၁၉၇၉ မှာ ဆိုဗီယက်ပြည်ထောင်စု ရဲ့တင့်ကားတွေ၊လက်နက်ကိုင်တပ်ဖွဲ့တွေ အာဖကန်နစ္စတန်ကို ကျူးကျော်သိမ်းပိုက်လိုက်တော့
၁၉၈၀ ဆိုဗီယက်ပြည်ထောင်စုမှာ ကျင်းပတဲ့ အိုလံပစ်ပွဲတော်ကို အမေရိကန်ပြည်ထောင်စု ရဲ့သမ္မတ ဂျင်မီကာတာကသပိတ်မှောက်ဖို့ဆုံးဖြတ်ခဲ့တယ်။
၂၀၀၁ ခုနှစ် အမေရိကန်အနောက်ခြမ်း၊ ဆီရဲ့တယ်မြို့မှာ ကျင်းပတဲ့ကမ္ဘာ့ကုန်သွယ်ရေးညီလာခံမှာ တရုတ်ပြည်ကို WTO ထဲကိုဝင်ခွင့်မပေးဖို့ချီတက်တောင်းဆိုဆန္ဒပြပွဲတွေ၊အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ဆန္ဒပြသူတွေကြားကရိုက်ပွဲတွေကိုကြည့်ခြင်း
အားဖြင့် အမေရိကန်ပြည်ထောင်စုဟာတရုတ်ပြည်ကို WTO ( World Trade Organization) ထဲကိုဝင်ခွင့်ပေးတော့မယ်ဆိုတာ
သိနေကြတယ်။ ကျနော်တို့နယူးယောက်အထက်ပိုင်းဒေသတက္ကသိုလ်တွေမှာ ပီကင်းအိုလံပစ်ပွဲကို ဆန့်ကျင်တဲ့လှုပ်ရှားမှု့တွေ
လုပ်ချင်လားလို့ မြန်မာ့အရေးနဲ့တိဘက်အရေးကိုထောက်ခံကူညီနေတဲ့ကျောင်းသားတွေကမေးလာတယ်။
ကျနော်က “ ပီကင်းအိုလံပစ်ပွဲ ကို စီးပွားရေးလုပ်ပိုင်ခွင့်ရထားတဲ့ကုမ္မဏီတွေကိုစာရင်းလုပ်ကွာ၊ အဲ့ဒီကောင်တွေကိုပါဖေါ်ထုတ်ဆန့်ကျင်ပစ်လိုက်၊ ပြီးရင်အမေရိကန်သမ္မတ ဂျော့ဘုရှ် ကိုလည်းစာရေး။ဘာဖြစ်လို့ ၂၀၀၁ ခုနှစ် WTO အစည်းအဝေးမှာတရုတ်ကိုအဖွဲ့အဝင်အဖြစ်ဝင်ခွင့်ရဖို့လက်မှတ်ထိုးပေးခဲ့တာလည်း”လို့။
-----------------------------------------------------------------------------------------------------------------------------
ချိုင်းနား အနာလော်ဂျီ
ပီကင်းရီဗျူး ( Bejin Review) အပတ်စဉ်စာစောင် ကိုကျနော်တို့ပုံမှန်ဖတ်ဖြစ်ခဲ့တယ်။ အဓိကရည်ရွယ်ချက် က တရုတ်နိုင်ငံ နဲ့ အနောက်အုပ်စု ရဲ့ခြေလှမ်းတွေ ၊ကုန်သွယ်မှုတွေ၊ ရှန်ဟိုင်း နဲ့ ပီကင်းက မတူတဲ့ တရုတ်နိုင်ငံရေးသမားတွေ၊ ပညာတတ်တွေရဲ့ အယူအဆတွေကိုသိချင်လို့ပါ။
ဖတ်ဖြစ်တော့လည်းဒေါသဖြစ်ခဲ့ရတယ်။
ဒီမိုကရေစီရေးကို ထောက်ခံတယ်ပြောနေတဲ့ နိုင်ငံတွေကလည်း လူ့အခွင့်အရေးချိုးဖောက်မှု ကို ဆက်တိုက်လုပ်၊ နေတဲ့ တရုတ်ပြည် ရဲ့ ကျယ်ပြန်တဲ့ ဈေးကွက်တွေကို မျက်စာပစ်နေကြသလို၊ တရုတ်ကွန်မြူနစ်ခေါင်းဆောင်တွေကလည်း၊
