသတင်းတွေကိုပြောသွားတယ်။
တကယ်တော့ အာဖရိက အနောက်ခြမ်းဒေသတွေမှာ “ဂရီရော့တ်” တေးဂီတသမားတွေဟာ (၁၄) ရာစုကတည်းက အရေးပါတဲ့ သူတွေဖြစ်တယ်။ တရားမျှတမှု၊ ကိုယ်ချင်းစာမှု၊ လွတ်လပ်မှုအကြောင်းတွေကို ရေးသားဟောပြောလေ့ရှိတဲ့ အနုပညာရှင်တွေဖြစ်တယ်။
အခုခေတ်မှာတော့ အာဖရိကအနောက်ခြမ်းနိုင်ငံတွေဆီက မြို့ကြီးတွေရဲ့ညဦးယံတွေမှာ ဂရီရော့တ် မြူးစစ်တော်လှန်ရေး
( Griot Music Revolution) သံစဉ်တွေက အရှိန်ပြင်းလာတယ်။ စစ်ပွဲတွေအကြောင်းကို နာနာကျင်ကျင်ဖောက်ခွဲတယ်။
လူမှုရေးပြဿနာတွေကိုပြောဆိုကြတယ်။ စင်မြင့် နောက်ကနေ အရောင်အမျိုးမျိုးထွက်နေတဲ့ မီးစလိုက်အပြောင်းအရွေ့တွေက ဗုံးကွဲနေတဲ့ လမ်းမတွေပေါ်ရောက်နေသလိုမျိုး၊ (ဒါမှမဟုတ်) မြို့ပျက်တခုအောက်မှာ အော်ဟစ်နေတဲ့
ခင်ဗျားရဲ့ခန္ဓာကိုယ်ကိုပြန်ကြည့်နေရသလိုမျိုး ခံစားရမယ်။
နောက်-- ခင်ဗျားလည်း ဒဏ်ရာရနေတဲ့ ကျားနာတကောင်လို အော်ဟစ်လိုက်မိလိမ့်မယ်။
အာဖရိကအနောက်ခြမ်းမှာ မြို့ရွာအနှံ့ခရီးလျှောက်သွားပြီး ပြည်သူလူထုကို အနုပညာနဲ့ အလင်းရောင်ပေးနေတဲ့ ဂရီရော့တ် ဆိုတဲ့
ဂီတသမားတွေ နိုင်ငံတိုင်းမှာ ရှိဖို့လိုအပ်ပါတယ်။
ဒီကနေ့ည လွတ်လပ်တဲ့အာရှအသံမှာ မာလီနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုအကြောင်းကို ဆွေးနွေးထားပါတယ်။


သောတရှင်များခင်ဗျား

အာဖရိကအနောက်ခြမ်းမှာ တည်ရှိတဲ့ မာလီ နိုင်ငံဟာ တချိန်တုန်းက မက်ဒီတေးရီးယန်းကမ္ဘာနဲ့အာဖရိက ဆာဟာရ ကမ္ဘာနှစ်ခုကြားမှာ
ရွှေ၊ အဘိုးတန်လူသုံးကုန်ပစ္စည်းနဲ့ ကျွန်ကုန်ကူးခြင်း လုပ်ငန်းတွေထွန်းကားခဲ့တဲ့ အင်ပါယာသုံးခုအနက် တခုဖြစ်ပါတယ်။
အင်ပါယာစစ်ပွဲတွေ၊ကြားမှာ ရာစုနှစ်များစွာဖြတ်သန်းခဲ့၊ ပြင်သစ် ကိုလိုနီဖြစ်ခဲ့တဲ့ မာလီနိုင်ငံဟာ ၁၉၆၀ မှာတော့လွတ်လပ်တဲ့နိုင်ငံတခုအဖြစ်
တည်ရှိခဲ့ပြီး “မိုဒီဘို ကီယက်တာ” ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ တပါတီဆိုရှယ်လစ်စံနစ်ကိုကျင့်သုံးခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်တဲ့အရှေ့အုပ်စုနဲ့နီးစပ်လာခဲ့ပါတယ်။

“ နိုင်ငံမှာရှိသမျှစီးပွားရေးတွေကို ပြည်သူပိုင်သိမ်းတဲ့ တပါတီဆိုရှယ်လစ်စံနစ်အောက်မှာ မာလီနိုင်ငံရဲ့စီးပွားရေးက ကျဆင်းလာခဲ့တယ်။ ဒါကိုအကြောင်းရှာပြီး ၁၉၆၈ မှာ ဗိုလ်ချုပ် မူဆာထွာအိုရီ က အာဏာသိမ်းယူလိုက်တယ်။ သူ က လစ်ဘရယ်ဈေးကွက်စီးပွားရေးစံနစ်ကို အကောင်အထည်ဖေါ်မယ် လို့ ကြွေးကြော်ခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကို အန်တုငြင်းဆန်တဲ့နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် တိုင်းပြည်ရဲ့
အခြေအနေပိုဆိုးလာခဲ့တယ်။ ၁၉၆၈ ကနေ၁၉၇၄ အထိ ထောင်ပေါင်းများစွာ ငတ်ပြတ်ဆင်းရဲဒုက္ခရောက်ခဲ့ကြ၊ သေဆုံးခဲ့ကြတယ်။
ကျောင်းသားဆန္ဒပြပွဲတွေကလည်း နေရာအနှံ့ပေါ်ပေါက်လာခဲ့သလို၊“မူဆာထွာအိုရီ” ကိုတန်ပြန်အာဏာသိမ်းဖို့ ကြံစည်တဲ့
ဖြစ်ရပ်(၃)ခုပေါ်ပေါက်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအရာအားလုံးကို အာဏာရှင် ထွာအိုရီ က ချေမှုန်းနိုင်ခဲ့တယ် ”

