အာဏာရပါတီလက်ဝါးကြီးအုပ်ထားတဲ့လွှတ်တော်အောက်မှာ

Tuesday, December 14, 2010, 1:39 PM

Post your comment Post Comment | Email this to your friend 0 comments

အာဖရိကတိုက် နိုင်ငံရေးကိုလေ့လာကြည့်စေချင်တယ်လို့ တိုက်တွန်းခဲ့ဘူးတယ်။ ကျနော်တို့ရင်ဆိုင်နေရတဲ့အခြေအနေ၊ ပြဿနာနဲ့ လူမျိုးစုတွေရဲ့သဘောသဘာဝတွေက သိတ်တူလွန်းလို့ ညွှန်းရတာပါ။ အုပ်စိုးသူလူတန်းစား ကို ကြည့်လိုက်မယ်
ဆိုရင်-- ဒီကနေ့ ဗမာစစ်အုပ်စုနဲ့ စစ်အုပ်စုဘက်က ရှေ့နေလိုက်ပေးနေတဲ့ နိုင်ငံရေးဝေါဟာရတွေ၊ လုပ်ပုံလုပ်နည်းတွေဟာ ၁၉၈၀-၉၀ ကာလအတွင်းအာဖရိက စစ်ဝါဒီတွေ၊ အာဏာရှင်တွေသုံးစွဲခဲ့ဘူးတဲ့ အရာတွေဖြစ်တယ်။ ဥပမာ- စည်းကမ်းရှိသော ဒီမိုကရေစီ၊ လမ်းညွှန်ဒီမိုကရေစီဝေါဟာရတွေ၊ရွေးကောက်ပွဲကို အာဏာရပါတီက လက်ဝါးကြီးအုပ်ပြီး၊ နိုင်ငံတကာကို မျက်နှာသစ်တခုနဲ့
လိမ်ညာဖို့ကြိုးစားပုံတွေကိုကြည့်ခြင်းအားဖြင့်ဗမာစစ်အုပ်စုဟာ အာဖရိကအာဏာရှင်တွေကြံစည်ခဲ့တဲ့အတိုင်းထပ်တူထပ်မျှ
လုပ်ကိုင်နေတာ ထင်ရှားပါတယ်။ နောက်တခုကတော့ ကျနော်တို့ အတိုက်အခံအင်အားစုတွေကြားမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့
အခက်အခဲ။ အာဖရိကတိုက်က နိုင်ငံတွေလိုပဲ၊ ကျနော်တို့နိုင်ငံမှာ လူမျိုးစုတွေသိတ်များတယ်။လူမျိုးစုတွေက၊လူဦးရေအများဆုံး
လူမျိုးစုကို အယုံအကြည်မရှိကြသလို၊ အချင်းချင်းလည်း တူညီတဲ့လမ်းကြောင်းတခုပေါ်မှာမလျှောက်နိုင်ခဲ့ကြဘူး။
အုပ်စိုးသူလူတန်းစားက လမ်းကြောင်းတခုကိုချပေးလိုက်တိုင်း၊အတိုက်အခံတွေကြားမှာတယောက်တပေါက်ဖြစ်လာတယ်။
ဒုတိယအကြိမ်လုပ်မဲ့ပင်လုံညီလာခံအပေါ်သဘောထားမှာ အာဖရိကနိုင်ငံတွေလို အဖြစ်အပျက်နဲ့သွားတူနေတာကိုတွေ့ရတယ်။
တချို့လူမျိုးစုတွေဆိုရင် ထောင်ကျနေတဲ့ သူတို့ရဲ့လူမျိုးစုခေါင်းဆောင်တွေက သစ္စာဖောက်ကြတယ်။ လက်လွတ်စံပယ်ပြောဆိုဆက်ဆံကြတာကိုတွေ့ရတယ်။ အချောင်လိုက်မျှော်လင့်နေသူ လူတန်းစားသစ် နိုင်ငံရေးသမားတွေကြောင့် ဘဝတခုလုံးတိုင်းပြည်အတွက် အနစ်နာခံတိုက်ပွဲဝင်လာခဲ့ရသူတွေခံစားခဲ့ကြရတယ်။ အာဏာရလူတန်းစားကလည်း အတိုက်အခံတွေ
ကြားမှာပဋိပက္ခအသစ်တွေကို မွေးထုတ်ပေးလိုက်ရင်း သူတို့ရဲ့ နိုင်ငံရေးအာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ကြပြန်တယ်။