“ ဇိမ်ခံနေတာကို ရှက်ပါ၊ တိုင်းပြည်အတွက်အလုပ်လုပ်ပါ” လို့သာအော်ဟစ်နေတာ သူတို့ရဲ့သားသမီးတွေကို အမေရိက က တက္ကသိုလ် တွေဆီပို့ပြီး အနာဂတ်အတွက်ပြင်ဆင်နေကြတာမို့လား။ တိန့်ရှောင်ဖိန်သားအကြီး က ကျနော်တို့ရောက်နေတဲ့ နယူးယောက် အထက်ပိုင်း
ဒေသ က ရိုချက်စတာတက္ကသိုလ် က ရူပဗေဒ ကို ဒေါက်တာဘွဲ့ ယူသွားသလို၊ ကျန်စီမင်း နဲ့ပတ်သက်တဲ့ သွေးရင်းဆွေမျိုးတွေ ကလည်း ရေးတက္ကသိုလ် တွေဆီကိုပို့ခဲ့တယ်မို့လား။ ကျနော့်သူငယ်ချင်းတွေကတော့ တခါတလေ ပီကင်းရီဗျူးစာစောင်ကို ဖတ်ပြီးဟာသလုပ်လေ့ရှိတယ်။ “ သူတို့က တနိုင်ငံ နဲ့ တနိုင်ငံ စီးပွားရေးလုပ်ကြတယ် ဆိုတာ သူများပြည်တွင်းရေးကို
စွက်ဖက်တာမဟုတ်ဘူး၊ တယောက် နဲ့တယောက်အကျိုးစီးပွားကို ကူညီကြတာနေမှာပါ” တဲ့
ကျနော်က- တရုတ်ပြည် အတိတ်သမိုင်း နဲ့ဆင်တူမျိုးကွဲဖြစ်စဉ် “China Analogy” ဆိုတဲ့ အဖြစ်အပျက်လေးတခုကိုပြောပြ
ကြည့်တယ်။ ၁၉၅၆ တုံးက ဟန်ဂေရီ မှာ တော်လှန်ရေးဖြစ်တော့ ဆိုဗီယက်ခေါင်းဆောင်ဖြစ်တဲ့ ခရူးရှက်ကဘယ်လိုတုန့်ပြန်ရမလဲ ဆိုတာာအကျပ်ရိုက်နေတုံး၊ စဉ်းစားနေတုံးမှာ တရုတ်ပြည်က ဥက္ကဌကြီးမော်စီတုံးက
” အရင်းရှင်တွေသွေးထိုးပေးတဲ့အယူအဆတွေကိုချေမှုန်းပစ်တော့” လို့တိုက်တွန်းလိုက်တယ်။ ခရူးရှက် နဲ့ ဘလက်စညက်တို့ကလည်း
လက်သံပြောင်စွာချေမှုန်းခဲ့တယ်။ ( စစ်အေးတိုက်ပွဲ ကာလတုံး က မှတ်တမ်းတွေ၊ ခေါင်းဆောင်တွေ ရဲ့ ပြောရေးဆိုခွင့် ရှိသူတွေ အင်တာဗျူးထားတဲ့ဟာတွေ၊ ဝန်ခံချက်တွေ တက္ကသိုလ်ကျောင်း စာကြည့်တိုက်တွေမှာ ရှိပါတယ်။) ၁၉၆၈ မှာ ဆိုဗီယက်ခေါင်းဆောင် ဘရက်စညက်က ချက်ကိုစလိုဗက်ကီးယား ရဲ့ ပါရာဂွေးနွေဦး လှုပ်ရှားမှုကိုချေမှုန်းပြီး၊ ဆိုဗီယက်တပ်တွေ ချက်ကိုသလိုဗက်ကီးယားကို
ကျူးကျော်ခဲ့ကြတယ်။သိတ်မကြာဘူး။
တရုတ်ပြည်ထဲမှာ ပါရာဂွေးနွဦးလှုပ်ရှားမှုလိုဖြစ်မှာကိုကြောက်တဲ့ “မော်” က ယဉ်ကျေးမှုတော်လှန်ရေးကိုစတင်ပြီး၊
ပြန်လည်ပြင်ဆင်ရေးသမားတွေ လို့ထင်တဲ့သူတွေကိုချေမှုန်းဖို့အတွက် လက်ဦးမှုယူတဲ့အစီအစဉ်တွေကို ပြုလုပ်ခဲ့တယ်။
