Tuesday, December 21, 2010, 9:45 AM

Post your comment Post Comment | Email this to your friend 0 comments

အဖြူရောင် နဲ့ အကြမ်းဖက်မှု ဆိုတဲ့စကားလုံးနှစ်ခု ဆိုတာ ဘယ်လိုမှ အပ်စပ်တဲ့အရာမဟုတ်ဘူး။
ဒါပေမဲ့ White Terror Campaign ဆိုတာ ထိုင်ဝမ်နိုင်ငံမှာရှိခဲ့ဘူးတယ်။ တရုတ်ပြည်မကြီးမှာ ပြည်တွင်းစစ်ရှုံးလို့ထွက်ပြေးလာတဲ့
ချန်ကေရှိတ်ရဲ့ကွန်မင်တန်အစိုးရဟာ ၃၈ နှစ်၊ ၅၇ ရက် (၁၉၄၉ မေလ - ၁၉၈၇ ဂျူလိုင်လအထိ) ရှည်ကြာတဲ့စစ်အုပ်ချုပ်ရေးဥပဒေကို
ပြန်ဋ္ဌာန်းခဲ့တယ်။ ကမ္ဘာမှာ အကြာရှည်ဆုံး စစ်အုပ်ချုပ်ရေးအမိန့်ဖြစ်တယ်။ သူ့ရဲ့အဖြူရောင်အကြမ်းဖက်မှုစစ်ဆင်ရေးအောက်မှာ
ထိုင်ဝမ်နိုင်ငံရေးသမားတွေ၊အပြစ်မဲ့ပြည်သူတွေ စုစုပေါင်း( တသိန်းလေးသောင်းကျော်) ဖမ်းဆီးသတ်ဖြတ်ခံရတယ်။

တရုတ်ပြည်မကြီးက မော်စီတုန်းရရဲ့ကွန်မြူနစ်တပ်နီတော်ကို ထိန်းချုပ်ဖို့အတွက် အနောက်အုပ်စုနဲ့အမေရိကန်ပြည်ထောင်စုဟာ
ချန်ကေရှိတ်ရဲ့ကွန်မင်တန်အစိုးရကို အပြည့်အဝထောက်ခံအားပေး ထားခဲ့တယ်။ စစ်အေးတိုက်ပွဲကာဖြစ်တယ်။
နိုင်ငံတကာအနေအထားတွေက ထိုင်ဝမ်အတိုက်အခံနိုင်ငံရေးသမားတွေအတွက် အသက်ရှူချောင်မဲ့အခြေအနေတွေ မရခဲ့ဘူး။
ဒါပေမဲ့ ချန်ကေရှိတ် ရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်က လွတ်မြောက်ချင်တဲ့ ထိုင်ဝမ်ပြည်သူတွေကတော့ နည်းလမ်းတခုပြီးတခုရှာဖွေနေခဲ့ကြတယ်။ ထိုင်ဝမ်ဒီမိုကရေစီလှုပ်ရှားမှုမှာ အဓိကအရေးပါတဲ့ သမိုင်းဖြစ်စဉ် (၃) ခုရှိခဲ့တယ်။


(၁) ၁၉၄၇ ဖေဖေါ်ဝါရီလ (၂၈) မှာဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု၊ ဖေဖေါ်ဝါရီ (၂၈) ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အတွက်
၂၂၈ လှုပ်ရှားမှုလို့ လူသိများတယ်။ ချန်ကေရှိတ်ရဲ့ကွန်မင်တန်ပါတီက အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် လူနှစ်သောင်းကျော်သေဆုံးခဲ့ရတယ်။

(၂) ၁၉၇၉ ဒီဇင်ဘာ (၁၀) ရက်လူထုအုံကြွမှု

(၃) ၁၉၉၀ “လီလီအရိုင်းပန်း” ကျောင်းသားလှုပ်ရှားမှု တွေဖြစ်တယ်။

ဒီတပတ်လွတ်လပ်တဲ့အာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ၊ ၂၂၈ လှုပ်ရှားမှုနဲ့ ဒီဇင်ဘာ (၁၀) ရက်လှုပ်ရှားမှုကို တင်ပြထားပါတယ်။