ဖိနှိပ်မှုတွေပြင်းထန်လှတဲ့အာဏာရှင်လက်အောက်က မာလီနိုင်ငံဟာ လှုပ်ရှားမှုမဲ့နေတဲ့အနေအထားကိုတော့မရောက်ခဲ့ပါဘူး။
ပြည်သူလူထုရဲ့ပါတီစုံစံနစ်တောင်းဆိုမှုတွေကို ကြားနေရတဲ့ မာလီအာဏာရှင် ထွာအိုရီ ဟာ အကန့်အသတ် လွတ်လပ်မှုတချို့ကို
ပေးခဲ့ပါတယ်။ ဒီမိုကရက်တစ်နိုင်ငံတခုကို မရရှိကြပေမဲ့ အတိုက်အခံအင်အားစုတွေဟာ ရရှိနေတဲ့ အနေအထားအတွင်းကနေ
သူတို့ရဲ့လှုပ်ရှားမှုပုံစံတွေကို တဖြည်းဖြည်းပြောင်းလဲလုပ်ဆောင်ခဲ့ကြပါတော့တယ်။
“မာလီအလုပ်သမားပါတီ ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ထင်ရှားတဲ့ပါတီဖြစ်တယ်။ အလုပ်သမားလှုပ်ရှားမှုသမိုင်းတွေ၊ ဝါဒဖြန့်ချီရေးတွေ၊ ပညာပေးဟောပြောမှုတွေ ကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့ကြတယ်။ ကျောင်းသားတွေနဲ့ နီးနီးကပ်ကပ်နေပြီး လေးစားမှု
ရအောင်ဆွဲဆောင်ကြသလို၊ တချို့ ပညာတတ်တွေကို အစိုးရဝန်ကြီးဋ္ဌာနတွေမှာ ဝင်ရောက်အမှုထမ်းစေတယ်။
တချိန်မှာ မာလီနိုင်ငံရဲ့သမ္မတဖြစ်လာမဲ့ “အယ်လ်ဖာ ကိုနာရီ” ဟာ အလုပ်သမားပါတီရဲ့မြေအောက်ပါတီဝင်တယောက်ဖြစ်သလို၊
မြို့တော် ဘာမာကို မှာ ကျောင်းဆရာတယောက်အဖြစ်နေထိုင်ခဲ့တယ်။ ၁၉၇၈ မှာ အာဏာရှင် ထွာအိုရီ ဟာ တန်ပြန်အာဏာသိမ်းဖို့ သံသယရှိတဲ့ ကာကွယ်ရေးဋ္ဌာနအကြီးအကဲတချို့ကို ဖြတ်ချပြီးတဲ့နောက် အယ်ဖာကိုနာရီ ကို ယဉ်ကျေးမှု၊ အနုပညာနဲ့အားကစားဝန်ကြီးဋ္ဌာနအကြီးအကဲ
အဖြစ်တာဝန်ယူဖို့ ကမ်းလှမ်းတဲ့အခါ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်”

အစိုးရအဖွဲ့တွင်းမှာဝင်ရောက်လုပ်ကိုင်ပြီး ပြည်သူလူထုလေးစားလာနိုင်တဲ့ ပုံသဏ္ဍန်အဖြစ်ရပ်တည်ပြီးတဲ့အခါ အနုပညာ၊ မီဒီယာတွေမှ
တဆင့်လူထုကိုပညာပေးရေးအစီအစဉ်တွေကို အယ်ဖာကိုနာရီ လို အလုပ်သမားပါတီရဲ့မြေအောက်အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့ကြပါတယ်။
တဘက်မှာတော့ အာဏာရှင်ထွာအိုရီ ရဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချလာနေတာကြောင့်
မာလီအာဏာရှင်ဟာ နိုင်ငံရေးပါတီတချို့တရားဝင်တည်ထောင်ခွင့်ကို ခွင့်ပြုခဲ့ပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကလည်း အဲ့ဒီအခွင့်အရေးကို အမိအရအသုံးချခဲ့ပါတယ်။ အားလုံးညှိနှိုင်းလို့ရနိုင်တဲ့
မာလီ ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့ပြီး၊ ပြည်သူတွေနဲ့ထိတွေ့ဖို့ကြိုးစားလိုက်ကြပါတော့တယ်။

“မာလီနိုင်ငံမှာ မျိုးရိုးအစဉ်အလာ ကို ဆက်ခံတဲ့ တေးဂီတပညာရှင်တွေရှိတယ်။ သူတို့ကို “ဂရီရော့တ်” လို့ခေါ်တယ်။
သူတို့ဟာ ဟိုးအရင်ကတည်းက မာလီနိုင်ငံမှာ နိုင်ငံရေးသတင်းတွေကိုလက်ဆင့်ကမ်း သယ်ဆောင်လာကြသလို၊ ကဗျာရွတ်ဆိုပြီး သမိုင်းတွေ
ပြောပြတာမျိုး၊နိုင်ငံရေးဝေဖန်မှုတွေမှာ ထင်ရှားကျော်ကြားသူတွေဖြစ်တယ်။ စာမတတ်တဲ့ဒေသတွေဆီကိုသွားရောက်ပြီး ပြည်သူလူထုကို ပညာပေးလှုံ့ဆော်ခဲ့ကြသူတွေဖြစ်တယ်။ မာလီနိုင်ငံမှာ ထင်ရှားခဲ့တဲ့ပုံပြင်တွေ၊ စကားပုံတွေ၊ ကဗျာတွေကို ရွတ်ပြပြီး တရားမျှတမှုနဲ့လွတ်လပ်ခွင့်
အကြောင်းကို မီးမောင်းထိုးပြကြတယ်။ ၁၄ ရာစုတုန်းက နာမည်ကြီးပုံပြင်တခုကို အာရုံစိုက်ပြီး ရှင်းပြကြတယ်။
ပုံပြင်ထဲမှာ အင်ပါယာ ဆန်ချတာ ကို ဒေသဆိုင်ရာအကြီးအကဲ က သူ့ရဲ့လှံကိုအပ်နှင်းသစ္စာခံတဲ့ အခါ ဘုရင် က လှံကို အကြီးအကဲဆီ
ပြန်ပေးပြီးမိမိရဲ့ဒေသကို လွတ်လပ်စွာအုပ်ချုပ်နိုင်တယ် ဆိုတဲ့ ခွင့်ပြုမှုတွေပေးခဲ့တယ်။ ဒါကြောင့် မာလီ နိုင်ငံဟာ ၁၄ ရာစုလောက်ကတည်းက
ကိုယ်ပိုင်အုပ်ချုပ်ရေးပြဋ္ဌာန်းခွင့်နဲ့လွပ်လပ်ခွင့်အတွေးအခေါ်တွေကို တည်ဆောက်ခဲ့တာဖြစ်တယ် လို့ ရှင်းပြပြီး အဲ့ဒီအရာနှစ်ခုဟာ မာလီနိုင်ငံရဲ့ရိုးရာအစဉ်အလာအမွေအနှစ်တွေဖြစ်တယ် လို့ရှင်းပြခဲ့ကြတယ်။ ဒါကြောင့်မိရိုးဖလာရိုးရာအမွေအနှစ်ကို ဆန့်ကျင်ဖိနှိပ်နေတဲ့ အစိုးရဟာ နိုင်ငံတော်ကို သစ္စာဖောက်တဲ့အစိုးရတရပ်ဖြစ်တယ် လို့ ဟောပြောလှုံ့ဆော်ကြတယ်။”

ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်ဟာ လူထုကြားမှာအတွေးအခေါ်တည်ဆောက်ရေးကို ပညာတတ်တွေဖြစ်တဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ကျောင်းဆရာတွေက တဆင့်လုပ်ကိုင်ခဲ့ကြပါတယ်။
ကျေးလက်ဒေသတွေမှာ ရှိတဲ့ ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေးတွေ ကို သွားရောက်ကူညီလုပ်ကိုင်ကြတဲ့အခါ၊
အစိုးရရဲ့တာဝန်မဲ့မှုတွေကို မသိမသာထောက်ပြကြသလို၊ဒေသဆိုင်ရာအာဏာပိုင်တွေနားမှာ ပြည်သူလူထုရဲ့ဒုက္ခကို
ခံစားနားလည်လာနိုင်မဲ့နည်းလမ်းတွေ၊ နီးနီးစပ်စပ်ပြောဆိုလို့ရမဲ့အကြောင်းအရာတွေကို စဉ်းစားခဲ့ကြပါတယ်။
“ ၁၉၉၁ ဂျန်နဝါရီလမှာ ကျောင်းသားဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့တယ်။ဖမ်းခံရတဲ့ကျောင်းသားခေါင်းဆောင်ဟာစစ်ကြောရေးစခန်းမှာ
နှိပ်စက်သတ်ဖြတ်ခံရတယ်။ မတ်လ ၂၂-၂၆ ထိဒီမိုကရေစီအင်အားစုတွေဟာ အထွေထွေသပိတ်ကိုဆင်နွဲကြပြီး သူတို့ရဲ့
မကျေနပ်မှုကိုပြခဲ့ကြတယ်။ စစ်တပ်ကလည်း လမ်းတွေကို ပိတ်ဆို့ပစ်လိုက်ပြီး အရေးပေါ်ဥပဒေထုတ်ပြန်ကြေငြာခဲ့တယ်။
ဆန္ဒပြသူတွေကို ရာချီပြီး ဖမ်းဆီးခဲ့တယ်။ဆန္ဒပြသူ (၃၀၀) ကျော် ကို ပစ်ခပ်သတ်ဖြတ်ပြလိုက်တယ်။”
သောတရှင်များခင်ဗျား
ဗိုလ်ချုပ်ထွာအိုရီ ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုဟာ ပြည်သူတွေကို နောက်မဆုတ်စေနိုင်ခဲ့ပါဘူး။
အာဏာရှင်နှုတ်ထွက်ပေးရေးကြွေးကြော်သံတွေက သေနတ်သံတွေကြားက ကျယ်လောင်နေခဲ့ပါတယ်။
သောင်းချီနေတဲ့လူအုပ်ကိုဆက်လက်ပစ်ခပ်ချင်စိတ်မရှိတော့တဲ့ စစ်သားတွေဟာ ဆန္ဒပြပြည်သူတွေနဲ့ ပူးပေါင်းလိုက်ကြပါတယ်။ မြို့တော်ရဲ့အသံလွှင့်ရုံဆီက အာဏာရှင် “မူဆာထွာအိုရီ”ကို လက်ရဖမ်းလိုက်ပြီဖြစ်ကြောင်း၊
မာလီစစ်ခေါင်းဆောင်တဦးက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

သောတရှင်တို့လည်း စာနာနားလည်တတ်တဲ့ စစ်ခေါင်းဆောင်တွေနဲ့ဆုံစည်းနိုင်ကြပါစေ။


ကျနော်တို့မှာ ရွေးချယ်စရာမရှိပါ

0 comments


မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ နောက်ဆုံးဥက္ကဋ္ဌဖြစ်ခဲ့သူ ဒေါက်တာမောင်မောင် ပြောခဲ့ဘူးတဲ့စကားကို မှတ်မိကြပါလိမ့်မယ်။
“ ဒီ အခြေခံ ဥပဒေကြီးကို ချက်ချင်းဖျက်ပစ်လို့ မရပါဘူး။ အနုပညာရှင်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ပြည်သူတွေ နဲ့
ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပြီး ရေးဆွဲခဲ့တာပါ” လို့ ဆိုတယ်။ တကယ်တော့ သူက နိုင်ငံရေးသမားအားလုံးကို လေသံအေးအေးနဲ့
ခပ်ထေ့ထေ့ ရိ နေတာဖြစ်တယ်။ ဒေါက်တာမောင်မောင်ပြောချင်တာက
“ ၁၉၇၄ အခြေခံဥပဒေဆိုတာ ကျနော်တို့ မဆလ တွေချည်းဆွဲခဲ့တာမဟုတ်ဘူး။
အနုပညာရှင်တွေနဲ့ တိုင်းရင်းသားတွေလည်းသဘောတူထောက်ခံပါဝင်ခဲ့တယ် မဟုတ်လား ” လို့ ပြောနေခြင်းဖြစ်တယ်။


ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မဲ့သူတွေ သတိထားမိဖို့အတွက် ပြန်ပြောပြတာပါ။
ပါလီမန်တွင်းမှာ ဝင်ရောက်စကားပြောမယ်။ စစ်အုပ်စုက ခုံ (၁၀၀) ယူထားရာ ကနေ (၇၅) ခုံ ကို ဖွင့်ပေးလိုက်တယ်။
၂၀ ရာခိုင်နှုန်းလောက် အနိုင်ရရင် မဆိုးဘူး--- စသော စသော အဆိုပြုခဲ့သူများ ကိုယ်မျှော်လင့်ခဲ့သလို မလုပ်နိုင်ဘူးဆိုရင်တော့
၂၀၀၈ အခြေခံဥပဒေကို ထောက်ခံခဲ့သူတွေအဖြစ် သမိုင်းတရားခံဖြစ်မှာအမှန်ပါပဲ။
ပြည်တွင်းပြည်ပ အတိုက်အခံအများစုက ဒီအခြေခံဥပဒေကိုလက်မခံသလို စစ်အုပ်စုကလည်း နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်ကိုမြှင့်မဲ့
အရိပ်အယောင်တွေ၊ လှုပ်ရှားမှုတွေ ပြောင်ပြောင်တင်းတင်း လုပ်ပြနေတယ်။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ ဦးဆောင်ပါဝင်တဲ့
အဖွဲ့တွေကလည်း “ ဒုတိယပင်လုံညီလာခံခေါ်မယ်၊ ပြည်တွင်းစစ်မီးတောက်လောင်မှုကို တားဆီးရမယ်” ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို
ချမှတ်ပြင်ဆင်လှုပ်ရှားနေကြတယ်။ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ကို မြင်ချင်ပါတယ်ဆိုတဲ့သူတွေ မကောင်းဆိုးဝါးစစ်အစိုးရဆီမှာ
ကိုယ်ရဲ့ကံကြမ္မာကို အောက်ကြေးနဲ့ထိုးကြမှာလား။ ကိုယ်လို ဖိနှိပ်ခံနေရတဲ့ဘဝတူ တိုင်းရင်းသားတွေနဲ့အတူသွေးစည်းညီညွတ်ကြမလား။
လေးလေးနက်နက်စဉ်းစားစေလိုပါတယ်။