ခုလည်းအဲ့ဒီလိုသမိုင်းလိုဖြစ်ရပ်တွေကပြန်လာပါတယ်။ ဗမာပြည်မှာ ၂၀၀၇ ခုနှစ်၊ ရဟန်းတော်တွေဦးဆောင်တဲ့လှုပ်ရှားမှုတခုဖြစ်တော့ တရုတ်အာဏာပိုင်တွေက ဗမာအစိုးရကို တိုင်းပြည်တည်ငြိမ်မှုရအောင်လုပ်တော့ လို့ တဘက်လှည့်နဲ့ချေမှုန်းခိုင်းတယ်။ နောက်- တိုင်းပြည်တွင်းမှာ တိဘက် အရေးတော်ပုံ ကို အင်အားသုံးနှိပ်ကွပ်ဖြေရှင်းတယ်။ ( ဗမာပြည်က ရှစ်လေးလုံးအရေးတော်ပုံ နဲ့ တီယန်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှု တုံးကလည်း ဒီလိုပဲတူညီမှုတွေ-ဆက်စပ်နေတယ်) တရုတ်သမိုင်း ရဲ့ တုန့်ပြန်မှုဖြစ်ရပ်တူတွေကို China Analogy လို့ခေါ်ကြတယ်။ တခုတော့ရှိတယ်။ ဥက္ကကြီးမော်လက်ထက်တုံးက တရုတ်နိုင်ငံ ရဲ့မီဒီယာတွေမှာ နေဝင်းအစိုးရကိုဆန့်ကျင်ရှုံ့ချနေတဲ့အသံတွေပြည့်နှက်နေခဲ့တယ်။
စစ်အာဏာသိမ်းအစိုးရကို တရုတ်နိုင်ငံကလက်မခံခဲ့ပေမဲ့၊ နောက်မျိုးဆက်တွေလက်ထက်မှာ တရုတ်ရဲ့နိုင်ငံခြားရေးမူဝါဒတွေက
ပြောင်းလဲသွားခဲ့တယ်။ ကူညီခဲ့ဖူးတဲ့လူတွေကိုကျေးဇူးတင်သလို၊ အိမ်နီးချင်းကောင်းမပီသလွန်းတဲ့ တရုတ်နိုင်ငံရဲ့
လက်ရှိခေါင်းဆောင်တွေကို သမိုင်းကတချိန်မှာအကျဉ်းတန်စွာဒဏ်ခပ်ကြပါလိမ့်မယ်။
တကယ်တော့-တရုတ်နိုင်ငံ က သူများတိုင်းပြည် ရဲ့ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ဘူးပြောတာရယ်စရာကောင်းပါတယ်။
အပိုင်း(၂)
တိဘက်အရေးတော်ပုံဖြစ်တော့ ကနေဒါ နိုင်ငံမှာ တရုတ်အစိုးရကိုထောက်ခံသူတွေ လူ(၄၀၀) က “တဘက်သတ်ဝါဒဖြန့်မှုတွေကိုမယုံနဲ့၊ တိဘက်ဟာ တရုတ်ပြည်ရဲ့ အမြဲပိုင်ဆိုင်တဲ့နယ်မြေဖြစ်တယ်။” လို့ဆိုကြသလို၊ တိဘက်တွေကလည်း တရုတ် ရဲ့ကျူးကျော်မှု ရှုတ်ချပြီးလွတ်မြောက်ရေးအတွက်ပြင်ဆင်ကြတယ်။ လှုပ်ရှားကြတယ်။ သေချာတာတခုတော့ ရှိတယ်။ တရုတ်အစိုးရ ရဲ့ အင်အားသုံးချေမှုန်းတဲ့၊ ရိုင်းစိုင်းတဲ့ တုန့်ပြန်မှုတွေကို ဘယ်သူကမှ လက်မခံကြဘူး၊
ဒါပေမဲ့ တိဘက်အရေးလှုပ်ရှားနေသူတွေဘက်ကလည်းသမိုင်းကို ချက်အလက်ပိုင်ပိုင်နိုင်နိုင်ပြောသင့်တယ်။
ကျနော်တို့က တိဘက်ပြည်သူတွေရဲ့လှုပ်ရှားမှုကိုထောက်ခံတယ်။ တရုတ်အစိုးရ ရဲ့ လက်လွတ်စပယ်ဖြေရှင်းမှု ကို ခါးခါးသီးသီးဆန့်ကျင်တယ်။ (၁၇) ရာစု ချင် မင်းဆက် ( Qing Dynasty) က အကြောင်းကို မိတ်ဆက်ပေးချင်တယ်။ ၁၉၁၁ ခုတုံးက တိဘက်လူမျိုးတွေ ရဲ့ လွတ်လပ်ရေးကြေငြာမှုအပေါ်ပျက်ကွက်ခဲ့တဲ့ အနောက်အုပ်စုအပါအဝင် နိုင်ငံအားလုံး ကို ပြန်ပြီးမေးခွန်းတခု
မေးချင်တယ်။ “ ၂၀ ရာစုအဝင်မှာ-- ကိုလိုနီနိုင်ငံတွေလွတ်မြာက်ဖို့-ခင်ဗျားတို့ ခေါင်းခါ ခဲ့တဲ့ ခုနှစ်တွေ-ခုတော့ သွေးချောင်းစီးနေပြီပေါ့” လို့