သောတရှင်များခင်ဗျား

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ကိုင်ရိုကြေငြာစာတမ်းကို မှတ်မိကြပါလိမ့်မယ်။ ဒီကြေငြာချက်အရ၊
ဂျပန်နိုင်ငံဟာမန်ချူးရီးယား၊ထိုင်ဝမ် အပါအဝင် ကျူးကျော်သိမ်းယူထားခဲ့တဲ့တရုတ်နယ်မြေတွေအားလုံးကိုပြန်လည်ပေးအပ်ရမယ်ဆိုတဲ့
အချက်တွေလည်းပါဝင်ပါတယ်။ တရုတ်ပြည်မကြီးမှာတော့ ချန်ကေရှိတ်အစိုးရအဖွဲ့ရဲ့ဖိနှိပ်ရက်စက်မှုတွေကို အန်တုပုန်ကန်ကြမဲ့ ပြည်သူတွေကလည်းတော်လှန်ရေးတရပ်ကိုဆင်နွဲဖို့တာဆူနေချိန်ဖြစ်ပါတယ်။

“ ၁၉၄၅ မှာ စစ်ရှုံးဂျပန် က ထိုင်ဝမ်နိုင်ငံကို တရုတ်သမ္မတနိုင်ငံဆီပြန်လည်လွှဲပြောင်းပေးခဲ့တယ်။
ပြဿနာက ချိန်ကေရှိတ်အစိုးရသြဇာခံ ဗိုလ်ချုပ်ချန်ယီလက်အောက်မှာ စီးပွားရေး၊လူမှုရေးပြဿနာတွေက တည်ငြိမ်မှုမရှိခဲ့ဘူး။
ငွေကြေးဖောင်းပွမှုတွေကလည်းအဆမတန်မြင့်တက်နေခဲ့တယ်။အဲ့ဒီထက်ပိုအရေးကြီးတဲ့အချက်ကတော့ ကျနော်တို့ ဒေသခံ
ထိုင်ဝမ်ပြည်သူတွေနဲ့ တရုတ်ပြည်မကြီးကပြောင်းရွေ့ရောက်လာကြတဲ့တရုတ်လူမျိုးတွေကြားမှာ ယဉ်ကျေးမှုနဲ့ဘာသာဗေဒတွေကလည်း မတူညီခဲ့ကြဘူး။ ဂျပန်နယ်ချဲ့လက်အောက်မှာ စီးပွားရေး၊ ပညာရေးမှာ အောင်မြင်နေခဲ့တဲ့ ထိပ်တန်းထိုင်ဝမ်ပညာတတ်တွေ
၊စီးပွားရေးသမားတွေကလည်း တရုတ်ပြည်မကြီးကလာအုပ်ချုပ်တဲ့ ချိန်ကေရှိတ်အစိုးရအဖွဲ့ကိုကျေနပ်မှုမရှိခဲ့ကြဘူး။
ထိုင်ဝမ်အစိုးရသစ်အပေါ် လူထု က အမြင်မကြည်မလင်ဖြစ်နေချိန်မှာ၊လူထုအုံကြွမှုကိုဖြစ်ပေါ်စေတဲ့ အဖြစ်အပျက်တခုပေါ်ပေါက်လာခဲ့တယ်။
ချန်ယီအစိုးရ ရဲ့ ရဲတွေက ထိုင်ဝမ်ကုန်သည်အမျိုးသမီးတယောက်ပိုင်တဲ့ စီးကရက်တွေကို တရားမဝင်သွင်းယူခဲ့တဲ့အရာတွေဆိုပြီး
ဇွတ်အတင်းသိမ်းယူလိုက်တယ်။ အမျိုးသမီးရဲ့ခေါင်းကို သေနတ်ဒင်နဲ့ရိုက်ခွဲလိုက်တယ်။ဘေးမှာ ရပ်ကြည့်နေတဲ့ ပြည်သူတွေဟာ
စိတ်ဆိုးဒေါသထွက်ခဲ့ကြတယ်လေ။ လူထုက အဲ့ဒီတရုတ်အရာရှိကို ပြန်လည်တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြတယ်။
အရာရှိကလည်း လူအုပ်ထဲကိုသေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားခဲ့တယ်။ လူတယောက်သေခဲ့ရတယ်။
လူထုကြီးက ရဲစခန်းဆီကိုချီတက်လိုက်ကြပြီး ဆန္ဒပြခဲ့ကြပေမဲ့အာဏာပိုင်တွေက ဘာတခုမှအရေးယူမှုမလုပ်ခဲ့ဘူး”