(၂)

ရှင်သန်တက်ကြွနေသော အင်အားစုများ ( Active Forces ) လို့ခေါ်တဲ့ ညွှန့်ပေါင်းအင်အားစုတရပ်ကို “မက်ဒက်ဂက်စကာ” နိုင်ငံမှာ
ဖွဲ့စည်းခဲ့ကြဘူးတယ်။ ဆိုရှယ်လစ်အစိုးရရဲ့ ဖိနှိပ်မှုကို ပြန်လည်အန်တုဖို့အတွက် အမျိုးသားရေးဆွေးနွေးပွဲ ( National Forum) မှာ
ဆုံဆည်းကြတယ်။ ဆိုရှယ်လစ်အစိုးရရေးဆွဲထားတဲ့ အခြေခံဥပဒေကို ဥပေက္ခာပြု ငြင်းဆိုလိုက်ပြီး အခြေခံဥပဒေသစ်ကို ကိုယ်တိုင်ရေးဆွဲလိုက်ကြတယ်။ မက်ဒက်ဂက်စကာ အစိုးရ အတွက် ဖိအားတွေက တရစပ်ရောက်လာခဲ့တယ်။
လူထုဆန္ဒခံယူပွဲတွေပြန်လုပ်ရတယ်။ အခြေခံဥပဒေသစ် ကို ပြန်ရေးဆွဲပေးရတယ်။ ရွေးကောက်ပွဲအသစ်ကျင်းပပေးခဲ့ရတယ်။

(၃)

စစ်အေးတိုက်ပွဲ ရဲ့ နောက်ဆုံးနှစ်များ ( ၁၉၈၉-၉၁) မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေ၊ အနေအထားတွေအတိုင်းဖြစ်ပျက်ဖို့ ဆိုတာကတော့
လုံးဝမလွယ်ပါဘူး။ ၂၀၁၀ ဆိုတာ စစ်အေးတိုက်ပွဲအသစ်တခုအတွက် ပြန်လည်ပြင်ဆင်နေကြချိန်၊ သမိုင်းဘီးက တပတ်လည်နေချိန်
ဖြစ်တယ်။ ဒါပေမဲ့ မက်ဂါဒက်စကာလှုပ်ရှားမှုမှာ စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှုတွေရှိတယ်။
ရှင်သန်တက်ကြွနေသော အဖွဲ့အစည်းများ ( Active Forces ) လို့ခေါ်တဲ့ အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ နဲ့ ပြည်သူတွေ
ဆုံဆည်းခဲ့ကြတဲ့ အမျိုးသားရေးဆွေးနွေးပွဲ ဖိုရမ် တွေ ရဲ့ အရှိန်မြင့်သွားတဲ့ ကြံစည်မှုတွေဖြစ်တယ်။
“ လူထုဆန္ဒကို ထုတ်ဖေါ်ပြသတဲ့အခါတိုင်း စစ်အာဏာရှင်တွေဟာ အကြမ်းဖက်ဖြိုခွဲလေ့ရှိတယ်။
သွေးထွက်သံယိုမှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ပြန်လှန်တိုက်ခိုက်နိုင်မဲ့ တခြားနည်းလမ်းမရှိဘူး။
ဒီအချိန်ဟာ ကျနော်တို့အတွက် အခွင့်ကောင်းပဲ။ လူထုအားနဲ့ပဲ ပြန်လည်ရင်ဆိုင်ရမယ်။” လို့
မက်ဒက်ဂက်စကာ အမျိုးသားရေး လှုပ်ရှားသူတွေက ယုံကြည်ခဲ့ကြတယ်။

ဒီတပတ် လွတ်လပ်တဲ့အသံ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ “ မက်ဂက်ဒက်စကာ ဆိုရှယ်လစ်အာဏာရှင်ကို ပြုတ်ကျစေတဲ့ လူထုလှုပ်ရှားမှုအကြောင်း” ကို ဆွေးနွေးတင်ပြထားပါတယ်။


ကျနော်တို့မှာ ရွေးချယ်စရာမရှိ ပါ

အာဖရိကတိုက်ရဲ့အရှေ့တောင်ဘက် အင်ဒီယန်းပင်လယ်ထဲမှာ တည်ရှိတဲ့ မက်ဒက်ဂက်စ်စကာနိုင်ငံဟာ အာရှ၊ အာဖရိက နွယ်ဖွားတွေ
နေထိုင်ရာကျွန်းနိုင်ငံတခုဖြစ်ပြီး၊ လောကတခုကိုထွက်ပြေးမဲ့ နိဗ္ဗာန်ဘုံအဖြစ်ခေါ်ဆိုလေ့ရှိကြပါတယ်။
ဒါပေမဲ့ လက်တွေ့ဘဝတွေကတော့ ဆိုသလိုမဟုတ်ခဲ့ပါဘူး။
“၁၉၆၀ ခုနှစ် မှာ ပြင်သစ်နိုင်ငံဆီက လွတ်လပ်ရေးရခဲ့တယ် လို့ ဆိုပေမဲ့ တချို့လူမျိုးစုတွေက ပြင်သစ်နဲ့ နီးနီးကပ်ကပ်
နေခဲ့ကြပါတယ်။ စီးပွားရေးအရ လုံးဝလွတ်လပ်မှုမရှိပဲ ပြင်သစ်ကုမ္မဏီတွေသာ အကျိုးအမြတ်ဆက်လက်ခံစားပိုင်ခွင့်ရှိနေတာကြောင့် မက်လာဂက်ဆီ အများစုကမကျေနပ်ခဲ့ကြပါဘူး။ ဆယ်စုနှစ်တခုလုံး လူမှုရေးမငြိမ်သက်မှုတွေကြောင့် တိုင်းပြည်စီးပွားရေး
လည်ပတ်မှုတွေဟာလည်း ခက်ခဲသထက်ခက်ခဲလာခဲ့ပါတော့တယ်။ ၁၉၇၂ ခုနှစ်မှာ ကျောင်းသားတွေဦးဆောင်တဲ့
အထွေထွေသပိတ် ပေါ်ပေါက်လာခဲ့ပြီး အစိုးရယန္ဒရားတခုလုံးကို ရပ်ဆိုင်းပစ်လိုက်တယ်။
အစိုးရကလည်း ပစ်ခပ်ဖြိုခွဲခဲ့တာကြောင့် ကျောင်းသား တဒါဇင်ကျော်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်။
နိုင်ငံရဲ့သမ္မတဟာ အရေးပေါ်အုပ်ချုပ်ရေးကို ကြေငြာလိုက်ပြီး ပါလီမန်ကို ဖျက်သိမ်းပစ်လိုက်တော့တယ်”