ဥပေက္ခာပြုခံရတဲ့ နိုင်ငံ ( သို့မဟုတ်) တိဘက်
ဘီစီ (၄၀၀၀) မှာ တရုတ်မျိုးနွယ်စုတွေ နဲ့ တိဘက်-ဗမာ မူလပထမမျိုးနွယ်စုတွေ (Proto-Tibeto-Burman) ရဲ့ဘာသာဗေဒတွေစတင်
ကွဲလာခဲ့တယ်လို့သမိုင်းပညာရှင်တွေကယူဆကြတယ်။ တရုတ်မျိုးနွယ်တွေ မြစ်ဝါချိုင့်ဝှမ်းတလျောက်တဖြည်းဖြည်းကြီးထွားလာပြီး
အခြေချဖို့ကြိုးစားးနေချိန်မှာ၊ တိဘက်-ဗမာမျိုးနွယ်စုတွေကရေကြည်ရာမြက်နုရာအရပ်လေးမျက်နှာလျောက်သွားလည့်လည်နေထိုင်
ခဲ့ကြတယ်။ အေဒီ (၅၀၀)မှာ တိဘက်မျိုးနွယ်တွေ ဗမာမျိုးနွယ်တွေ နဲ့ကွဲထွက်သွားခဲ့တယ်။
တိဘက်ကုန်းမြင့်ဒေသ ဟာအမြင့်ပေ ( ၁၆၀၀၀) မှာတည်ရှိနေတဲ့အတွက် “ကမ္ဘာရဲ့အမိုး” လို့သမိုင်းပညာရှင်တွေက ခေါ်ကြတယ်။
သူ့ပတ်ဝန်းကျင်မှာ- ယန်စီ၊ မဲခေါင်၊ မြစ်ဝါ၊ သံလွင်၊ ဘရာမာပူထာ ( တိဘက်ပြည်ထဲ ကိုအဓိကစီးဆင်းတဲ့မြစ်) အပါအဝင် မြစ်ပေါင်း (၈) စင်းကျော်စီးဆင်းတယ်။ တချို့ ကအာရှတိုက်အလယ်ပိုင်းဒေသမှာပါတယ်လို့ပြောကြသလို၊တချို့အဖွဲ့အစည်းတွေက အာရှတိုက်တောင်ပိုင်းမှာ တည်ရှိတယ်လို့ဆွေးနွေးလေ့ရှိတယ်။
တိဘက်တွေ ရဲ့သမိုင်းကိုစပြောမယ်ဆိုရင် (၇) ရာစု ကစတင်ပြောလိမ့်မယ်။ ဗိုလ်ချုပ် နမ်ရီ ဆွန်ဇန့် (Namri Songzen) က ပထမဆုံးတိဘက် ကိုစုစည်းတည်ထောင်သူဖြစ်ခဲ့သလို၊ သူ့ရဲ့သားတော် ဂမ်ပို (Sangtsan Gampo) က ယာလန်းမြစ်ဝှမ်းတလျောက် အေဒီ (၆၀၄-၆၄၉) မှာ ဘုရင်အဖြစ်အုပ်ချုပ်ခဲ့တယ်။ သူ က အင်အားကြီးမားလွန်းတဲ့ တရုတ်အင်ပါယာ တိုင်ဇောင်း ရဲ့တူမ အိမ်ရှေ့မင်းသမီး ဝန့်ချန်း နဲ့လက်ထပ်
ခဲ့တယ်။ တိဘက် အင်ပါယာဟာ (၈) ရာစုလောက်ကတည်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း နဲ့ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဂန်ဆူးပြည်နယ်
တွေအထိ သိမ်းပိုက်ကြီးစိုးနိုင်ခဲ့တယ်။ ဒါပေမဲ့ကက်ရ်မီးယား နဲ့ အာရှတိုက်အလယ်ပိုင်းကိုဆက်ဆံရေးချဲ့ထွင်ဖို့ကြိုးစားတဲ့ တရုတ်စစ်သေနာပတိ ဂါအိုရှင်းယန်စီ လက်ထက်မှာတော့ တိဘက်ပိုင်တဲ့ အာရှတိုက်အလယ်ပိုင်းတော်တော်များများဆုံးရှုံးခဲ့ရတယ်။
(၈) ရာစုကုန်ခါနီးမှာ တိဘက်တွေ အန်ရှင်းပုန်ကန်မှု ကိုအကြောင်းပြုပြီး တရုတ် နိုင်ငံမြို့တော် ချန်အန်းထိ ဝင်တက်သိမ်းကြတယ်။