၁၉၄၇ ဖေဖေါ်ဝါရီလမှာတော့ထိုင်ဝမ်နိုင်ငံရဲ့လမ်းမတွေမှာ ဆန္ဒပြသူတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ချန်ကေရှိတ်အစိုးရအဖွဲ့ကလည်း
ဆန္ဒပြသူတွေကိုဖြိုခွဲနှိပ်ကွပ်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။စစ်အုပ်ချုပ်ရေးကိုပြဋ္ဌာန်းလိုက်ပါတယ်။ အကြမ်းဖက်မှုတွေကို အရှိန်မြှင့်လိုက်ပါတယ်။

“ အိမ်တွေလည်းရိုက်ချိုးဖျက်ဆီးခံရပြီး အမျိုးသမီးတွေလည်းမတရားပြုကျင့်ခံခဲ့ရတယ်လေ။
ပြည်သူတွေ ကြောက်ရွံ့သွားစေဖို့အတွက် လူတချို့ကိုခေါင်းဖြတ်ပြီး လမ်းမတွေပေါ်ပစ်ထားခဲ့တယ်။ကျနော်တို့ထိုင်ဝမ်ပြည်သူတွေကလည်း
တချို့က တပ်မ (၂၇) လို ကိုယ်ပိုင်လက်နက်ကိုင်တပ်တွေဖွဲ့စည်းကြသလို၊ တချို့က ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေကို
ဖွဲ့စည်းခဲ့ကြတယ်။ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေကျင်းပပေးရမယ်။အစိုးရရဲ့ခြစားမှုကို ရပ်ဆိုင်းပစ်ရမယ် ဆိုတာတွေအပါအဝင်
တောင်းဆိုချက်(၃၂) ချက်ကိုတောင်းဆိုခဲ့ကြတယ်။ ချန်ကေရှိတ်အစိုးရက ဆန္ဒပြသူတောင်းဆိုသူတွေရဲ့အသံကိုနားမထောင်ခဲ့ပါဘူး။
ကျောင်းသားဝတ်စုံဝတ်ထားတဲ့သူမှန်သမျှကိုပစ်သတ်ခဲ့သလို၊ ဆန္ဒပြသူတွေကိုလည်းဖမ်းဆီးလိုက်တယ်။ဂျပန်လက်အောက်မှာတုန်းက
ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ ပညာတတ်တွေကိုလည်းပုန်ကန်စိတ်ရှိသူတွေလို့သတ်မှတ်ပြီး ဖမ်းဆီးခဲ့တယ်။
၂၂၈ လူထုအုံကြွမှုလို့နာမည်ကြီးခဲ့ပြီး၊ လေ့လာသူတွေရဲ့အဆိုအရ၊ လူ နှစ်သောင်းကျော်သေဆုံးခဲ့ရတယ်လို့ဆိုတယ်။