တိုင်းပြည်တွင်းမှာ မကျေနပ်မှုကြောင့်ပေါက်ကွဲတောက်လောင်နေတဲ့ လူထုအုံကြွမှုတွေကို တားဆီးနိုင်စွမ်းမရှိတော့ပါဘူး။ မက်ဒက်ကက်စတာ သမ္မတဟာ စစ်ဗိုလ်ချုပ် “ဂရေဘယ် ရမ်မန်နန့်ဆိုရာ” ဆီကို အာဏာလွှဲအပ်လိုက်ပါတယ်။
ဒါပေမဲ့ သူကလည်း စီးပွားရေးအကြပ်အတည်းတွေကို မဖြေရှင်းနိုင်ခဲ့သလို၊ လူထုရဲ့မကျေနပ်မှုတွေကလည်း ဒေါသတကြီးစီးဆင်း
နေခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေ၊ စစ်အာဏာသိမ်းမှုတွေ၊ အငြင်းပွားဘွယ်ရွေးကောက်ပွဲတွေနဲ့ တိုင်းပြည်တခုလုံး ဖရိုဖရဲဖြစ်နေခဲ့ပါတယ်။
“ ၁၉၇၂-၇၅ တလျှောက်လုံးမှာ လူထုဟာ စစ်မှန် တဲ့ တော်လှန်ရေးအတွက် ကြိုးစားခဲ့ကြပေမဲ့၊ ပြင်သစ် နဲ့ ရုရှားမှာ ပေါ်ပေါက်ခဲ့တဲ့ လူမှုစံနစ်ပြောင်းလဲတည်ဆောက်ရေး တော်လှန်ရေးတွေလိုမျိုး ဖြစ်မလာခဲ့ဘူး။ လက်ရွေးစင် စစ်ခေါင်းဆောင်တွေကသာ အာဏာလွှဲပြောင်းသိမ်းယူနေတဲ့ အနေအထားမှာပဲရှိနေခဲ့တယ်”

၁၉၇၅ မှာတော့ အခြေခံနိုင်ငံရေး၊စီးပွားရေးအဆောက်အဦ အားနည်းတဲ့ မက်ဒက်ဂက်စကာ နိုင်ငံကို Didier Ratsiraka က
စစ်အာဏာသိမ်းယူခဲ့ပြီး သိပ္ပံနည်းကျတဲ့ဆိုရှယ်လစ်စံနစ် ကို ကျင့်သုံးမယ် လို့ကြွေးကြော်ခဲ့ပါတယ်။
သူ့ရဲ့ အနီရောင်စာအုပ်ညွှန်ကြားချက်အရ၊ ဆင်းရဲသားတွေအတွက်အကျိုးကျေးဇူးတကယ်ရနိုင်မဲ့ ကုန်ထုတ်လုပ်မှုတွေကို စီစဉ်ညွှန်ကြား
ခဲ့ပါတယ်။ “ဆင်ဖြူ” စက်မှုလုပ်ငန်းတွေကို ပြည်နယ်အသီးသီးမှာ တည်ဆောက်တယ်။ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းတွေကိုပြည်သူပိုင်
သိမ်းတယ်။ ဒါပေမဲ့ အခြေခံစားသုံးကုန်တွေ ပြတ်တောက်မှုတွေ စတင်ရင်ဆိုင်လာခဲ့ရပါပြီ။
“ စစ်အာဏာရှင်အသီးသီးလက်အောက်မှာ ပစ်ခပ်ချေမှုန်းမှုကို မြင်ခဲ့ဘူးတဲ့လူထုဟာ သူတို့ရဲ့မကျေနပ်မှုတွေကို ဝုန်းကနဲပေါက်ကွဲပစ်ဖို့အထိ
ကိုတော့ တွန့်ဆုတ်နေခဲ့ကြသေးတယ်။ဒါပေမဲ့ တခုခုလုပ်မှရတော့မယ် ဆိုတာ အစိုးရအဖွဲ့ဝင်တွေရော၊ နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေရော
နှစ်ဘက်လုံးကသိနေကြတယ်။ ၁၉၇၉ မှာ တိုင်းပြည်က ချွတ်ခြုံကျလာပြီလေ။ စစ်ခေါင်းဆောင် “ရက်စီရက်ကာ” ကလည်း ဒီအခြေအနေတိုင်းဆက်သွားရင် သူကိုယ်တိုင် အန္တရာယ်ဆိုးတွေနဲ့ရင်ဆိုင်နိုင်တယ် ဆိုတာကို သဘောပေါက်နေခဲ့တယ်။
အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ် အပါအဝင် အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပ နိုင်ငံတွေဆီက ငွေကြေးထောက်ပံ့မှုရအောင် ကြိုးစားခဲ့တယ်”

၁၄ နှစ်လုံးလုံး အာဏာကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ မက်ဒက်ဂက်စကာ စစ်ခေါင်းဆောင်အတွက်စီးပွားရေးဆုတ်ပြတ်မှုတွေ
ရင်ဆိုင်နေရစဉ်မှာ သူ့ရဲ့အဓိက လက်တွဲဖေါ် ဆိုဗီယက်ပြည်ထောင်စုဟာပြိုကျလုဆဲဆဲအခြေအနေကိုရောက်ရှိနေခဲ့ပါတယ်။
ကြွေးမှီပြဿနာကို ဆွဲထုတ်နိုင်ဖို့အတွက် အစိုးရလက်ဝါးကြီးအုပ်ထားတဲ့ ဆိုရှယ်လစ်စံနစ်ကို စွန့်လွှတ်ဖို့ကိုလည်း အနောက်နိုင်ငံတွေက
ဖိအားလာခဲ့ပါတယ်။ “ လူထုဆန္ဒကို ထုတ်ဖေါ်ပြသတဲ့အခါတိုင်း စစ်အာဏာရှင်တွေဟာ အကြမ်းဖက်ဖြိုခွဲလေ့ရှိတယ်။
သွေးထွက်သံယိုမှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ပြန်လှန်တိုက်ခိုက်နိုင်မဲ့
တခြားနည်းလမ်းမရှိဘူး။ ဒီအချိန်ဟာ ကျနော်တို့အတွက် အခွင့်ကောင်းပဲ။ လူထုအားနဲ့ပဲ ပြန်လည်ရင်ဆိုင်ရမယ်။”