အာဖရိကနိုင်ငံ (၁၄) နိုင်ငံရဲ့ပါတီစုံရွေးကောက်ပွဲအကြောင်းလေ့လာသုံးသပ်ထားတဲ့ စာအုပ်တအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။ အာဖရိကအတိုက်အခံတွေ ညီညွတ်ရေးပြိုကွဲမှုကြောင့် အာဏာရပါတီကိုရင်မဆိုင်နိုင်တဲ့ဒီမိုကရက်တစ်အင်အားစုတွေရဲ့
နောက်ကောက်ကျမှု၊ကျဆုံးမှုတွေကိုအတုယူသင့်ပါတယ်။ ရွေးကောက်ပွဲတွေကျင်းပပေးခဲ့ပေမဲ့၊ အာဏာရလူတန်းစားက ရွေးကောက်ပွဲမဲလိမ်မှုတွေ၊ လက်ဝါးကြီးအုပ်မှုတွေကို တရစပ်ကျူးလွန်ခဲ့ကြတာကြောင့် ယနေ့တိုင် နိုင်ငံရေးပြဿနာတွေကို
ရင်ဆိုင်နေကြရတယ်။ လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာတန်ဇန်းနီးယားနိုင်ငံရဲ့ ပါတီစုံရွေးကောက်ပွဲတွေ
အကြောင်းကိုတင်ပြထားပါတယ်။

တခုတော့ သတိထားစေချင်ပါတယ်။ ဆိုရှယ်လစ်ဝါဒီ “ဂျူးလီယက် ညီရယ်” ဆိုတာ တန်ဇန်နီးယားနိုင်ငံလွတ်မြောက်ရေးလှုပ်ရှားမှုမှာ
ခေါင်းဆောင်တယောက်ဖြစ်ခဲ့သလို၊ သူဟာ တခြားအာဖရိကန်နိုင်ငံတွေရဲ့နယ်ချဲ့လွတ်မြောက်ရေးလှုပ်ရှားမှုကိုကူညီခဲ့သူတဦးဖြစ်တယ်။
ယူဂန်ဒါအာဏာရှင် အိုင်ဒီအေမင်ရဲ့ဘဝကို နိဂုံးချုပ်စေမဲ့ စစ်ပွဲကိုဆင်နွဲခဲ့သူဖြစ်တယ်။
သူ့ရဲ့ကြီးမြတ်တဲ့ ပုံရိပ်တွေက အပြည့်ရှိနေတယ်။ ကျနော်တင်ပြတဲ့အပိုင်းမှာတော့ ဖိနှိပ်မှုကိုအန်တုနေကြတဲ့
လူထုလှုပ်ရှားမှုတွေသာဖြစ်တာကြောင့်လူတယောက်ရဲ့ပုံရိပ်ကိုအသေးစိတ်ခြယ်မှုန်းဖို့ အာရုံမစိုက်ခဲ့တော့ပါဘူး။
အာဏာရပါတီတွေက လက်ဝါးကြီးအုပ်ထားတဲ့ လွှတ်တော်ကို ဘယ်လိုဖြတ်သန်းကြမလဲ။ မေးခွန်းထုတ်အဖြေရှာစေချင်ပါတယ်။