ဒါပေမဲ့ တရုတ်ပြည်မကြီးမှာတော့ နိုင်ငံရေးရာသီဥတုက တစထက်တစပြောင်းလဲလာခဲ့ပါတယ်။၁၉၄၉ မှာ မော်စီတုံးဦးဆောင်တဲ့
ကွန်မြူနစ်သူပုန်တွေဟာ ပြည်တွင်းစစ်ကို အနိုင်ရလိုက်ဒါကြောင့် ချန်ကေရှိတ်အစိုးရဟာထိုင်ဝမ်ကျွန်းဆီကိုထွက်ပြေးခဲ့ရပါတယ်။ ထိုင်ဝမ်ကျွန်းပေါ်က စစ်အုပ်ချုပ်ရေးအမိန့်ကိုတော့ ဆက်လက်တည်မြဲစေခဲ့ပါတယ်။ သူ့ရဲ့ကွန်မင်တန်အစိုးရဟာ
အဖြူရောင်ထိတ်လန့်ကြောက်ရွံ့ဘွယ်ကြီးလို့ လူသိများတဲ့ White Terror စစ်ဆင်ရေးကိုဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
ပြည်သူတသိန်းခွဲနီးပါးကို ကွန်မြူနစ်သူလျှိုတွေလို့စွပ်စွဲဖမ်းဆီးထောင်ချခဲ့တယ်။ သောင်းချီသတ်ဖြတ်ခဲ့ပါတယ်။
“ နိုင်ငံတကာရဲ့အခင်းအကျင်းကလည်း ပြောင်းလဲနေခဲ့တယ်လေ။ မော်စီတုံးရဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကုလသမဂ္ဂမှာ
တရားဝင်လက်ခံဖို့ငြင်းဆန်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုဟာ ၁၉၇၁ မှာ ချန်ကေရှိတ်အစိုးရကိုယ်စားလှယ်တွေကို
ထုတ်ပယ်ပစ်လိုက်ပြီး၊ကွန်မြူနစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကုလသမဂ္ဂမှာတရားဝင်အသိအမှတ်ပြုခဲ့တယ်။

ထိုင်ဝမ်ကျွန်းမှာလည်း ချန်ကေရှိတ်အစိုးရရဲ့နိုင်ငံရေးလက်ဝါးကြီးအုပ်မှုတွေကိုမေးခွန်းထုတ်စပြုနေပြီ။
၁၉၇၅ မှာ ချန်ကေရှိတ်သေဆုံးခဲ့ပြီး၊ ၁၉၇၈ ခုနှစ်မှာတော့ ချန်ကေရှိတ်ရဲ့သား ဂျန်ဂျီဝှါ က ထိုင်ဝမ်နိုင်ငံရဲ့သမ္မဖြစ်လာခဲ့ပါတယ်။

“တကယ်တော့ ဂျန်ချီဝှါ က ဆိုဗီယက်ပြန်ကွန်မြူနစ်တယောက်ဖြစ်တယ်။တိန့်ရှောင်ဖိန်နဲ့ကျောင်းနေဘက်ဖြစ်သလို၊
ထရော့စကီးဝါဒီတယောက်လည်းဖြစ်တယ်။သူ့လက်ထက်မှာ ချန်ကေရှိတ်လက်ထက်တုံးက ချမှတ်ခဲ့တဲ့စီးပွားရေးမူဝါဒတွေကို
ပြောင်းလဲပစ်လိုက်တယ်။အကြီးစားစက်မှုလုပ်ငန်းပေါင်း (၁၂) ခုထက်မနည်းတည်ဆောက်ခဲ့ပြီး ထိုင်ဝမ်ဒေါ်လာ ဘီလျှံ သန်း(၃၀၀) ကျော်မဲ့စီးပွားရေးစီမံကိန်းတွေကိုချမှတ်အကောင်အထည်ဖေါ်ခဲ့တယ်။ ထိုင်ဝမ်နိုင်ငံအတွက် အံ့မခန်း တိုးတက်ဖွံ့ဖြိုးစေတဲ့
နှစ်ကာလတခုကိုမွေးဖွားပေးခဲ့တယ်။ ဒါပေမဲ့ ပြဿနာက ထိုင်ဝမ်နိုင်ငံမှာ အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေက တည်ရှိဆဲဖြစ်သလို၊ ကွန်မင်တန် တပါတီအာဏာရှင်စံနစ်ကိုပဲဆက်လက်ကိုင်စွဲထားခဲ့တယ်လေ”