ဒါပေမဲ့သိတ်မကြာဘူး၊ တရုတ်တပ်မဟာတွေကို ဝင်တိုက်တာကြောင့်ဆုတ်ခွာခဲ့ရတယ်။ (၉) ရာစုမှာ တရုတ် နဲ့ တိဘက် နှစ်နိုင်ငံငြိမ်းချမ်းရေးစာချုပ်ချုပ်တယ်။ အခု နာမည်ကြီးနေတဲ့တိဘက်မြို့တော် လာဆာ ( Lhasa) မြို့ထဲက
ဂျော့ဟန်ဘုရားကျောင်းရှေ့မှာရှိတဲ့ ကျောက်တုံးတတုံး အပေါ်မှာ တိဘက် နဲ့ တရုတ်သဘောတူတဲ့အရာတွေ၊ နယ်နမိတ်မျဉ်းတွေကိုရေးဆွဲခဲ့ကြတယ်။ တိဘက်တွေ (၉) ရာစုအလယ်ထိ အာရှတိုက်အလယ်ပိုင်းကိုလွမ်းမိုးထားခဲ့တယ်။
မွန်ဂို နဲ့ ယွန်မင်းဆက်ကျူးကျော်မှုများ
၁၃ ရာစုမှာ တိဘက်ဒေသဟာ မွန်ဂိုတွေ နဲ့ ယွန်မင်းဆက်တွေအတွက်အာရုံစိုက်စရာနယ်မြေတွေဖြစ်ခဲ့တယ်။ မွန်ဂို တွေထဲ က ကူဗလိုင်ခန် ရဲ့မျိုးနွယ်တွေ ဆက်နွယ်ပါဝင်ခဲ့တယ်။ ၁၆ ရာစုထိ ယွန်မင်းဆက်အောက်မှာ ရှိနေခဲ့ပြီး (၁၇) ရာစုအစမှာ အာလ်တာခန် ( Alta Khan) ကနေ ဆွန်နမ် ဂျပ်ဆို (Sonam Gyatso )ကို ဒလိုင်းလားမားအဖြစ်စတင် အပ်နှင်းအမည်ပေးတယ်။ “ဆွန်နမ် ဂျပ်ဆို” ဆိုတဲ့ဘုန်းတော်ကြီး က ဂယ်လပ်ခ်ပတ်ကျောင်း ( တိဘက်ဗုဒ္ဓဘာသာကျောင်း) က ဘုန်းကြီးဖြစ်တယ်။ (၁၇) ရာစုအစမှာ ဒလိုင်းလားမား (၄) ဆက်လက်ဆက်ခံခဲ့သလို ရာစု နှစ်ကုန်ခါနီးမှာ ဒလိုင်းလားမား (၆) ထိဆက်ခံခဲ့တယ်။
(၁၇) ရာစု အစမှာကတည်းက ပေါ်တူဂီတွေ တိဘက်နယ်မြေကိုအရောက်လာပြီ။ ချင် မင်းဆက်ဘုရင်တွေ တိဘက်နယ်မြေမှာ တခုပြီးတခုပြောင်းခဲ့တယ်။ (၂၀) ရာစုရောက်လာတဲ့အချိန်မှာတော့ ဗြိတိ (ရှ်) အင်ပါယာ နဲ့ ရုရှားအင်ပါယာတို့ ရဲ့နယ်ချဲ့မှုဟာ အာရှတိုက်အလယ်ပိုင်းကိုအပြိုင်ရောက်လာပြီး တိဘက်ဟာ သူတို့အတွက် အကြီးမားဆုံးဆုတခုဖြစ်လာတယ်။
၁၉၁၁ အောက်တိုဘာ (၁) ရက်နေ့မှာ ကွင့် (ဂ်)မင်းဆက်ပြုတ်ကျခဲ့တယ်။
တိဘက် က လွတ်လပ်ရေးကြေငြာတယ်။ ၁၉၁၂ မှာ တရုတ်အစိုးရ က လာဆာ ကို ကိုယ်စားလှယ်အသစ် ပို့ဖို့ကြိုးစားနေတုံးမှာ တိဘက်တပ်တွေက မြို့ကိုထိန်းသိမ်းထား နိုင်ခဲ့တာကြောင့် တရုတ်တပ်စုတွေလက်နက်ချရတယ်။ ဒလိုင်းလာဒမား (၁၃) ထိဆက်
လက်ဆက်ခံခဲ့ပေမဲ့ ဗြိတိန်အပါအဝင် ဘယ်နိုင်ငံ ကမှ လွတ်လပ်ရေးကိုအသိအမှတ်မပြုခဲ့ဘူး။ ၁၉၁၄ မှာ ဗြိတိန်၊ တရုတ် နဲ့ တိဘက် (၃) နိုင်ငံ အိန္ဒိယ မှာ ဆင်းမလား ( Simla) စာချုပ် ချုပ်ဆိုတယ်။ ဗြိတိန် က တိဘက် ကို အပြင်ဘက် ဒေသ နဲ့ အတွင်းဒေသအဖြစ် နှစ်ပိုင်းခွဲဖို့ကြိုးစား
ခဲ့တယ်။ ဇာတ်လမ်းစရှုပ်တော့တာပါပဲ။
