လူထု ရဲ့အင်အားကိုသာယုံသူတွေရဲ့ဆွေးနွေးပွဲ

Friday, July 11, 2008, 7:16 PM

Post your comment Post Comment | Email this to your friend 0 comments


အမေရိကန်ပြည်ထောင်စု၊ဘောစတွန်မြို့က(Tufts University)မှာနိုင်ငံတကာအကြမ်းမဖက်လှုပ်ရှားမှုဗဟို (ICNC) ကနေနိုင်ငံအသီးအသီးမှာလွတ်မြောက်မှုအတွက်ရုန်းကြွတိုက်ပွဲဝင်နေတဲ့ခေါင်းဆောင်တွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေမှာလုပ်ကိုင်နေတဲ့သူတွေကိုဖိတ်ခေါ်ပြီးဂျွန်လ(၂၂) ကနေ(၂၉) ရက်အထိတပတ်လုံးလုံး
ဆွေးနွေးငြင်းခုန်ပွဲတွေပြုလုပ်ခဲ့ကြပါတယ်။အခန်းအနားကို၁၉၆၀-၇၀ ကာလတွေအတွင်းက
အမေရိကန်ပြည်ထောင်စုမြို့ပြအခွင့်အရေးမှာမာတင်လူသာကင်းတို့နဲ့အတူဦးဆောင်တိုက်ပွဲဝင်ခဲ့သူတဦးလည်းဖြစ်၊ နက်ရှ်ဘေးမြို့မှာမြို့လယ်ခေါင်ကော်ဖီဆိုင်ကိုအာခံသပိတ်မှောက်ပွဲအတွက်စံနစ်တကျသင်ခန်းစာပို့ချခဲ့သူတဦးဖြစ်သူဂျိန်းလော်ဆင်၊
တောင်အာဖရိကနိုင်ငံအသားအရောင်ခွဲခြားမှုကိုဆန့်ကျင်တိုက်ပွဲဝင်စဉ်က ဆန္ဒပြပွဲနှင့်မြေအောက်လှုပ်ရှားမှုကို
တက်တက်ကြွကြွလုပ်ကိုင်ခဲ့သူ ပါမောက္ခ ဂျက်နက်ချယ်ရီ (နယ်ဆင်မင်ဒဲလားတက္ကသိုလ်)၊ ဆားဗီးယန်း OTPOR အဖွဲ့က
ကျောင်းသားခေါင်းဆောင်သုံးဦးဖြစ်သည့်ဆာဂျာ၊ အီဗန်မာရိုဗစ်၊ ဆလိုဗိုဒန်ဂျီနိုဗစ်တို့ကလာရောက်တက်ခဲ့ကြသလို၊ နိုင်ငံတကာလူထုရုန်းကြွမှုများကိုဖေါ်ပြထားသည့် (Force More Powerful) စာအုပ်ကိုရေးသားထုတ်ဝေခဲ့သူ ပီတာအက်ကာမန်း နှင့် ဂျက်ဒူဗောတို့လည်းတက်ရောက်ခဲ့ကြတယ်။ ဗမာပြည်အရေးကိုဆွေးနွေးငြင်းခုန်ဖို့အတွက် ဒုတိယအိမ်နိုင်ငံတကာစာပေမှ ကိုအောင်မိုးဝင်း နှင့် နိုင်ငံရေးအန်တုမှုကော်မတီမှကိုကျော်ကျော် တို့တက်ရောက်ခဲ့ကြပါတယ်၊