ဒါကြောင့်လည်း ၁၉၉၁ မှာ “အန်တာနာနာရီဗိုမြို့”မှာ အတိုက်အခံခေါင်းဆောင် “အယ်လ်ဘတ် ဇက်ဖီ” က အစိုးရဝန်ထမ်း ရှစ်သောင်းကျော်ကို ဦးဆောင်ပြီး စတင်သပိတ်မှောက်လိုက်ကြပါတယ်။ သြဂတ်စ်လမှာတော့ ပြည်သူ လေးသိန်းကျော်ဟာ မြို့တော်ရဲ့ဗဟိုဆီကို ချီတက်လိုက်ကြပါပြီး မက်ဒက်ဂက်စကာရဲ့ ဘဏ်လုပ်ငန်း၊ ကုန်သွယ်မှု နဲ့ အစိုးရယန္ဒရားတွေဟာ ရုတ်တရက်ရပ်ဆိုင်းအောင် ဖိအားပေးလိုက်ကြပါတော့တယ်။
“ မျှော်လင့်ထားသလိုပဲ ဆိုရှယ်လစ်အစိုးရက ပစ်ခပ်ဖြိုခွဲခဲ့တာပေါ့ဗျာ။ ဆန္ဒပြသူ အယောက်(၃၀)ကျော်သွေးမြေကျ
သေဆုံးခဲ့ရတယ်။ ဒီလို ပစ်ခပ်ဖြိုခွဲမှုတွေကြုံလာရင် ကျနော်တို့လှုပ်ရှားမှု မသေဆုံးသွားအောင် အတိုက်အခံခေါင်းဆောင်တွေက ကြိုတင်စီစဉ်ခဲ့ကြတယ်။အတိုက်အခံအဖွဲ့ (၁၆) ဖွဲ့ ပူးပေါင်းပါဝင်ထားတဲ့ “ ရှင်သန်နေတဲ့အင်အားစုများ” ညွှန့်ပေါင်းအဖွဲ့ကို
ဖွဲ့စည်းလိုက်ပြီး ပြည်သူ့လွှတ်တော်ခေါ်တယ်။ “အယ်ဘတ်ဇက်ဖီ” က ဝန်ကြီးချုပ်အဖြစ်ကြေငြာ လိုက်တယ်။
အာဏာရှင် “ရက်စီရက်ကာ“ က သူ့ရဲ့ဝန်ကြီးချုပ်ကိုအပြောင်းအလဲလုပ်ပြီး လူထုကိုချွေးသိပ်ဖို့ကြိုးစားသေးတယ်။ မရတော့ဘူး။ ကျနော်တို့ကလည်း မက်ဒက်ဂက်စကာရဲ့အစိုးရအဖွဲ့ဖြစ်တယ် ဆိုပြီး နိုင်ငံတကာသံရုံးတွေကို စာပို့လိုက်တယ်။ ပြင်သစ်သံရုံးနဲ့အမေရိကန်သံရုံးကလည်း အစိုးရနှစ်ရပ်လုံးကို ညှိနှိုင်းဆွေးနွေးကြဖို့အကြောင်းပြန်ခဲ့တယ်”

သောတရှင်များခင်ဗျား

အတိုက်အခံတွေရဲ့ မြန်ဆန်အရှိန်ပြင်းတဲ့ဖိအားတွေကြောင့် “ရက်စီရက်ကာ” အစိုးရဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
တွေ့ဆုံဆွေးနွေးခဲ့ရပြီး ပါနိုရားမားသဘောတူညီမှုကိုလက်မှတ်ရေးထိုးခဲ့ရပါတယ်။ ဒီသဘောတူညီချက်အရ “ရက်စီရက်ကာ” ကို
သမ္မတအဖြစ်ဆက်လက် ထားရှိပေမဲ့ သမ္မတပါဝါအားလုံးကို ရုတ်သိမ်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ နိုင်ငံလုံးဆိုင်ရာညီလာခံမှ
အခြေခံဥပဒေသစ် ကို ရေးဆွဲခဲ့ပြီး နောက်တနှစ်မှာတော့ ပါတီစုံရွေးကောက်ပွဲကိုကျင်းပခဲ့ပါတယ်။
“ရက်စီရက်ကာ” ရဲ့ လက်ကိုင်ဒုတ်တွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေကြားမှာ ရုန်းရင်းဆန်ခပ်တချို့ဖြစ်ပွားခဲ့ပေမဲ့
ဒီမိုကရက်တစ်အင်အားစုခေါင်းဆောင် “အယ်ဘတ် ဇက်ဖီ” ဟာရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
သောတရှင်တို့လည်း အာဏာရှင်တွေကို တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းဆီရောက်ရှိစေမဲ့ လူထုအင်အားတွေဖန်တီးနိုင်ကြပါစေ။

မှတ်ချက် ။ ။ မက်ဒက်ဂက်စကာနိုင်ငံအကြောင်းကို “ လစ်ဘရယ်ဒီမိုကရေစီလှိုင်းများ ပြီးသည့်နောက်” စီးရီးမှာ ဆက်လက်
ရေးသားသွားပါမယ်။ ၁၉၉၃ မှာ ဆိုရှစ်လစ်အစိုးရပြုတ်ကျသွားပေမဲ့ အသွင်ကူးပြောင်းမှုကာလတွေမှာ အခက်အခဲမျိုးစုံတွေ
ကိုရင်ဆိုင်ခဲ့ကြရပါတယ်။







မကောင်းဆိုးဝါးတွေငရဲကိုပြန်သွားစေဖို့

Wednesday, November 25, 2009 0 comments



The rest of the post


သံမဏိကြက်ခြေ၊ဘော်လ်ကာရီစစ်ဆင်ရေးနှင့်...

Wednesday, October 28, 2009 0 comments

Operation Valkyrie f

The rest of the post


ကွန်ဆာဗေးတစ်လက်သစ်များရဲ့အနာဂတ်

Monday, March 2, 2009 0 comments

လက်ဘနွန်စစ်ပွဲကသင်ခန်းစာ(သို့)ဂါဇာကမ်းမြောင်စစ်ပွဲ

Monday, January 5, 2009 0 comments


နိုင်ငံတခုကနိုင်ငံတခုကိုတဖက်သတ်ဗုံးကြဲနေတဲ့အခါတိုင်းထိထိခိုက်ခိုက်ခံစားရတယ်။တခါတလေကြည့်နေတဲ့သတင်းဌာနကိုပါပစ်ခွဲပစ်
ချင်လာတယ်။ကမ္ဘာကြီးတခုလုံးကဘာမှမတတ်နိုင်ကြတော့ဘူးလား။၂၀၀၆တုံးကလက်ဘနွန်မှာ...အစ္စရေးကဟက်စဘိုလာစစ်တပ်ကို
ချေမှုန်းဖို့ဆိုပြီးလက်ဘနွန်ကိုဝင်ရောက်တိုက်ခိုက်တယ်။လေယာဉ်ပေါ်ကနေဗုံးကြဲတယ်။မြို့တမြို့လုံးရစရာမရှိ။
နောက်တော့..ဟက်စဘိုလာက“အောင်မြင်မှု”သတင်းကိုထုတ်ပြန်တယ်။အစ္စရေးစစ်တပ်ပြန်လည်မဆုတ်ခွာခင်အထိ၊အစ္စရေးနိုင်ငံဆီကို
ရော့ကက်တွေတစင်းပြီးတစင်းပစ်လွှတ်နေဆဲ။သေခဲ့တာက........အပြစ်မဲ့ပြည်သူတွေ။
ဟက်စဘိုလာကတော့အင်အားကြီးမားနေဆဲ။အခုလာပြန်ပြီ..ဂါဇာကမ်းမြောင်နဲ့ဟားမတ်စ်စစ်အုပ်စု။