၁၉၇၈ ခုနှစ်မှာတော့ အမေရိကန်သမ္မတဂျင်မီကာတာဟာ တရုတ်ပြည်မကြီးက မော်စီတုံးအစိုးရကိုအသိအမှတ်ပြုလိုက်ပြီး
ထိုင်ဝမ်ကျွန်းမှာရှိတဲ့အမေရိကန်စစ်တပ်ကိုဆုတ်ခွာစေခဲ့ပါတယ်။
“ ထိုင်ဝမ်အစိုးရ အပေါ် နိုင်ငံတကာရဲ့သဘောထားပြောင်းလဲသွားတာကိုမြင်လိုက်ရတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကလည်း
ဂျန်ဂျီဝှါ ရဲ့နိုင်ငံရေးလက်ဝါးကြီးအုပ်မှုကိုဝေဖန်အန်တုကြဖို့ဆုံးဖြတ်လိုက်ကြတယ်။
ချန်ကေရှိတ်လက်ထက်တုံးက လျှို့ဝှက်ရဲတပ်ဖွဲ့ရဲ့ ဒါရိုက်တာဖြစ်ခဲ့သူ၊ သမ္မတ ဂျန်ဂျီဝှါ ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း
ထုတ်ဖေါ်ပြောဆိုလာခဲ့ကြတယ်။ ဒါကြောင့် နိုင်ငံတကာလူ့အခွင့်အရေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ၁၉၇၉ ဒီဇင်ဘာ (၁၀)ရက်နေ့မှာ
ဆန္ဒပြပွဲတွေကိုကျင်းပရင်း ဒီမိုကရေစီနဲ့လွတ်လပ်တဲ့နိုင်ငံတော်သစ်ကိုတည်ဆောက်ဖို့တောင်းဆိုခဲ့ကြတော့တယ်”
သောတရှင်များခင်ဗျား
၁၉၇၉ ဒီဇင်ဘာ (၁၀) ရက်ဆန္ဒပြပွဲတွေကို ထိုင်ဝမ်အစိုးရက ဘယ်လိုတုန့်ပြန်ခဲ့ပါသလဲ။
ဒီလှုပ်ရှားမှုရဲ့ဂယက်ဟာ ထိုင်ဝမ်နိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းကိုဘယ်လိုပြောင်းလဲစေခဲ့ပါသလဲဆိုတဲ့အချက်တွေကို
ဒုတိယပိုင်းမှာဆက်လက်ဆွေးနွေးသွားပါမယ်။
သောတရှင်တို့ရဲ့လွတ်မြောက်ချင်တဲ့ဆန္ဒတွေကို အုပ်စိုးသူလူတန်းစားတွေက စာနာနားလည်နိုင်ကြပါစေ။

အောင်မိုးဝင်း

Sylvia Li-chun Lin ရဲ့ Representing Atrocity inTaiwan: The 2/28 Incident and White Terror in Fiction and film
Jay Taylor ရဲ့ The Generalissiomo: Chiang Kai-shek နဲ့ Freedom House မှထုတ်ဝေတဲ့ ထိုင်ဝမ်ဒီမိုကရေစီလှုပ်ရှားမှုဆောင်းပါးပါ
အချက်အလက်များကိုယူသုံးပါတယ်။