အပိုင်း(၃)
တရုတ်အမျိုးသားရေးလှုပ်ရှားမှု နဲ့ တိဘက်အနာဂတ်
“ချင် မင်းဆက်( Qing Dynasty) ကို ဖြုတ်ချပြီးတဲ့နောက် လူတွေကပြောကြတယ်။ ကျနော်တို့အမျိုးသားရေးစိတ်ဓါတ်တွေမလိုတော့ဘူးတဲ့။ ဒီလိုအယူအဆဟာအင်မတန်မှားယွင်းပါတယ်။ ကျနော်တို့အခုပြောနေတာက ဟန်၊ မန်ချူး၊ တိဘက်၊ မွန်ဂို၊ ဟူရီ(အီ)-လူမျိုးစုတွေပါတဲ့၊ “လူမျိုးစု (၅) မျိုးရဲ့နိုင်ငံတော်” ဖြစ်ဖို့ပြောနေတာ။ ကျနော်ရပ်တည်ချက်ကတော့ ကျနော်တို့လူမျိုးစုတွေတစုနဲ့တစုပူးပေါင်းလုပ်ကိုင်ကြမယ်။ ယဉ်ကျေးတိုးတက်တဲ့ တရုတ်နိုင်ငံတော်တခုကို တည်ဆောက်ကြမယ်။ ခေတ်မှီတိုးတက်တဲ့ တရုတ်နို်င်ငံတော် တခုတည်းဖြစ်သွားပြီဆိုရင်တော့ ကျနော်တို့ “အမျိုးသားရေးစိတ်ဓါတ်” ဆိုတဲ့ဝေါဟာရ ရှိစရာမလိုတော့ဘူးပေါ့”
ချင်မင်းဆက် ကျဆုံးသွားပြီးတဲ့နောက် မန်ချူးတွေကို ပြင်ပ က ကျူးကျော်သူတွေလို့သတ်မှတ်ခဲ့ပေမဲ့ တရုတ်အမျိုးသားခေါင်းဆောင် ဆွန်ယက်ဆင် က နိုင်ငံတော်အလံတခုအောက် က လူမျိုးစု(၅)စု ဆိုတဲ့အယူအဆကိုဆက်လက်တင်သွင်းခဲ့တယ်။ သမိုင်းကိုလေ့လာကြည့်ရင်၊ ၁၉၁၂ ခုမှာ ဒီအယူအဆကို စတင်ခဲ့သူ ဟာ ကွင့်(ဂ်) မင်းဆက်အပြီးတရုတ်သမ္မတနိုင်ငံ ကိုစတင်တည်ထောင်ခဲ့သူ ယွန်ရှီခိုင် ( Yuan Shikai) ဖြစ်တယ်။ ဆွန်ယက်ဆင် ကတော့ တရုတ်ပြည်ကို ဂျာမဏီ နဲ့ ဂျပန် အင်ပါယာလိုတည်ဆောက်ဖို့စိတ်ကူးထားပုံရပါတယ်။ ၁၈၈၄ မှာ Xinjiang
( ဆင်ကီးယန်း) ပြည်နယ်သစ်ကိုကွင်(ဂ်)မင်းဆက်လက်ထက်မှာစတည်ထောင်လိုက်ကတည်းက၊ အဲ့ဒီနယ်မြေတွေမှာ အနောက်တိုင်းအယူအဆ
တွေကိုတင်သွင်းဖို့ကြိုးစားလာလိုက်ကတည်းက တိဘက် နဲ့ မွန်ဂိုလူမျိုးစုတွေအတွက် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာပြဿနာတွေက ရှုပ်ထွေး
လာခဲ့တယ်။ ၁၉၁၁ မှာ တိဘက်လူမျိုးစုတွေက ချင် မင်းဆက်ပြုတ်ကျသွားပြီးတဲ့နောက်၊ တရုတ်တွေ ရဲ့သိမ်းပိုက်မှုအောက်ကနေ လွတ်လပ်ရေးကြေငြာခဲ့တယ်။ ပြဿနာက အရင်တုံးက ကိုလိုနီလုပ်ခဲ့တဲ့ ဗြိတိန်အပါအဝင် လွတ်လပ်တဲ့နိုင်ငံတွေအားလုံး၊ ဘယ်သူကမှ တိဘက်လွတ်လပ်ရေးကိုအသိအမှတ်မပြုခဲ့ကြဘူး။ (၁၉၄၅ မှာ အမေရိကန်ပြည်ထောင်စု က တိဘက်ဟာ တရုတ်နိုင်ငံ ရဲ့နယ်မြေတခုအဖြစ်
သတ်မှတ်ထားခဲ့တယ်။) ဒီလိုနဲ့ “တိဘက်” ဟာ တရားမဝင်လွတ်လပ်တဲ့နိုင်ငံ (De facto government) အဖြစ် တရုတ်ပြည်တွင်း