ဘားရက်အိုဘားမားကအစ္စရေးနိုင်ငံကိုဂျူလိုင်လတည်းတုံးကသွားလည်ခဲ့တယ်။“ခင်ဗျားရဲ့အိမ်တအိမ်ကိုအလကားနေရင်းဒုံးကျည်တွေနဲ့
ပစ်ခတ်တိုက်ခိုက်နေတယ်။အိမ်ထဲမှာကလေးတွေအိပ်ပျော်နေကြတယ်။ဒီတော့..ခင်ဗျားကလေးတွေလုံခြုံမှုရဖို့အတွက်
တိုက်ခိုက်နေသူတွေကိုဖြစ်တဲ့နည်းနဲ့ပြန်လည်တုန့်ပြန်ရမယ်”ဆိုပြီး..အစ္စရေးကိုထောက်ခံတဲ့လေသံတွေပြောကြားခဲ့တယ်။

တခါတလေတော့ရိုးရိုးလေးပဲတွေးကြည့်ချင်တယ်။ကုလသမဂ္ဂမှာနိုင်ငံကြီးတွေကအပြစ်အခတ်ရပ်ဆိုင်းဖို့တောင်းဆိုတာကို
အမေရိကန်ပြည်ထောင်စုကပယ်ချခဲ့တယ်။လက်ဘနွန်မှာဗုံးကြဲနေတုံးကလည်းကွန်ဒိုလီဇာရိုက်စ်တို့ကကျန်တဲ့နိုင်ငံတွေကတောင်းဆိုတဲ့
ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေကိုပယ်ချခဲ့တယ်။ဟားမတ်စ်၊ဟက်စ်ဘိုလာစစ်အုပ်စုတွေကိုအမေရိကန်ပြည်ထောင်စုက
အကြမ်းဖက်သမားတွေလို့သတ်မှတ်ခဲ့တာကိုး။ဟုတ်ပြီ...အစ္စရေးနိုင်ငံကပြောသလို၊အပြစ်မဲ့ပြည်သူတွေနေတဲ့လူနေအိမ်တွေကို
ပစ်ခပ်တဲ့သူဟာအကြမ်းဖက်သမားတွေဆိုရင်...အပြစ်မဲ့ပါလက်စတိုင်းပြည်သူတွေကိုဗုံးကြဲနေတဲ့အစ္စရေးစစ်တပ်ကရော

စိတ်ဝင်စားစရာတခုတော့ရှိတယ်။ဟားမတ်စ်ရော..အစ္စရေးစစ်တပ်ရော..၂၀၀၆ခုနှစ်တုံးကလက်ဘနွန်မှာဖြစ်ခဲ့တဲ့..ဟက်စဘိုလာနဲ့
အစ္စရေးစစ်ပွဲကိုသင်ခန်းစာယူကြတယ်။ဟက်စဘိုလာကမြေအောက်ဥမင်လှိုဏ်ခေါင်းတွေတူးပြီးပျောက်ကြားနည်းနဲ့ပြန်လည်
တိုက်ခိုက်တယ်။အစ္စရေးစစ်တပ်ပြန်လည်ဆုတ်ခွာသွားရတယ်။အစ္စရေးပြည်သူတွေကခေါင်းဆောင်တွေကိုမကျေနပ်ကြဘူး။
အစိုးရဟာဟက်စ်ဘိုလာစစ်သားတွေကိုထိထိရောက်ရောက်မတိုက်ခိုက်နိုင်ခဲ့ဘူးလို့စွပ်စွဲဝေဖန်ကြတယ်။

ဟားမတ်စစ်အုပ်စုကဟက်စ်ဘိုလာတွေသုံးတဲ့နည်းကိုအခုစစ်ပွဲမှာသုံးတယ်။မြေအောက်ဥမင်လှိုဏ်ခေါင်းတွေဖောက်လုပ်ပြီး
ပြင်ဆင်ထားခဲ့တယ်။“အစ္စရေးစစ်တပ်ဂါဇာကမ်းမြောင်ဆီဝင်ရောက်လာမယ်ဆိုတာမကြောက်လို့ရော့ကက်နဲ့ပစ်နေတာပေါ့”တဲ့
စစ်ရေးအကဲဖြတ်တွေကသုံးသပ်ပြတယ်။အစ္စရေးကလည်းလက်ဘနွန်စစ်ပွဲတုံးကလိုခါးသီးတဲ့အတွေ့အကြုံကိုပြန်မသွားချင်တော့ဘူး။
ဂါဇာကမ်းမြောင်ကိုစတင်ကျူးကျော်လိုက်ကတည်းကဒေသကိုနှစ်ပိုင်းခွဲပစ်လိုက်တယ်။
လက်နက်ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖြတ်တောက်ပစ်ဖို့ကြိုးစားတယ်။
ဟားမတ်စ်ကလည်းမြေအောက်ဥမင်လှိုဏ်းခေါင်းတွေမှာအသင့်စောင့်နေတယ်။

၂၀၀၆လက်ဘနွန်စစ်ပွဲတုံးကသင်ခန်းစာကိုဘယ်သူအမြတ်ထုတ်နိုင်မလဲ။
သေချာတာတခုကတော့ကျူးကျော်စစ်ဟာလက်ဘနွန်မှာလည်းမအောင်မြင်ခဲ့ဘူး။အီရတ်မှာလည်းမအောင်မြင်ခဲ့ဘူး”တဲ့
လောလောဆယ်တော့...နှစ်ဘက်လုံးက..အပြစ်မဲ့ပြည်သူတွေအတိဒုက္ခရောက်ကြတယ်။


The rest of the post


ဆရာမင်းသုဝဏ်အမှတ်တရ

Tuesday, December 30, 2008 2 comments


ဆရာဝင်းတင့်ထွန်းရဲ့ဆရာကြီးမင်းသုဝဏ်အမှတ်တရဆောင်းပါးလေးခံစားကြည့်ပါအုံး

sayarmintuwun

The rest of the post


လစ်ဘရယ်ဒီမိုကရေစီ၊အနာဂတ်စစ်ပွဲအခင်းအကျင်းများ

Tuesday, December 23, 2008 0 comments

ကျနော့အိမ်လေးဆီမှာ......

