ဘိုဘိုကျော်ငြိမ်းသို့အကြံပြုလွှာ

Wednesday, December 29, 2010, 10:45 AM

Post your comment Post Comment | Email this to your friend 0 comments

-ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့လူငယ်တယောက်ပေးပို့လိုက်တဲ့စာပါ။အကြံပြုလွှာတခုဖြစ်ပါတယ်။

ဝင်းတင့်ထွန်းနဲ့ဘိုဘိုကျော်ငြိမ်းအပြန်အလှန်ရေးစာတွေနဲ့ပတ်သက်ပြီးမနေနိုင်လို့ရေးလိုက်ရပါတယ်။
ကျနော့်အထင်တော့ ဘိုဘိုကျော်ငြိမ်းဟာသူ့အဖေကိုအရှက်လိုက်ခွဲနေသူတဦးလိုဖြစ်နေတယ်။
ဦးကျော်ငြိမ်းဟာ အမျိုးသားရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ ဖဆပလမှာ ခေါင်းဆောင်တယောက်ဖြစ်တယ်။
ဒီလို ယူဆချက်လေးနဲ့သမိုင်းကိုရပ်ထားမယ်ဆိုရင်ကောင်းမယ်ထင်တယ်။ အခုတော့ သူ့အဖေကိုတင်ရေးပြီး၊
ငါတို့မျိုးရိုးဟာ ဒီလိုဖြစ်ကြောင်း၊ သူဘယ်လိုပညာတတ်ကြောင်း၊ လျှောက်ပြီးကြွားဝါ၊ နိုင်ငံရေးကို မရိုးမသားလှမ်းတက်ဖို့ကြိုးစားတော့ လူမုန်းခံရယုံသာမက၊ သူ့ ရဲ့တတ်ယောင်ကား ကြွားလုံးထုတ်မှုတွေဟာ ပေါ်ကုန်တော့တယ်။ သူဟာ သခင်တင်မြရဲ့တိုင်း (၁၀) တိုင်းကို ကောင်းကောင်းမဖတ်ခဲ့တော့ ရည်ညွှန်းကိုးကားချက်တွေကမှားပြီးရင်းမှားနေတယ်။

တခါတုံးကလည်း ကိုရီးယားစစ်ပွဲအကြောင်းရေးတဲ့အခါ ကုလသမဂ္ဂမှာအမေရိကန်နဲ့အနောက်အုပ်စုဟာ ဆိုဗီယက်ကိုယ်စားလှယ် အိမ်သာသွားနေတုံး မဲပေးဆုံးဖြတ်ကြတယ်။ ကိုရီးယားစစ်ပွဲကို ဝင်ရောက်စွက်ဖက်တယ်လို့ဆိုတယ်။ ဘယ်လောက် စည်းမရှိကမ်းမရှိ ကို့ရိုးကားယားနိုင်တဲ့ ရေးသားမှုလဲ။ စဉ်းစားကြည့်ပါ။ အဲ့ဒီတုံးက ဆိုဗီယက်ပြည်ထောင်စုဟာ အမေရိကန်ပြည်ထောင်စု နဲ့ အနောက်အုပ်စုက တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံအဖြစ်အသိအမှတ်မပြုတာကြောင့် ဆိုဗီယက်ယူနီယံက ကုလသမဂ္ဂကို သပိတ်မှောက်ထားချိန်ဖြစ်တယ်။ ကုလသမဂ္ဂအစည်းအဝေးမှာ တစုံတယောက်က အိမ်သာသွားတုံး မဲခွဲတယ်ဆိုတာ တခါမှမကြားဘူးသလို၊ လူဗိန်းတယောက်ကတွေးတောင် လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။