စစ်ကာလမှတလျောက်တည်ရှိနေခဲ့တယ်။
ငြိမ်းချမ်းစွာလွတ်မြောက်မှု့ (သို့) သဘောတူညီမှု့ (၁၇)ချက်
၁၉၄၉ အောက်တိုဘာ (၁) ရက်နေ့မှာ တရုတ်ကွန်မြူနစ်တွေ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် အစိုးရဖွဲ့ပြီးနောက်တနှစ်မှာ ပြင်ဆင်မှုလုပ်မထားနိုင်တဲ့တိဘက်နိုင်ငံ ချမ်ဒို (Chamdo)မြို့ ကို စစ်အင်အား လေးသောင်းကျော် နဲ့ဝင်တိုက်တယ်။ တိဘက်ရဲ့စစ်အင်အားက
( ၅၀၀၀) လောက်ပဲရှိတာ ဆိုတော့ တိဘက်ဒေသဆိုင်ရာအစိုးရ က ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရတယ်။ တရုတ်တွေက ငြိမ်းချမ်းစွာ
လွတ်မြောက်မှု လို့ပြောပေမဲ့ တိဘက်တွေဘက်ကတွက်ကြည့်ရင် နယ်ချဲ့တဲ့လူမျိုးရေးသုတ်သင်ရှင်းလင်းမှု လို့ဆိုကြတယ်။
၁၉၅၁ မေ (၂၃) တရုတ်ပြည်ပီကင်းမြို့တော်မှာ တရုတ်နိုင်ငံ ဗဟိုအစိုးရ နဲ့ တိဘက်ဒေသဆိုင်ရာအာဏာပိုင်တွေကြား သဘောတူညီမှု စာချုပ်တခုချုပ်ဆိုခဲ့တယ်။ အချက် (၁၇) ချက်ပါတယ်။ အချက် (၁) မှာ တိဘက်ပြည်သူတွေဟာမိခင်တရုတ်ပြည်မကြီးကိုပြန်လာသင့်တယ်။ အချက်(၂)မှာ တဘက်တွေဟာတရုတ်လွတ်မြောက်ရေးတပ်မတော်ကိုကူညီရမယ် ဆိုတဲ့အချက်တွေပါဝင်ခဲ့တယ်။ ကျန်တဲ့အချက်တွေက ဒလိုင်းလားမား နဲ့ ပန်ချီယန်လားမား ရဲ့ အာဏာကိုကန့်သတ်ပေးထားတဲ့ဟာတွေ၊ တဘက်စစ်တပ်တွေဟာတရုတ်ပြည်ကာကွယ်ရေးတပ်မတော် ရဲ့အစိတ်အပိုင်းအဖြစ်သတ်မှတ်ထားတာတွေပါတယ်။ ဒါပေမဲ့ အချက် (၇) ၊ (၁၁) နဲ့ (၁၃) ကိုတော့ တရုတ်ကွန်မြူနစ်ပါတီဟာ ပြောင်ပြာင်
တင်းတင်းချိုးဖောက်ခဲ့တယ်။ ဒါကြောင့် တိဘက်ဟာ တရုတ်ပြည် ရဲ့အစိတ်အပိုင်း တခုဖြစ်တယ် လို့ပြောနေတဲ့ သူတွေ ကိုရင်ဆိုင်ဖို့
သမိုင်းဆိုင်ရာအချက်အလက်ကိုအဝေးကြီးမသွားချင်ရင်၊ တရုတ် နဲ့ချုပ်ဆိုတဲ့ အချက်(၁၇) ချက်သဘောတူညီမှု ကိုကိုင်ပြီးပြောသင့်တယ်။ စာချုပ်အရ-
အချက် (၇) မှာ--
ဘုန်းကြီးကျောင်းတွေ ရဲ့ဝင်ငွေတွေကို ဗဟိုအစိုးရဟာအပြောင်းအလဲမလုပ်ပါဘူး။ ဘာသာရေးကိုးကွယ်ယုံကြည်မှုဆိုင်ရာ မူဝါဒတွေကို အစိုးရာကာကွယ်စောင့်ရှောက်ပါမယ် လို့ဆိုတယ်။ ( စဉ်းစားစရာတခုတော့ရှိတယ်၊ ဒီအချက်မှာ- တရုတ်အစိုးရက “ နိုင်ငံရေးအတိုင်ပင်ခံ