အာဏာရပါတီလက်ဝါးကြီးအုပ်ထားတဲ့လွှတ်တော်အောက်မှာ……………

သောတရှင်များခင်ဗျား

Ujamma ဆိုတဲ့ဝေါဟာရဟာ တန်ဇန်နီးယားနိုင်ငံရဲ့လူမှုရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမူဝါဒ တွေကိုဖေါ်ဆောင်မဲ့ ဆိုရှယ်လစ်ဝါဒီ ဂျူလီယက် ညီရဲလ်ရဲ့အမြင်ပဲဖြစ်ခဲ့ပါတယ်။ ၁၉၆၁ နဲ့ ၁၉၆၄ မှာ ဗြိတိန်ကိုလိုနီဘဝကနေလွတ်မြောက်လာခဲ့တဲ့ တန်ဂန်ညီဂါ နဲ့ ဇန်ဇီဘာဒေသနှစ်ခုပေါင်းပြီး တန်ဇန်နီယားနိုင်ငံသစ်ကိုဖွဲ့စည်းခဲ့ပါတယ်။
“နိုင်ငံရဲ့သမ္မတသစ် ဂျုလီယက် ညီရယ်(Julius Nyerere) ဟာ “အယူရှာ” ကြေငြာချက်ကိုထုတ်ပြန်ကြေငြာလိုက်ပြီး
အာဖရိကန်ဆိုရှယ်လစ်အယူအဆတခုကိုလမ်းခင်းလိုက်တယ်။ “နိုင်ငံသားတွေဟာ မိသားစုစိတ်ဓါတ်မွေးမြူရမယ်။
လူတယောက်ဟာ လူ့အဖွဲ့အစည်းထဲမှာ တသားတည်းဖြတ်သန်းကျင်လည်ပြီး တယောက်ကိုတယောက်စာနာစိတ်နဲ့ဖေးမကူညီကြရမယ် လို့ဆိုတယ်။
ပြည်သူတွေက Julius Nyerereကို တန်ဇန်နီးယားနိုင်ငံရဲ့ဖခင် အဖြစ်သတ်မှတ်ကြတယ်။ ဒါပေမဲ့ “အယူရှာ”ကြေငြာချက်
ထုတ်ပြန်အပြီးဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့ဆိုရှယ်လစ်အယူအဆတွေအောက်မှာ လူတွေလိမ့်နေအောင်ခံစားခဲ့ကြရတယ်။
ဆိုရှယ်လစ်စံနစ်အတွက် အန္တရာယ်ရှိနိုင်တယ်လို့ထင်ရတဲ့ ပညာတတ်တွေနဲ့ဆန့်ကျင်ဝေဖန်သူတွေထောင်ပေါင်းများစွာကို
စစ်ကြောရေးစခန်းနဲ့အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားခဲ့တယ်။ ပြည်သူတွေနေထိုင်တဲ့ရွာတွေကို မီးရှို့ပစ်လိုက်ပြီး၊ စုပေါင်း ဘုံလယ်မြေစိုက်ပျိုးရေးစခန်းတွေဆီမောင်းနှင်ချလိုက်တယ်။ ကျနော်တို့ဟာ လူ့အဖွဲ့အစည်းသစ်တခုဆီမှာ ချမ်းသာပျော်ရွှင်စွာ
နေထိုင်ကြရတော့မယ်လို့လို့ ဂတိပေးခဲ့ပေမဲ့လက်တွေ့မှာတော့ ပြည်သူအားလုံးနီးပါး အစာရေဆာငတ်မွတ်ခေါင်းပါးလာခဲ့တယ်။ နိုင်ငံခြားက ထောက်ပံ့ပေးထားတဲ့အစားအသောက်တွေပေါ်မှာ လုံးဝမှီခိုနေခဲ့ရတယ်။ ဆိုဗီယက်နဲ့ တရုတ် အကွဲအပြဲမှာတော့
ကျနော်တို့တန်ဇန်နီးယားဆိုရှယ်လစ်တွေအတွင်းမှာလည်းနိုင်ငံရေးအက်ကြောင်းတွေ အထင်အရှားပေါ်ပေါက်လာခဲ့သလို၊
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့တွေလည်းပေါ်ပေါက်လာခဲ့တယ်။ ၁၉၇၀ မှာ တရုတ်ကွန်မြူနစ်တွေဆီက စီးပွားရေးအကူအညီ ရဖို့ကြိုးစား
ခဲ့ပေမဲ့ ကျနော်တို့ နိုင်ငံတွင်းမှာ အသစ်ဆောက်တည်မဲ့စီမံကိန်းအားလုံးတွေမှာ တရုတ်အလုပ်သမားတွေကိုပဲသုံးရမယ်လို့
တရုတ်ကွန်မြူအစိုးရတောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း၁၉၈၀ ကာလမှာတော့ IMF လို အဖွဲ့အစည်းတွေဆီက အကူအညီရဖို့ ကြိုးစားခဲ့ပြန်တယ်။ ဒါပေမဲ့ လူမှုရေး၊စီးပွား၊နိုင်ငံရေးပြဿနာတွေကို တော့ဖြေရှင်းနိုင်စွမ်းမရှိခဲ့ပါဘူး။
ဒါကြောင့် ၁၉၈၅ မှာ တန်ဇန်နီးယားနိုင်ငံရေးက အနားယူခဲ့ပါတယ်။