ထိုင်ဝမ်နိုင်ငံရဲ့ဒီမိုကရေစီလှုပ်ရှားမှုကို မတင်ပြခင်မှာ
စာချုပ်တခု၊ ကြေငြာစာတမ်းတခု နဲ့ ပုဂ္ဂိုလ်နှစ်ယောက်အကြောင်းလေ့လာစေချင်ပါတယ်။

(က) တိန့်ရှောင်ဖိန် နဲ့ ဂျန်ဂျီဝှား

တိန့်ရှောင်ဖိန်ကလည်း ပြုပြင်ပြောင်းလဲရေးသမားဖြစ်သလို၊ ချန်ကေရှိတ်ရဲ့သား ဂျန်ဂျီဝှား ကလည်း ထရော့စကီးဝါဒီ ကွန်မြူနစ်
တယောက်ဖြစ်တယ်။ သူတို့နှစ်ယောက်ကကျောင်းနေဘက်သူငယ်ချင်းတွေဖြစ်တယ်။ ဂျန်ဂျီဝှားက ဆိုဗီယက်မော်ဒယ်
စီးပွားရေးစံနစ်တွေကို မော်စကိုမြို့က တက္ကသိုလ်ဆီမှာ သေသေချာချာလေ့လာခဲ့ဘူးတယ်။ ချန်ကေရှိတ်လက်အောက်မှာ ရှန်ဟိုင်းစီးပွားရေးမူဝါဒတွေကို အကောင်အထည်ဖေါ်တဲ့အခါ ဆိုဗီယက်တွေရဲ့စီးပွားရေးစံနစ်တည်ဆောက်မှုအတိုင်း
ကြိုးစားကြံစည်ခဲ့တယ်။ လူလတ်တန်းစားတွေနဲ့ချမ်းသာကြွယ်ဝသူတွေရဲ့စီးပွားရေးတွေကို ဦးတည်တိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်။

မော်စကိုမြို့မှာ ကျောင်းတက်နေစဉ်၊ ဆိုဗီယက်ခေါင်းဆောင်ကခေါ်ယူတွေ့ဆုံခဲ့ပြီး၊ ထရော့စကီးနောက်လိုက်တွေကို တရားဝင်ရှုတ်ချပေးဖို့တောင်းဆိုခဲ့တယ်။ တဘက်မှာတော့ ဂျန်ဂျီဝှား ရဲ့ ဆိုဗီယက်ကွန်မြူနစ်ပါတီဝင်လျှောက်ထားမှုကို
ငြင်းပယ်ခဲ့တယ်။ ဂျန်ဂျီဝှား ဟာ“ဘဲလားရူး”အမျိုးသမီးနဲ့အိမ်ထောင်ကျခဲ့ပြီး တရုတ်ပြည်ကိုပြန်လာခဲ့တယ်။
ဒါပေမဲ့ ချန်ကေရှိတ်ဟာ တရုတ်ပြည်တွင်းစစ်ကာလအတွင်းမှာ ဆိုဗီယက်အကြံပေးတွေကို သူ့ရဲ့အစိုးရအဖွဲ့တွင်းက
ဖယ်ရှားပစ်ခဲ့သလို၊ ဂျန်ဂျီဝှားရဲ့ ရှန်ဟိုင်းစီးပွားရေးစီမံကိန်းတွေကလည်းမအောင်မြင်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။
ထိုင်ဝမ်နိုင်ငံကို ဦးဆောင်တဲ့အခါ မအောင်မြင်ခဲ့တဲ့ ရှန်ဟိုင်းစီးပွားရေးပေါ်လစီအတွေ့အကြုံတွေကို သင်ခန်းစာ ယူခဲ့တယ်။ တပြိုင်တည်းမှာပဲ သူ့အဖေချန်ကေရှိတ်ရဲ့မူဝါဒတွေနဲ့ ဆန့်ကျင်ဘက်ဆီဦတည်လိုက်တယ်။ စီးပွားရေးလွတ်လပ်မှုတွေဖွင့်ပေးခဲ့ပေမဲ့၊ အကြီးစားစက်မှုလုပ်ငန်းတွေအပေါ်မှာ အစိုးရရဲ့အခန်းကဏ္ဍက အကြီးမားဆုံး
တည်ရှိထိန်းချုပ်ထားခဲ့တယ်။ ထိုင်ဝမ်နိုင်ငံရဲ့အံ့မခမ်းစီးပွားရေးနှစ်ကာလများကို ဖန်တီးပေးခဲ့တယ်။ အာရှကျားတကောင်ဖြစ်လာခဲ့တယ်။ သူ့လက်ထက်မှာတရုတ်ပြည်မကြီးဆီကို တရားဝင်လည်ပတ်မှုတွေစတင်လိုက်တယ်။

