မတ်လ(၁၃)

Sunday, March 9, 2014 0 comments
မတ်လရဲ့ မီးတောက်လောင်နေတဲ့ လမ်းမတွေပေါ် ခင်ဗျားဘဝကို ဘယ်နှစ်ခါ လောင်းကြေးထပ်ခဲ့ဘူးပါသလဲ။ ဒီည ---- အသံနဲ့ ပဲ့တင်ထပ်နေတဲ့ ဝိညာဉ်တွေ ပြန်ဖမ်းကြည့်နေမိတယ်။ ဘာကိုယုံရမလဲ

လူထုဆန္ဒ နဲ့ နိုင်ငံရေးပါဝါ

Saturday, May 26, 2012 0 comments
၁၉၉၁ ကွန်မြူနစ်ကမ္ဘာပြိုကျသွားပြီးတဲ့အချိန်မှာ ဟန်ဂေရီ နိုင်ငံဟာ လွပ်လပ်တဲ့ရွေးကောက်ပွဲတွေနဲ့အတူ နိုင်ငံတကာ လူနေမှုအဆင့် အတန်းကို ပုခုံးချင်းယှဉ်နိုင်ခဲ့တယ်။ ပြဿနာက ဟန်ဂေရီနိုင်ငံဟာ နိုင်ငံတကာရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေကြေးစံနစ်တွေအပေါ်မှာ မှီခိုနေရတယ်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်နဲ့အတူ လူတွေရဲ့အတွေးအခေါ်တွေဟာ တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်။ မိမိရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်ကို သံသယ နဲ့ ပြန်သုံးသပ်ကြည့်နေကြတယ်။ တကယ်တော့ “လူထုဆန္ဒ နဲ့ နိုင်ငံရေးပါဝါ နှစ်ခုဟာ နီးစပ်သွားတဲ့အခါ ပြည်သူတွေဟာ ရုန်းထဖို့မလိုတော့ပါဘူး” တဲ့။ ----------------------------------------------------------------------------------------------------------------------------------------------- ဒီ တပတ် လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ဟန်ဂေရီနိုင်ငံ ဆီက သင်ခန်းစာတွေကို ဆွေးနွေးထား ပါတယ်။ သောတရှင်များခင်ဗျား --------------- လွန်ခဲတဲ့ နှစ်တုံးက ၁၉၅၆ ဟန်ဂေရီတော်လှန်ရေးအကြောင်းတင်ပြခဲ့တယ်။ ဒီတပတ်မှာတော့ ဟန်ဂေရီ နိုင်ငံရဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကာလများနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေကို တင်ပြချင်ပါတယ်။ ၁၉၅၆ ဟန်ဂေရီ တော်လှန်ရေးဟာ လူနှစ်သိန်းသေဆုံး၊ နှစ်သိန်းခွဲကျော်ထွက်ပြေးခဲ့ရမှုတွေနဲ့ ကျဆုံးခဲ့ရတယ်။ ဂျန်နော့ ကတာ လက်ထက်မှာလည်း ဆိုဗီယက်ဆန့်ကျင်သူများကို ချေမှုန်းခဲ့၊ တိုင်းပြည်ရဲ့တရားင် ဝန်ကြီးချုပ် အင်မရေ နာ့ဂ်ျ ( Imre Nage) ဟာ သေဒဏ်ပေးခံရ ပါတယ်။ သူ့လက်ထက်မှာ ဒီမိုကရက်တစ်၊ လစ်ဘရယ်၊ ပြုပြင်ပြောင်းလဲရေးသမားပေါင်း ၂၁၆၀၀ ကျော်ဖမ်းခံရ၊ ၄၀၀ ကျော်အသတ်ခံရတယ်။ ရာချီပျောက်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးယန္ဓာရားအသစ် စီမံကိန်း နဲ့အတူ ဈေးကွက်စီးပွားရေးကို