သူ့ရဲ့“ ချန်မာချာ မာပင်ဒူဇီ” တော်လှန်ပါတီဟာ လွတ်လပ်ရေးရပြီးကတည်းက တန်ဇန်းနီးယားနိုင်ငံရဲ့ စီးပွားရေးကို ချွတ်ခြုံကျစေခဲ့တယ်။ Julius Nyerere ရာထူးကအနားယူသွားပြီးတဲ့နောက် ပါတီခေါင်းဆောင် “အလီမွီညီ” က
ခြစားမှုတွေကိုတိုက်ဖျက်ရမယ်။ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ဈေးကွက်စီးပွားရေးတွေကိုတိုးမြင့်လုပ်ဆောင်ဖို့ကြိုးစားခဲ့တယ်။
ရေတိုစီးပွားရေးစီမံကိန်းတွေဟာ အထိုက်အလျောက်အောင်မြင်ခဲ့ပေမဲ့၊ ရေရာတိကျတဲ့စီးပွားရေးစံနစ်ကအားနည်းနေဆဲလေ။
“Kamahuru” လို အစိုးရကိုဖိအားပေးတဲ့အဖွဲ့တွေနဲ့လူ့အခွင့်အရေးအဖွဲ့တွေဖြစ်တဲ့ “ လူထုလှုပ်ရှားမှု” အဖွဲ့တွေပေါင်းပြီး
“ညီညွတ်သောပြည်သူ့တပ်ဦး”ကို ဖွဲ့စည်းခဲ့ကြတယ်။ အစိုးရကိုဖိအားပေးခဲ့တာကြောင့်၊သူ့လက်ထက်မှာ အခြေခံဥပဒေကို
ိုပြင်ဆင်ရေးဆွဲလိုက်တယ်။ ၁၉၉၂ ကစလို့ ပါတီစုံဒီမိုကရေစီစံနစ်ကို သွားမယ်လို့ကြေငြာခဲ့တယ်။ အတိုက်အခံတွေကလည်းရွေးကောက်ပွဲကိုဝင်ပြိုင်ခဲ့ကြတယ်။”