ဒါအပြင် စတန်းဖို့ဒ်တက္ကသိုလ်၊ တာ့ဖ်တ်စ်ယူနီဗာစီတီ၊ ဟားဗတ်တက္ကသိုလ်၊ ကိုလံဘီယာယူနီဘာစီတီ၊ဆန်ဖရန်စစ္စကိုဘက်မှ
တက္ကသိုလ်ပါမောက္ခတွေတက်ရောက်ဆွေးနွေးခဲ့ကြသလို အမေရိကန်အမျိုးသားလုံခြုံရေး နှင့်နိုင်ငံတကာဆက်ဆံရေးဌာနမှ နိုင်ငံရေးသိပ္ပံပညာရှင်တွေ ကမ္ဘာ့နိုင်ငံရေးပါဝါအပြောင်းအရွှေ့နှင့်ဂလိုဘယ်လိုက်ဇေးရှင်းရဲ့အကျိုးအပြစ်များကိုဆွေးနွေးရင်း
လူထုလှုပ်ရှားမှုကိုအားနည်းသွားစေတဲ့အရာတွေ၊ အားသားမှုဖြစ်စေတဲ့အရာတွေကိုမီးမောင်းထိုးတင်ပြသွားပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှ ပါလက်စတိုင်းအရေးလှုပ်ရှားနေသူတွေ၊ လက်ဘနွန်နိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ နီပေါ၊ ယူကရိန်း လက်တင်အမေရိကနိုင်ငံကဒီမိုကရေစီရေးလှုပ်ရှားသူတွေလည်းတက်ရောက်ဆွေးနွေးဝေဖန်ကြပါတယ်။
ဗင်နီဇွဲလားက ဟူဂိုးရှားဗက်ကိုဆန့်ကျင်နေတဲ့အတိုက်အခံတယောက်က
“ကျနော်က အာဏာရှင်ဟူးဂိုးကိုမုန်းသလို အမေရိကန်သမ္မတ ဂျော့ဘုရှ် ရဲ့အမေရိကန်နိုင်ငံခြားရေးမူဝါဒတွေကိုလည်းမကြိုက်ဘူး”လို့
ပြင်းပြင်းထန်ထန်ဝေဖန်သွားပါတယ်။ သူက သူ့နိုင်ငံကသဘာဝဓါတ်ငွေ့နဲ့ရေနံတွေ အီရတ်စစ်ပွဲအတွက်အားဖြည့်ပေးနေတာကို
နှစ်မြိုမှုမရှိဘူးလို့ဆိုပါတယ်။ ဆွေးနွေးငြင်းခုန်ပွဲ တပတ်လုံးအတွင်းထူးခြားချက်ကတော့ တက်ရောက်လာကြတဲ့ပါမောက္ခတွေက
သူတို့ရေးသားတဲ့စာအုပ်တွေကိုအလကားဝေပေးခြင်းပဲဖြစ်ပါတယ်။ စာအုပ်ပေါင်းဆယ်အုပ်ကျော်မယ်ထင်ပါရဲ့။
၂၀၂၅ မှာအာဏာရှင်အားလုံးအဆုံးသတ်စေရမယ်ဆိုတဲ့စာအုပ်တအုပ်ကတော့လူတွေကိုပြုံးစေခဲ့တယ်လို့ဆိုရပါမယ်။
စာရေးဆရာက အမေရိကန်သံအမတ်ဟောင်းတဦးဖြစ်တဲ့ မတ့်က်ပေါမား( Mark Palmer) ဆိုသူဖြစ်ပြီး သူက အမေရိကန်ထောက်လှမ်းရေးဗဟိုဟာ ၁၉၈၈ မှာဗမာအစိုးရကိုသပိတ်မှောက်တဲ့အနေနဲ့အဆက်အသွယ်ဖြတ်ခဲ့တာမှားတယ်လို့
ယုံကြည်နေသူပါ၊ ထူးခြားတဲ့အစီအစဉ်တရပ်ကတော့ တိဘက်အရေးလှုပ်ရှားသူ၊ ဟားဗတ်တက္ကသိုလ်က တိဘက်ကျောင်းသားတယောက်ရဲ့တင်ပြမှုပါ၊
သူကတရုတ်ကျောင်းသားတွေ၊ စကော်လာတွေနဲ့ တိဘက်စကော်လာတွေ ဟားဗတ်တက္ကသိုလ်ထဲမှာ တိဘက်အရေး ဆွေးနွေးပွဲမပြတ်လုပ်နေခဲ့တာတွေ၊ တရုတ်ပြည်ခေါင်းဆောင်ပိုင်းက အစွန်းရောက်အမာခံတွေနဲ့ သဘောထားပျော့ပြောင်းသူတွေကြားက