(တိန့်ရှောင်ဖိန်နဲ့ဂျန်ဂျီဝှား တို့ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ နိုင်ငံတကာဆက်ဆံရေး၊ လုပ်နည်းကိုင်နည်းတွေကို ထရော့စကီးရဲ့
“ရေရှည်တည်တံ့ခိုင်မြဲတဲ့တော်လှန်ရေးသီအိုရီ” နဲ့ နှိုင်းယှဉ်စဉ်းစားကြည့်စေချင်ပါတယ်။ သမိုင်းစဉ်တလျှောက်လုံးမှာ
ဆိုဗီယက်တွေက “သစ္စာဖောက်”လို့စွပ်စွဲခံခဲ့ရတဲ့ ထရော့စကီးရဲ့အယူအဆ နဲ့ စတာလင်အုပ်စုရဲ့အယူအဆ ဘယ်သူမှန်ခဲ့ပါသလဲ။
သမိုင်းက သက်သေပြခဲ့ပြီးပြီလို့ထင်ပါတယ်)

(ခ) ၁၈၉၅ ပထမ ဂျပန်-တရုတ် စစ်ပွဲအပြီး ချုပ်ဆိုခဲ့တဲ့ “ရှီမိုနိုဆက်ကီ သဘောတူညီမှု” ( Treaty of Shimonoseki) ဒီသဘောတူညီမှုအရ- ချင်အင်ပါယာ ဟာ သူ့ရဲ့ ပက်စကာဒိုးလ်။ ထိုင်ဝမ်နဲ့ မန်ချူးရီးယားအရှေ့တောင်ပိုင်းဒေသတွေကို ဂျပန်နိုင်ငံဆီပေးအပ်လိုက်ရတယ်။

(ဂ) ကိုင်ရိုကြေငြာစာတမ်း (၁၉၄၃) –

ဂျပန်နိုင်ငံဟာ တရုတ်ပိုင်နယ်မြေတွေအားလုံးကိုပြန်လည်ပေးအပ်ရမယ်ဆိုတဲ့သဘောတူညီမှုဖြစ်တယ်။
ဒါပေမဲ့ ၁၉၄၅ ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်စစ်ရှုံးခဲ့ပြီး တရုတ်ပိုင်နယ်မြေတွေကိုပြန်ပေးဖို့သဘောတူညီခဲ့ပေမဲ့၊
တရုတ်ပြည်မှာ ချန်ကေရှိတ်ရဲ့ကွန်မင်တန်ပါတီနဲ့ မော်စီတုံးရဲ့ ကွန်မြူနစ်သူပုန်တွေကြားက ပြည်တွင်းစစ်ပွဲဟာအရှိန်မြင့်လာခဲ့တယ်။
တဘက်မှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ဆိုဗီယက်ပြည်ထောင်စုတို့ဟာ စစ်အေးတိုက်ပွဲစတင်လိုက်ကြတယ်။
ထိုင်ဝမ်နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်မှုကံကြမ္မာကို စစ်အေးတိုက်ပွဲရဲ့အားပြိုင်မှုတွေပေါ်မှာ လောင်းကြေးထပ်လိုက်ကြရတော့တယ်။








နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