စတင် ကျင့်သုံးလာခဲ့တယ်။ ၁၉၆၀ မှ ၁၉၈၀ အတွင်း ဟန်ဂေရီနိုင်ငံကို “ အရှေ့အုပ်စု အတွင်းက ပျော်ရွှင်စရာ အကောင်းဆုံးစစ်တန်းလျား” အဖြစ်လူသိများခဲ့တယ်။ တိုင်းပြည်ဟာ ဖိနှိပ်မှုတွေနည်းသထက်နည်းလာပြီး၊ ခရီးသွားလာခွင့်တွေအပေါ်ပိတ်ပင်တားဆီးမှုတွေ ကိုလည်း လျော့ပေါ့ခဲ့ပါတယ်။ လစ်ဘရယ်စီးပွားရေးစံနစ်နဲ့အတူ၊ လူနေမှုအဆင့်အတန်းတွေ မြင့်တက်လာခဲ့ပါတယ်။ ၁၉၈၈ ကာလမှာ ဆိုဗီယက်တွေဦးဆောင်တဲ့အရှေ့အုပ်စုဟာ စတင်အက်ကွဲစပြုလာပြီ။ အောစတြီးယား မှာ ဆန္ဒပြပွဲတွေရဲ့ ရိုက်ခပ်မှုတွေကလည်း ဟန်ဂေရီနိုင်ငံကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ သတိပေးနေခဲ့တယ်။ အစိုးရဟာ ၁၈၄၈ တော်လှန်ရေးကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့တဲ့အတွက်၊ လူ ၇၅၀၀၀ ကျော်လောက်ဟာ ဘူဒါပက်စ်ရဲ့လမ်းမတွေပေါ် ချီတက်ဆန္ဒပြခဲ့ ကြတယ်။ ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဗာချော့က ဟန်ဂေရီနိုင်ငံရဲ့အနာဂတ်ကို ဝင်ရောက်မစွက်ဖက်ပါဘူး လို့ ဂတိပေးခဲ့တယ်။ ဟန်ဂေရီ အစိုးရရဲ့ ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံတွေနဲ့ စတင်စကားပြောဆွေးနွေးကြတယ်။ပါတီစုံစံနစ်၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစံနစ် ကို ဦးတည်ပြီးသွားမယ်ဆိုတဲ့အပေါ်မှာ သဘောတူခဲ့ကြတယ် အောစကြီးယားနဲ့ ဟန်ဂေရီကြားက ပိတ်ဆို့ထားတဲ့ နန်းကြိုးတွေကို ဖယ်ရှားပြီး သံမဏိကန့်လန့်ကာကို ဖြိုချပစ်တဲ့ ပထမဆုံး နိုင်ငံတခုဖြစ်လာခဲ့တယ်။ ၁၉၅၆ ခုနှစ် တုံးက အပြစ်ပေး အသတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ် အင်မရေ နာ့ဂ်ျရဲ့ ဈာပနကို ပြန်လည်မြှုပ်နှံတဲ့ပွဲလုပ်ခဲ့တယ်။ လူ နှစ်သိန်းခွဲကျော် ဟာ သူရဲကောင်းရင်ပြင်ဆီကို ချီတက်ပြီးအလေးပြုခဲ့ကြတယ်။ ၁၉၉၀ မှာ ပါတီစုံရွေးကောက်ပွဲတွေကို ကျင်းပပေးခဲ့တဲ့အခါ၊ ဟန်ဂေရီယံ ဒီမိုကရက်တစ်ဖိုရမ် က အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ၁၉၉၄ မှာ ကွန်မြူနစ်ဟောင်းတွေဦးဆောင်တဲ့ ဟန်ဂေရီ ဆိုရှယ်လစ်ပါတီက အနိုင်ရခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဟန်ဂေရီ အာဏာရပါတီဟာ အနောက်အုပ်စုနဲ့အဆင်ပြေပြေ ပေါင်းသင်းခဲ့တဲ့ပါတီတွေဖြစ်ခဲ့ကြပြီး ၂၀၀၄ မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ “ ဟန်ဂေရီနိုင်ငံဟာ ကွန်မြူနစ်နိုင်ငံဟောင်းတွေအနက် လူနေမှုစံနစ်မြင့်မားပြီး၊ ပြည်သူတွေ တယောက်ချင်းစီ ဝင်ငွေအမြင့်ဆုံး ရတဲ့နိုင်ငံတခုအဖြစ် ဂုဏ်သိက္ခာကျော်ကြားခဲ့တယ်။ ဒါပေမဲ့ ဟန်ဂေရီနိုင်ငံဆိုတာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု နဲ့ နိုင်ငံတကာ ငွေကြေးအဆောက်အဦ စည်းမျဉ်းစည်းကမ်းပေါ်မှာ မှီခိုနေရတဲ့နိုင်ငံတခုဖြစ်တဲ့အတွက် ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်တဲ့အခါ၊ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအကြပ်အတည်းတွေစတင်ကြုံတွေ့လာခဲ့တယ်။ အစိုးရကလည်း ကြွေးမှီပြဿနာတွေကို ကယ်တင်ဖို့ကြိုးစားခဲ့တယ်။ ဥပဒေတွေကလည်း ဆင့်ကဲဆင့်ကဲ အသစ်ရေးဆွဲခဲ့တာ (၃၈၅) ခုကျော်ရှိနေပြီလေ။” ဂျန်နဝါရီ (၂) ရက်နေ့ကတည်းက စပြီး စတင်အသွက်သွင်းခဲ့တဲ့ ဥပဒေသစ်အပေါ်မှာ ပြည်သူတွေဟာ မကျေမနပ်ဖြစ်ခဲ့ ကြပါတယ်။ ဥပဒေသစ်ဟာ မီဒီယာ၊ တရားရေးဆိုင်ရာစီရင်ခွင့်နဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းလွတ်လပ်ခွင့်တွေအပေါ်မှာ စတင်စိန်ခေါ်လာခဲ့ပါတယ်။ အတိုက်အခံပါတီကိုယ်စားလှယ်တွေရဲ့ အမတ်တွေဟာ ပါလီမန်ထဲမှာ အသံမဲ့လို ဖြစ်နေတဲ့ကိစ္စတွေ၊ တရားရေးဆိုင်ရာ ဥပဒေတွေကို ရေးဆွဲတဲ့အခါ ဘေးမှာ ဖယ်ထားခြင်းခံရတာတွေကို မြင်နေတဲ့ ပြည်သူတွေဟာ ဟန်ဂေရီနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ဟာ အသုံးမဝင်တော့ဘူး။ စစ်တမ်းတခုရဲ့အဆိုအရ ဟန်ဂေရီ ပြည်သူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ ခုချိန်မှာ ရွေးကောက်ပွဲကျင်းပပေးရင်လည်း မဲပေးမှာ မဟုတ်ဘူး လို့ သဘောထားပေးခဲ့ကြပါတယ်။ “ကွန်မြူနစ်အစိုးရ ကျဆုံးသွားပြီးတဲ့နောက် လွန်ခဲ့တဲ့ အနှစ် (၂၀) ကိုပြန်သုံးသပ်ကြည့်မယ် ဆိုရင် ပြုပြင်ပြောင်းလဲရေး နဲ့ ပါတီစုံရွေးကောက်ပွဲတွေကို ဖြတ်သန်းနေစဉ်ကာမှာ လူထုလှုပ်ရှားမှုတွေကို လုပ်မယ်ဆိုရင်၊ ဒီမိုကရက်တစ်စံနှုန်းတွေကို မတည်ငြိမ်မှုဖြစ် ထိခိုက်နိုင်တယ် ဆိုတဲ့ အယူအဆတွေရှိခဲ့ကြတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေ လုပ်ရမဲ့ အလုပ်ဖြစ်တယ်။ ပြည်သူတွေဟာ မဲပေးယုံပဲဖြစ်တယ် ဆိုတဲ့အယူအဆကို ဆွဲကိုင်ထားခဲ့ကြတယ်။ ဒါပေမဲ့ နိုင်ငံရေးသမား တွေကို သူတို့လုပ်ချင်ရာလုပ် ဆိုတဲ့အခွင့်အရေးကို ပေးမိလိုက်ရင် အဲ့ဒီနိုင်ငံရေးသမားတွေဟာ သူတို့အလိုရှိရာကို အာသာငမ်းငမ်း လုပ်ကြတော့မယ် ဆိုတာ သဘောပေါက်လာခဲ့တယ်။ သူတို့တင်မြောက်ခဲ့တဲ့ လစ်ဘရယ်ဒီမိုကရက်တစ် ခေါင်းဆောင်တွေ၊ ဆိုရှယ်လစ်ခေါင်းဆောင်တွေအားလုံးက သူတို့ကို စိတ်ပျက်အောင်လုပ်ခဲ့ကြတယ်။ ပါတီနိုင်ငံရေး ဆိုတဲ့အပေါ်မှာ မေးခွန်းထုတ်လာခဲ့ကြတယ်။ လူထုပါဝင်နိုင်တဲ့ နိုင်ငံရေးစံနစ်တခုကို ပြန်လည်ဖေါ်ဆောင်ဖို့ ကြိုးစား လာကြတယ်”လို့ ဟန်ဂေရီနိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ဆိုခဲ့ပါတယ်။တကယ်တော့ ဟန်ဂေရီ နိုင်ငံဆိုတာ နိုင်ငံတကာစံနှုန်းအရ လစ်ဘရယ်ဒီမိုကရက်တစ် နိုင်ငံတခုဖြစ်ပါတယ်။ ဒါပေမဲ့ ပြည့်စုံလုံလောက်တဲ့ ဒီမိုကရေစီ အစစ်အမှန်နိုင်ငံတခုတော့ မဟုတ်သေးပါဘူး။ ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကြောင့် ရိုပ်ခပ်ခံလိုက်ရတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ကြွေးမှီပြဿနာတွေ၊ ငွေကြေးအကြပ်အတည်းတွေဟာ ဟန်ဂေရီပြည်သူတွေအားလုံးကို သူတို့နိုင်ငံရဲ့ နိုင်ငံရေးစံနစ်အပေါ် သံသယဖြစ်စေခဲ့ပါတယ်။ တရားမျှတတဲ့ လူမှုဖူလုံရေး နဲ့ ဘဝလုံခြုံမှုအတွက်တောင်းဆိုခဲ့ကြပါတယ်။ တချို့က ဆန္ဒပြပွဲမှာ အိုးအိမ်မဲ့ နေတဲ့လူတယောက်ရဲ့ ပုံစံလို ဝတ်ဆင်ထားတဲ့ လူတယောက်ကတော့ ဟန်ဂေရီ နိုင်ငံရဲ့ စီးပွားရေးကွာဟမှုတွေ အကြောင်း လစ်ဟ ပြနေခဲ့ပါတယ်။ ဟန်ဂေရီနိုင်ငံရဲ့ ငွေကြေးအကြပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စု အကြီးအကဲတွေ အလည်ရောက်ရှိလာခဲ့ကြပါတယ်။ “ သူတို့က ကျနော်တို့ပြည်သူ့လှုပ်ရှားမှုတွေထက် ဗဟိုဘဏ် ကို ကယ်တင်ဖို့ပဲ စိတ်ဝင်စားနေတာလေ” လို့ ဝေဖန်ထောက်ပြ ကြပါတယ်။ ဒါဟာလည်း ကွဲလွဲတဲ့နိုင်ငံရေးချဉ်းကပ်မှုတွေဖြစ်နေခဲ့ပါတယ်။ အစိုးရနဲ့ နိုင်ငံတကာဘဏ်အဖွဲ့တွေက တိုင်းပြည်ရဲ့ အပေါ်ထပ်အဆောက်အဦတွေကို ပြုပြင်ဖို့ကြိုးစားနေချိန်မှာ၊ လူထုပါဝါကို အားသန်တဲ့အုပ်စုတွေကတော့ ပြည်သူတွေ နိုင်ငံရေးထဲ ပါဝင်လာနိုင်မဲ့ နည်းလမ်းကိုသာ စဉ်းစားနေခဲ့ကြပါတယ်။ သောတရှင်များ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် ဟန်ဂေရီနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့ပေမဲ့ နိုင်ငံရေးစိတ်ဝင်စားမှုလျော့ပါး ခဲ့ခြင်းတွေကြောင့် ပါလီမန်ထဲမှာ အာဏာရနိုင်ငံရေးသမားတွေရဲ့ ချယ်လှယ်လက်ဝါးကြီးအုပ်ပိုင်ခွင့်တွေရရှိခဲ့ကြပါတယ်။ “လူထုဆန္ဒ နဲ့ နိုင်ငံရေးပါဝါ နှစ်ခုဟာ နီးစပ်သွားတဲ့အခါ ပြည်သူတွေဟာ ရုန်းထဖို့မလိုတော့ပါဘူး” တဲ့။ သောတရှင်တို့လည်း ပွင့်လင်းလွတ်လပ်တဲ့လူထုအဖွဲ့အစည်းတွေက တဆင့် တိုင်းပြည်ရဲ့ နိုင်ငံရေးကို မျက်ခြေမပြတ် အကဲခပ်နိုင်ကြပါစေ။