ပြဿနာတွေကိုရှင်းပြခဲ့ပုံက တိဘက်အရေးကိုအရမ်းလျောက်လုပ်နေတဲ့လူတွေအတွက်သတိထားစရာလိုဖြစ်နေပါတယ်။
တကယ်တော့ ဘောစတွန်မြို့က (Tufts University) ဟာ အမျိုးသားလုံခြုံရေး နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေမှာ
နာမည်ကြီးတဲ့ကျောင်းတကျောင်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကထုတ်ဝေတဲ့ပညာရေးဂျာနယ်တွေအရ အဲ့ဒီကျောင်းဟာ ဘွဲ့လွန်ဘာသာရပ်တွေကိုတိုင်းတာတဲ့တက္ကသိုလ်တွေထဲမှာအဆင့် (၂၈) မှာရှိပါတယ်။
ဗမာအရေးနဲ့ပတ်သက်ပြီးဘာတွေဆွေးနွေးခွင့်ရခဲ့ပါသလဲလို့မေးတဲ့အခါ၊
ဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူတဦးဖြစ်တဲ့က “ ပြောစရာတွေတော့အများကြီးပေါ့၊ ထူးထူးခြားခြားခံစားမိတာက လက်ဘနွန် ကလာတက်တဲ့ တက္ကသိုလ်ကျောင်းသူတဦးက ဗမာပြည်ကကျောင်းသားတွေဖြစ်တဲ့ကျနော်တို့ကိုဝမ်းသာအားရလာမိတ်ဆက်ပြီး၊ သိလား၊ ကျမတို့လက်ဘနွန်ကတက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေစိတ်ဓါတ်ကျနေတုံးဗမာပြည်က
ဘုန်းကြီးတွေ၊ ကျောင်းသားတွေရဲ့လှုပ်ရှားမှုကိုကြည့်ပြီး ငါတို့လည်းရုန်းထကြမယ်ဆိုပြီးအားတက်ခဲ့ကြတယ်။
ဗမာပြည်အရေးက တကမ္ဘာလုံးရဲ့နေရာတိုင်းမှာရိုက်ခတ်နေပြီ၊ နင်တို့အောင်မြင်မှဖြစ်မယ်။ ဗမာပြည်အရေးက ငါတို့အတွက်စံ
ဆိုတော့ငါတို့လည်းတတ်နိုင်သလောက်ကူညီသွားမယ်လို့အားပေးကြတယ်။ ကျနော်တို့ဘက်ကလည်း ဆားဗီးယားလှုပ်ရှားမှု၊ တောင်အာဖရိကလှုပ်ရှားမှု၊ ဖီလစ်ပိုင်လှုပ်ရှားမှုတွေနဲ့ယှဉ်ပြီး ဗမာအရေးဟာဘယ်လောက်ခက်ခက်ခဲခဲတိုက်ပွဲဝင်နေရတယ်။ ဒါပေမဲ့ လက်မလျော့စတမ်းတိုက်ပွဲဝင်နေတယ်…. စတဲ့ယုံကြည်ချက်တွေကိုဆွေးနွေးဖြစ်ပါတယ်။
အသေးစိတ်တွေကိုမကြာခင်ရေးပေးပါမယ်။စိတ်ဝင်စားစရာကောင်းလို့ပါ”
လို့ပြောကြားခဲ့ပါတယ်။ သေချာတခုကတော့ အဲ့ဒီဆွေးနွေးပွဲဟာ လူထုတိုက်ပွဲပေါ်ကိုသာယုံယုံကြည်တဲ့သူတွေရဲ့စုဆုံမှုလို့ဆိုနိုင်ပါတယ်။ နိုင်ငံအသီးသီးရဲ့လူထုတိုက်ပွဲတွေအပေါ်အာရုံစိုက်ပြီးဆွေးနွေးကြလို့ပါ။



နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