Wednesday, December 17, 2008 0 comments





ဆောင်းညတွေရောက်တိုင်းတခုခုကိုဆာလောင်နေသလိုမျိုး၊
ညတွေ....နှင်းဖြူဖြူတွေကြားမှာငေးကြည့်နေမိတယ်။
တချို့ကအကျဉ်းထောင်ထဲမှာ၊တချို့ကအိမ်နဲ့အဝေးဆုံးနေရာမှာ၊တချို့ကဘယ်လိုမှပျော်စရာမကောင်းတဲ့သူစိမ်းတွေကြားမှာ..
အော်.............အဝေးကရောက်လာတဲ့လရောင်ကကြေကွဲဖို့ကောင်းတယ်။
စစ်ထောက်လှမ်းရေးတွေအိမ်လေးဆီကိုမကြာခဏရောက်လာတတ်တယ်။
အေးစက်နေတဲ့ကြမ်းကြားလေတိုးတာတမျိုး၊....ထိတ်လန့်စရာကောင်းတဲ့ခြေသံတွေကတမျိုး၊
ဒီလိုဘဝကဘယ်တော့ငါတို့ကျွတ်ပါ့မလဲမသိဘူးတဲ့။
လိုချင်တဲ့သူကိုရှာမတွေ့တဲ့အခါ၊အမေတွေကိုဖမ်းတယ်။ချစ်သူတွေကိုဖမ်းတယ်။
ဝေးနေရတဲ့ကာလတွေမှာနှလုံးသားကပင်ပမ်းလွန်းလှတယ်။
ကျနော်တို့ဘဝတွေလည်းဖရိုဖရဲပါပဲ။
နှင်း...ရေ...ဆိုပြီး..ရေတွင်းပျက်လေးဆီကိုငုံ့အော်နိုင်ရှာတဲ့ကိုခင်ဝမ်းသီချင်းလိုမျိုးတခါတလေတော့ရချင်နေခဲ့မိတယ်။

အော်....ဒီကနေ့အထိ..ကိုယ့်ဆီမှာသိမ်းထားခဲ့တဲ့ခြေရာလေးတွေ...ကြာပေါ့...
တချို့စစ်ကြောရေးစခန်းကပြန်လာဘူးတဲ့သူတွေ၊ဆောင်းတွင်းဆိုအကြောတွေထုံးထုံးနေလို့ဆေးရုံတက်ခွဲကြရတယ်။
ကျနော့်အခန်းဖေါ်က၁၉၉၁ဒီဇင်ဘာလှုပ်ရှားမှုနဲ့ထောင်ဒဏ်(၁၅)နှစ်ကျခဲ့တယ်။
ထောင်ထဲတုံးကခံနိုင်ရည်ရှိပေမဲ့အပြင်ကိုလည်းရောက်ရော....ခံစားရတယ်ထင်ပါရဲ့။
အခု..မုံရွာမှာစိတ်ဓါတ်တွေလွင့်ပါးနေရှာတယ်တဲ့။

ဒီလိုညတွေ၊ကိုယ်ကရော...ဘယ်မှာရှိနေသလဲ....
ကြံမျိုးခင်းတွေပွေ့ဖက်ပြန်ခဲ့ရတဲ့ရိုးမရဲ့ညနေရီရီတွေထဲမှာလား။
တောင်ခါးပြတ်ကမေမြို့ပန်းတွေစိုက်နေတဲ့မိတ်ဆွေတွေဆီမှာလား။
ဒါမှမဟုတ်ကြက်တူရွေးတွေခြောက်နေခဲ့တဲ့ရိုးပြတ်လယ်တောတွေထဲမှာလား.................
အရာအားလုံးကမှတ်မှတ်ရရတွေပါပဲ...တချို့ဘယ်ရောက်နေမှန်းကိုမသိတော့ဘူး။

ဆောင်းတွင်းဆိုရင်ကျနော့အိမ်လေးမှာထန်းပေမြစ်နံ့သင်းနေတယ်။
တောင်ကြီးကလူကြုံနဲ့ပို့လိုက်တဲ့ခေါပုတ်ကြော်နံ့လေးလည်းရှိတယ်။
နိုင်ငံရေးလုပ်မှာကြောက်ရှာတဲ့အမေကဆောင်းညမီးဖိုလေးဘေးမှာသူ့သားဂစ်တာတီးနေရင်ပျော်ရှာတယ်။

ကျနော်ကိုချောနွယ်ရဲ့ကဗျာကိုရွတ်ကြည့်မိတယ်။

“မီးပုံကြီးဖိုပေးကြပါ...မီးပုံကြီးဖိုပေးကြပါ။
ယုံမင်းဇာတ်တော်ထဲမှာတော့..မီးပုံကြီးထဲယုံကလေးခုန်ဆင်းလိုက်တဲ့အခါ
ဗဒုမ္မာကြာပွင့်ကလေးကနတ်သမီးလေးတပါးထွက်လာသတဲ့။
ဒီမှာတော့...ဇာတ်ကနာလိုက်သည့်ဖြစ်ခြင်း....

ကဗျာအပေါ်မှာလေ..ငါကသားဖွားရောက်မိန်းမလင်ကိုစိတ်နာသလိုမျိုးနာပ
ဒါပေမဲ့အချိန်တန်တော့..ထန်းပင်ကိုပြန်မော့ကြည့်နေရတဲ့အရက်မူးသမားလိုပါပဲ.....

အင်း..သားဖွားခန်းရောက်မိန်းမတွေလင်ကိုစိတ်နာတယ်ဆိုတာသိတ်မသေချာလောက်ပါဘူး။
ကိုချောနွယ်စကားကလည်းတော်တော်ပါ။ယုံဖို့ခပ်ခက်ခက်။

အိမ်မပြန်နိုင်သူတွေ....တချိန်ချိန်မှာမိသားစုတွေပြန်ဆုံပြီးဆန္ဒပြည့်ဝကြပါစေ။

(အောက်မှာ.....ဝရမ်းပြေးကာလတုံးကကောက်ကြောင်းလေးတွေရေးခြစ်ထားတယ်။
အဟာရစာစောင်ထုတ်ဝေမှုနှစ်ပတ်လည်တုံးကမိတ်ဆွေတွေအတွက်ရေးခဲ့တဲ့ဝတ္ထုလေးပါ။)




လူများ၊သက္ကရာဇ်များနှင့်ကျိန်စာများ

0 comments

For Aharya Sarsaung

The rest of the post


နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