“ခက်ခဲကြမ်းတမ်းမှုတွေနဲ့ရင်ဆိုင်လာရတဲ့အချိန်ကာလမှာ
ဝေဖန်တိုက်ခိုက်မှုတွေကလည်းပိုမိုကျယ်လောင်လာခဲ့တယ်။
အဲ့ဒီလိုအခါမျိုးမှာ သမိုင်းရဲ့ဆန်းစစ်အကဲဖြတ်မှုတွေထဲမှာ၊
မင်းကိုယ်မင်း ယုံကြည်စိတ်ထားဖို့ပဲ ဖြစ်တယ်။ သမိုင်းဆိုတဲ့အရာက မင်းနားမှာတဝဲလည်လည်နဲ့စတင်ချည်းကပ်လာပြီ မို့လား”
နိုဝင်ဘာ (၁၆) ရက်နေ့က တက္ကဆပ်ပြည်နယ်၊ ဒါးလပ်စ်မြို့ရဲ့ တောင်ပိုင်း မက်သဒစ် တက္ကသိုလ်တွင်းမှာ စာကြည့်တိုက်သစ်ဖွင့်ပွဲတခုကျင်းပတော့ ဒုတိယသမ္မဟောင်း ဒစ်ချင်နီ က အထက်ပါစကားကိုဟောပြောခဲ့တယ်။
နောက် ---သူ့ရဲ့မျှော်လင့်ချက်ကို ဆက်လက်ဖွင့်ပြောတယ်။
ဒီ စာကြည့်တိုက်ဟာ အမေရိကန်ပြည်ထောင်စုရဲ့အနာဂတ်အတွက် ပရောဂျက်တခုဖြစ်ရမယ် တဲ့။
တကယ်တော့ ဒါးလက်စ်မြို့မှာ အသစ်ဖွင့်လိုက်တဲ့ စာကြည့်တိုက် ဟာ အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလူဘုရှ် ရဲ့ စာကြည့်တိုက်ဖြစ်တယ်။ ကယ်လီဖိုးနီးယားမှာ တည်ရှိတဲ့ အမေရိကန်သမ္မတရော်နယ်ရေဂင်ရဲ့ စာကြည့်တိုက်ကတော့
အကြီးမားဆုံး “ သမ္မတစာကြည့်တိုက်” ဖြစ်ပြီး ဂျော့ဘှုရှ် ရဲ့ စာကြည့်တိုက်ကလည်း ဒုတိယအကြီးမားဆုံး
“သမ္မတ စာကြည့်တိုက်” ဖြစ်တယ်။
စာကြည့်တိုက်ဖွင့်ပွဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ထိပ်တန်းနိုင်ငံရေးသမားတွေ (၂၅၀၀) ကျော်တက်ရောက်ခဲ့ကြတယ်။
အီရတ်စစ်ပွဲနဲ့ အာဖကန်နစ္စတန်စစ်ပွဲ ကို ဘယ်လို ချည်းကပ်မလဲ ဆိုပြီး ဆွေးနွေးငြင်းခုန်ခဲ့ကြတဲ့ လူဟောင်းတွေအားလုံးကို
ပြန်လည်တွေ့ရတယ်။ ဂျော့ဘုရှ် က စာကြည့်တိုက်ဖွင့်ပွဲမှာ တချက်ခုတ်နှစ်ချက်ပြတ် အစီအစဉ်တခုကိုပြုလုပ်ခဲ့တယ်။
သူကိုယ်တိုင်ရေးသားခဲ့တဲ့ Decision Points စာအုပ်ရောင်းချပွဲကိုလည်း ကျင်းပခဲ့တယ်။
ဒီစာအုပ်ကိုရေးခအဖြစ် (ကော်ပီ တသန်းခွဲအတွက်) ဒေါ်လာ (၇) သန်းရခဲ့တယ်လို့သိရတယ်။
ဘုရှ် က သူ့ရဲ့စာအုပ်ကို အပိုင်း (၁၂) ပိုင်းခွဲပြီးတင်ပြထားတယ်။
ပထမနှစ်ပိုင်းက သမ္မတမဖြစ်ခင် ရူးရူးမိုက်မိုက်နေခဲ့ဘူးတဲ့ဘဝ။ အရက်ကိုအလွန်အကျွံသောက်တယ်။
စီးပွားရေးမအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့စိတ်က တခုခုကိုလုပ်တော့မယ်လို့ဆုံးဖြတ်ပြီးရင်နောက်မဆုတ်ဘူး။ ခရစ်ယာန်သင်းအုပ်ဆရာတော်နဲ့တွေ့အပြီးမှာတော့ အရက်ကိုတိကနဲဖြတ်ချလိုက်တယ်။
ဘာသာရေးကိုလေးလေးနက်နက်လုပ်လာခဲ့တယ်။ နိုင်ငံရေးလောကထဲမှာ တိတိကျကျဝင်ရောက်ပါဝင်ဖို့အတွက်
ရွေးချယ်ရမဲ့လူတွေကို မေးမြန်းစုံစမ်းလာတယ်။သူ့အတွက် အကောင်းဆုံးဖြစ်မဲ့ နိုင်ငံရေးလက်တွဲဖေါ်တွေကို ရှာဖွေခဲ့တယ်။
ဒီ စာအုပ်မှာ အဓိကပြောချင်တဲ့ အရာတွေကတော့ အားလုံးမျှော်လင့်ထားတဲ့ အီရတ်စစ်ပွဲနဲ့အာဖကန်စစ်ပွဲ၊
ဟာရီကိန်း ကထွီနာ အပေါ်တုန့်ပြန်ခဲ့တဲ့ ဖက်ဒရယ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေ၊ ပညာသင်ကြားနိုင်ဖို့အတွက် ဘယ်ကလေးတယောက်တလေမှ နောက်မှာကျန်ရစ်မနေစေရ ( No Child Left Behind) အစီအစဉ်၊ စတန်းဆဲလ် သုတေသန၊
၂၀၀၈ ငွေကြေးအကြပ်အတည်း နဲ့ လူမှုဖူလုံရေးဆိုင်ရာမူဝါဒတွေဖြစ်တယ်။
ဂျော့ဘုရှ်ရဲ့ ( No Child Left Behind) စီမံကိန်းဟာ တကယ်မွန်မြတ်တဲ့ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတခုပါ။
ဒါပေမဲ့ နှစ်ကာလကြာရှည်စွာအမြစ်တွယ်နေတဲ့ အမေရိကန်ပညာရေးစံနစ်ကြောင့် အဲ့ဒီစီမံကိန်းဟာ အောင်မြင်မှုမရရှိခဲ့သေးဘူး။
Decision Points မှာရေးသားထားတဲ့ အီရတ်စစ်ပွဲအကြောင်းကို ဖတ်ပြီး ဂျာမဏီ အဓိပတိ ဟောင်း Gerhard Schroeder က စောတကတက် ငြင်းဆိုတယ်။ “ အမေရိကန်သမ္မတဟာ အမှန်တရား ကို ထုတ်မပြောဘူး” လို့ စွပ်စွဲလိုက်တယ်။
ဘယ်သူတွေ ဘယ်လိုစွပ်စွဲနေပါစေ။ ဂျော့ဒဗလူဘုရှ်ရဲ့ နီယိုကွန်ဆာဗေးတစ်အဖွဲ့တွေကတော့ အင်အားကောင်းနေဆဲ။ အမေရိကန်နိုင်ငံရေးလောကမှာ သြဇာကြီးမားစွာ တည်ရှိနေဆဲဖြစ်တယ်။ Project For New American Century ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကိုပြန်လည်အကောင်အထည်ဖေါ်ဖို့အတွက် ဒါးလက်စ်မြို့က စာကြည့်တိုက်ဟာ တစုံတရာဖြည့်ဆည်းပေးနိုင်မှာ အမှန်ပါ။
0 comments:
Post a Comment