ပါတီစုံဒီမိုကရေစီစံနစ်ကိုသွားမယ်ဆိုခဲ့ပေမဲ့ တကယ့်တကယ်မှာတော့ အာဏာရပါတီ ကသာ လွှမ်းမိုးထားတဲ့ တပါတီနိုင်ငံရေးစံနစ်သာ
ဖြစ်နေခဲ့ပါတယ်။ ၁၉၉၅ ရွေးကောက်ပွဲမှာလည်း အာဏာရပါတီရဲ့ကိုယ်စားလှယ် “ဘင်ဂျာမင် မက်ကာပါ” က အနိုင်ရခဲ့ပါတယ်။
“ ၁၉၉၅ ရွေးကောက်ပွဲရလဒ်ဟာ မသမာမှုတွေနဲ့ပြည့်နှက်နေတယ်ခဲ့တယ်။ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ညီညွတ်သော
ပြည်သူ့တပ်ဦးဟာ ရွေးကောက်ပွဲရလဒ်နဲ့အစိုးရသစ်ကိုအသိအမှတ်မပြုကြဖို့တောင်းဆိုတဲ့အခါ၊ ခေါင်းဆောင် (၁၈) ယောက်ကို
နိုင်ငံတော်သစ္စာဖောက်မှု နဲ့ ၁၉၉၇ မှာ ဖမ်းဆီးအရေးယူခဲ့တယ်။ ဆန္ဒပြပွဲတွေကို အင်အားသုံးခြေမှုန်းခဲ့တယ်။ ဖမ်းဆီးထားသူတွေကိုလည်း အချိန်အတိုင်းအတာတခုမှာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။”

“ဘဂျာမင် မက်ကာပါ” လက်ထက်မှာလည်း ခြစားပျက်စီးနေတဲ့အစိုးရယန္ဒရားကိုပြုပြင်တည်ဆောက်မယ်လို့ကြွေးကြော်ခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတကိုယ်တိုင်က ပေါင်စတာလင် ၁၅ သန်းတန် ကိုယ်ပိုင်ဂျက်လေယာဉ်ကိုဝယ်စီးဇိမ်ခံနေခဲ့ပါတယ်။
ဒီလိုနဲ့ တတိယသမ္မတသက်တမ်း (၁၀) နှစ်ပြီးဆုံးခဲ့ပြန်ပါတယ်။ “ကျနော်တို့တတွေ ၁၀၀၀ခုနှစ်ရွေးကောက်ပွဲကိုလည်းဝင်ရောက်
ယှဉ်ပြိုင်ခဲ့တယ်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၃၁ မှာ ၁၇ ယောက်ပဲအနိုင်ရခဲ့ပြန်တယ်။ အာဏာရပါတီရဲ့မဲလိမ်မှု၊
မသမာမှုတွေက ဆက်လက်လွှမ်းမိုးထားဆဲပဲလေ။ ဒါကြောင့် ပန်ပါကျွန်းနဲ့ အန်ဂူဂျာကျွန်းတွေမှာတည်ရှိတဲ့ ဇန်ဇီဘာမြို့အပါအဝင်
မြို့လေးမြို့မှာ ရွေးကောက်ပွဲရလဒ်ကိုဆန့်ကျင်တဲ့လူထုဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့တယ်။
ဆန္ဒပြပွဲတိုင်းမှာ လူ (၁၀) ယောက်ကျော်သေဆုံးခဲ့တယ်။ ရာချီပြီးဒဏ်ရာရခဲ့တယ်။လူ ၄၀၀ ကျော်အဖမ်းခံခဲ့ရတယ်လေ”