ဘိုဘိုကျော်ငြိမ်းကို အကြံပြုချင်တာကတော့ ကိုယ့်အဖေကိုချစ်တယ်။လေးစားတယ်ဆိုရင် နိုင်ငံရေးမှာ
လူရိုသေရှင်ရိုသေဖြစ်တဲ့သူတယောက်က ဦးကျော်ငြိမ်းအကြောင်းရေးသားတဲ့အဖြစ်မျိုးကို တိုက်တွန်းအားပေးသင့်တယ် လို့ထင်ပါတယ်။
ဘိုဘိုကျော်ငြိမ်းကို မုန်းတဲ့သူကများတဲ့အပြင်၊ ဘိုဘိုကျော်ငြိမ်းရဲ့ မဆင်မခြင်ရေးသားမှုတွေကြောင့် ဦးကျော်ငြိမ်းဟာ သိက္ခာကျပြီးရင်းကျလာတယ်။ စိတ်မကောင်းစရာပါပဲ။ စာရေးဆရာ ဝင်းတင့်ထွန်းရေးတဲ့အထဲက စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကတော့ ဦးနုရဲ့တာတေစနေသားစာအုပ်ပါအချက်အလက်ဖြစ်တဲ့ သူများရေချိုးနေတုံး မှတ်တမ်းစာအုပ်ကိုခိုးဖတ်တာတွေ၊ သူများတွေရန်ဖြစ်အောင်တိုက်ပေးပြီး “အောင်ပြီအောင်ပြီ” ကြွေးကြော်တာတွေ၊ ဦးကျော်ငြိမ်းရဲ့ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလမှတ်တမ်းတွေဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်းရေးသားခဲ့တဲ့အထဲမှာတော့ ဦးကျော်ငြိမ်းဟာ အင်မတန်သတ္တိရှိတယ်လို့မှတ်ချက်ချခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီတာတေစနေသားစာအုပ်မှာပဲ ဦးကျော်ငြိမ်းရဲ့ရှုပ်ပုံ၊ မရိုးသားတွေကို သုံးသပ်ထားတဲ့ ဦးနု ရဲ့ကောက်ချက်တွေကို ဖတ်လိုက်ရတော့ အံ့သြမိတာအမှန်ပဲ။
တာတေစနေသားကို ကျနော်တိြု့ပန်ဖတ်သင့်ပါတယ်။ဒီသမိုင်းတွေကို ကျနော်တို့မသိခဲ့ဘူးလေ။
သေသွားသူကို အားနာလို့ မရေးကြတာနဲ့တူပါတယ်။

ခုတော့ ဘိုဘိုကျော်ငြိမ်းရဲ့ မာန်မာနထောင်လွှားမှု၊ မရိုးသားမှု၊ ခလောက်ဆန်မှုတွေကြောင့်
ဦးကျော်ငြိမ်းလည်း အရှက်ကွဲရပြီ။ သမိုင်းတွေက ပြန်ပေါ်လာပြီ။
ဘိုဘိုကျော်ငြိမ်းအနေနဲ့ သတိရှိသင့်ပါတယ်။ အသက်တွေလည်းကြီးပါပြီ။
ကိုယ့်ကြောင့် အဖေလုပ်သူကို ထပ်အရှက်ခွဲတာမျိုးမလုပ်ပါနဲ့တော့။

နိုင်ငံရေးမှာ နေရာရချင်တယ်ဆိုရင်လည်း အကျိုးပြုလုပ်ငန်းတွေမှာ ရိုးရိုးသားသားပါဝင်ပါ။
ညီညွတ်ရေးကိုလေးလေးနက်နက်စဉ်းစားပြီး၊ အသက်အရွယ်နဲ့ကိုက်ညီမဲ့ တည်ငြိမ်တဲ့ရေးသားမှုတွေကို ကြိုးစားပါ။
ဦးကျော်ငြိမ်း ရဲ့ သမိုင်း ဂုဏ်သိက္ခာတက်လာပါလိမ့်မယ်။
စစ်အစိုးရကို ညီညွတ်စွာတိုက်ပွဲဝင်ကြပါစို့။

နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