ညီလာခံမှ ချမှတ်ထားသော မူဝါဒ” ဆိုတဲ့စကားလုံး ကိုသုံးထားတယ်။ ညီလာခံကချမှတ်ထားတဲ့ ဘာသာရေးယုံကြည်ကိုးကွယ်မှု ရဲ့အတိုင်းအဆကန့်သတ်ချက်က ဘာလဲ။ စကတည်းက တရုတ်ကွန်မြူနစ်တွေလူလည်ကျထားတာလားတော့မသိဘူး။)
အချက်(၁၁)မှာ--
တိဘက်လူမျိုးတွေနေထိုင်တဲ့ ဒေသမှာ ပြုပြင်ပြောင်းလဲရေးလုပ်ချင်တဲ့ အရာမှန်သမျှ ကို တရုတ်ဗဟိုအစိုးရက စွက်ဖက်မှုမလုပ်ပါဘူး။ တိဘက်ဒေသဆိုင်ရာအစိုးရဟာစိတ်ကြိုက်ပြုပြင်ပြောင်းလဲရေးလုပ်လို့ရတယ် လို့ဆိုတယ်။
အချက် (၁၃) မှာ
တရုတ်အစိုးရဟာ တိဘက်နယ်မြေမှာ တရားမျှတတဲ့ ကုန်သွယ်ဖောက်ကားမှုကိုလုပ်ပါမယ်။ ပြည်သူတွေဆီက အပ်တချောင်း၊ ချည်မျှည်တကြိုး မှမယူပါဘူးလို့ ဆိုထားတယ်။
ဒါပေမဲ့တရုတ်အစိုးရဟာ တိဘက်တွေက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ကြိုးစားတိုင်း ဘုန်းကြီးကျောင်းတွေကိုဝင်ဖျက်ဆီး၊ ကျောင်းပိုင်ငွေတွေကို သက်ဆိုင်ရာတရုတ်ရဲတွေကတိတ်တဆိတ် သိမ်းယူ၊ ဘုန်းတော်ကြီးတွေကိုဖမ်းဆီးနှိပ်စက်၊ တပြိုင်နက်တည်း တိဘက်ဒေသထဲ ဟန်လူမျိုးတရုတ်တွေကို အလုံးအရင်းနဲ့ အခြေချခိုင်းပြီးစီးပွားရေးလုပ်ငန်းတွေကို ဦးစီးခိုင်းပြီး တိဘက်နယ်မြေကိုစီးပွားရေးအရ
နောက်ထပ်တခုကြီးစိုးဖို့လုပ်တယ်။ ဆိုင်တွေကိုမီးရှို့တယ်။လုယက်နေကြတယ် လို့ပြောနေသံကို “ မင်းတို့ ငါတို့နယ်မြေကိုစီးပွားရေးအရကျူးကျော်နေတော့ ငါတို့လုပ်ရမှာပဲ” တဲ့---- ကျနော် --- အဝေးက မန္တလေး ကိုသတိရနေမိတော့---
ဒါကြောင့် တိဘက်အကြောင်းကိုငြင်းရင် ဒီအချက်တွေကိုထောက်ပြသင့်တယ်။ တရုတ်က လူလည်ကျပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့ အရာတွေကိုပါ။ သမိုင်းတွေအဝေးကြီးကိုပြန်သွားချင်လည်း ရပါတယ်။ ဒါပေမဲ့ ဒလိုင်းလားမားက ဘာပြောနေသလဲ၊ နိုင်ငံခြားရောက်နေတဲ့ တိဘက်တွေ၊ လွတ်လပ်ရေးတောင်းနေတဲ့သူတွေ ရဲ့အသံတွေက ဘာလဲ၊ သေချာတာတခုတော့ ရှိတယ်။ ဒလိုင်းလားမားပြောနေတဲ့ “ တိဘက် ကို တရုတ်လက်အောက်ကနေလွတ်လပ်ရေးမတောင်းဆိုချင်ပါဘူး၊ ဘာသာရေး၊ ယဉ်ကျေးမှု အရလွတ်လပ်ချင်တာတခုပါပဲ လို့ပြောနေတဲ့ စကားတွေကို တိဘက်အရေးလှုပ်ရှားသူတွေအတွက် စိတ်မသက်မသာဖြစ်ခဲ့ရတယ်။ Free Tibet လို့ကြွေးကြော်ချင်ရင် ဒလိုင်းလားမားကို မကိုးကွယ်မှာဖြစ်မယ်ဆိုတဲ့ တိဘက်ကျောင်းသားတယောက်ရဲ့ခံစားချက်ကို ကျနော်စိတ်မကောင်းစွာကြားခဲ့ရတယ်။
အောင်မိုးဝင်း
0 comments:
Post a Comment