၂၀၀၅ ခုနှစ်ရွေးကောက်ပွဲမှာလည်း အာဏာရပါတီခေါင်းဆောင် “ဂျာကာရာကစ်ဝီတီ”ကပဲ အနိုင်ရခဲ့ပြန်ပါတယ်။
အတိုက်အခံပါတီဖြစ်တဲ့ ညီညွတ်သောပြည်သူ့တပ်ဦးဟာအမျိုးသားလွှတ်တော်မှာ ၁၇ နေရာလောက်ပဲအနိုင်ရခဲ့ပြန်ပါတယ်။
“ ကစ်ဝီတီရဲ့လက်ထက်မှာ အရွယ်ရောက်တဲ့လူဦးရေ ရဲ့ ၁၂ % ဟာ HIV ရောဂါကူးစက်ခံစားနေကြရတယ်။
သူ့လက်ထက်မှာ ပညာသင်ကျောင်းပေါင်းများစွာကိုတည်ဆောက်ပေးခဲ့တယ်။ HIV ရောဂါတိုက်ဖျက်ရေးကိုလည်း
တက်တက်ကြွကြွလုပ်ဆောင်လာခဲ့တယ်။ ဇင်ဘာဘွေက ရောဘတ်မူဂါဘီရဲ့ရက်စက်မှုတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူ
တဦးဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ တန်ဇန်နီးယားရဲ့နိုင်ငံရေးဖိနှိပ်မှုတွေက နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေဆဲပဲ”

ရွေးကောက်ပွဲ လိမ်လည်မှုတွေနဲ့အာဏာရပါတီကချည်းလက်ဝါးကြီးအုပ်ထားတဲ့ လွှတ်တော်ကို ဖိအားပေးတဲ့နည်းနဲ့တခုခုပြောင်းလဲပစ်မှ
ရတော့မယ်လို့ ယုံကြည်တဲ့ ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေး( ချက်ဒီမာ) ပါတီဟာ ၂၀၀၅ ခုနှစ်ကစပြီးလှုပ်ရှားမှုပုံစံအသစ်ကို
စတင်လိုက်ပါတယ်။စစ်မှန်တဲ့ပြောင်းလဲမှုဆိုတာ ကြွေးကြော်သံတခုတည်းနဲ့လုပ်လို့မရဘူး၊ လမ်းညွှန်မူဝါဒတခုအဖြစ်လုပ်ကြမယ် လို့
ဆုံးဖြတ်လိုက်ပြီး မဲလိမ်အနိုင်ရခဲ့တဲ့ အာဏာရပါတီခေါင်းဆောင်ကျမ်းသစ္စာကြိမ်ဆိုတဲ့နေ့မှာရွေးကောက်ပွဲမသမာမှုကို
ရှုတ်ချတဲ့အပြုအမူအဖြစ်၊ မိန့်ခွန်းကိုနားမထောင်ပဲ သပိတ်မှောက်ထွက်လိုက်ကြပါတယ်။ အသိပညာတွေကိုဆာလောင်မွတ်သိပ်စွာ
လေ့လာဆည်းပူးပြီး ထက်မြက်တဲ့မျိုးဆက်သစ်တွေကို မွေးထုတ်ရမယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။
“ လူထုကိုဦးဆောင်မဲ့သူဆိုတာ လူထုက ယုံကြည်ကိုးစားလောက်တဲ့အသံကိုပြောနိုင်လုပ်ပြနိုင်ဖို့လိုတယ်
ပြောင်းလဲမှုကို ကိုယ်ကိုယ်တိုင်က ရဲရဲရင့်ရင့်တောင်းဆိုလုပ်ကိုင်မှ နိုင်ငံရေးလမ်းကြောင်းတွေပွင့်လာမှပေါ့ဗျာ၊
ဒီလိုလမ်းကြောင်းကိုရွေးချယ်ခဲ့လို့ပဲကျနော်တို့ပါတီကိုလူထုကတဖြည်းဖြည်းထောက်ခံလာခဲ့ပါတယ်”တဲ့
သောတရှင်တို့လည်း ပြောင်းလဲမှုကိုရဲရဲရင့်ရင့်ဦးဆောင်လုပ်ကိုင်နိုင်သူတွေဖြစ်ကြပါစေ။

အောင်မိုးဝင်း

Michael Cowen & Liisa Laakso တို့တည်းဖြတ်ထုတ်ဝေတဲ့ “ The Multi party Elections in Africa” ပါအချက်အလက်များကို
ယူငင်သုံးစွဲပါတယ်။













The rest of the post

နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