သံသယစိတ်ကို တုန့်ပြန်ကြသူများ

Saturday, May 19, 2012 0 comments
နေအောင်အောက်မှာ အသစ်အဆန်းတခုမှ မရှိပါဘူး။ လမ်းမတွေအားလုံး ရောမမြို့ဆီကို သွားတယ်။ လူတွေက မင်းကိုဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။ ငါ ကလည်း မင်းကို လှုပ်နိုးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းဘာသာနိုးထ နိုင်ပါတယ်။ ငါက မင်းကို ကုစားပေးနိုင်မှာ မဟုတ်ဘူး။ မင်းဘာသာ မင်း ကုစားနိုင်ပါတယ်” ဂျွန်လင်နွန် ( The Beatles ) ၂၀၀၀ ခုနှစ်မှာ ဂျွန်လင်နွန်ရဲ့ ရုပ်ထုကြီးကို ကျူးဘားနိုင်ငံရဲ့ ဟားဗားနားပန်းခြံရှေ့မှာ တည်ဆောက်ခွင့်ရခဲ့တယ်။ ရုပ်ထုဖွင့်ပွဲကို ရှေ့ဆုံးတန်းက လာရောက်ထိုင်ကြည့်နေသူက ကျူးဘားနိုင်ငံခေါင်းဆောင် ဖီဒယ်ကပ်စထရို ။ ဂျွန်လင်နွန် ရဲ့ ရုပ်ထု ကို တွေတွေကြီးစူးစိုက်ကြည့်နေတဲ့ ကပ်စထရို ရဲ့ မျက်လုံးအိမ်ထဲမှာ၊အတိတ်ရဲ့သွေးညှီနံ့တွေ၊ နာကျင်မှုတွေ နဲ့ ခြိမ်းခြောက်မှုတွေ၊ ရီဝေကွဲအက်စွာ တည်ရှိနေမှာ အမှန်ပဲ။ “ မနေ့ကပဲ ကျနော့ကို ခရူးရှက်က ဖုံးဆက်ပြောတယ်။ သူတို့ရဲ့ဆိုဗီယက်ရေတပ်ဟာ နောက်ကိုပြန်ဆုတ်သွားမှာ မဟုတ်ဘူး လို့ ဆိုတယ်။ ကျနော်တို့ ကျူးဘားနိုင်ငံတွင်းမှာလည်း ရောက်ရှိလာတော့မဲ့ ဒုံးပျံတွေအတွက် ပြင်ဆင်နေကြတဲ့ ရဲဘော်တွေကလည်း စိတ်အားတက်ကြွ လို့၊ ဟော- ခုတော့ ဆိုဗီယက်ရေယာဉ်တွေ ပြန်လည်ဆုတ်ခွာသွားပြီ” တဲ့ ဖီဒယ်ကပ်စရို ရဲ့ အင်တာဗျူးတခုမှာ နာနာကျင်ကျင်ခံစားနေရတာကို တွေ့နေရတယ်။ ကျူးဘားဒုံးပျံ ပြဿနာကိုပြန်လေ့လာကြည့်မယ်ဆိုရင် ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်က ဖီဒယ်ကယ်စထရို နဲ့ ကျူးဘားကွန်မြူနစ် တွေကို သစ္စာဖောက်ခဲ့သလို၊ အမေရိကန်သမ္မတ ဂျွန်အက် ကနေဒီ ကလည်း ကပ်စထရို အစိုးရကို ဆန့်ကျင်တော်လှန်တဲ့ ကျူးဘားဒီမိုကရက်တစ်အင်အားစုတွေကို သစ္စာဖောက်ခဲ့တယ်။ တတိယကမ္ဘာ နိုင်ငံတွေမှာတော့ ပြည်တွင်းစစ်ပွဲတွေ အရှိန်မြင့်လာခဲ့ပြန်တယ်။ သစ္စာဖောက်ခံရမှုတွေနဲ့ အကြိမ်ကြိမ်နိုးလာတဲ့ “ဟားဗားနား” မြို့ဆီမှာတော့ ကားလ်မာက္ခ် စိတ်ကူးယဉ်ခဲ့သလိုမျိုး တည်ဆောက်လို့ မရနိုင်ဘူး ဆိုတာကို လက်တွေ့ဘဝအတွေ့အကြုံတွေက သက်သေပြခဲ့တယ်။ စာမျက်နှာတွေပြောင်းသွားခဲ့တယ်။ ကျူးဘားတော်လှန်ရေးလုပ်ဖေါ်ကိုင်ဘက်တချို့ ထောင်ဒဏ်နှစ်ရှည်တွေကျသွားတယ်။ တချို့ ပစ်သတ်ခံခဲ့ရတယ်။ “ပြည်သူ့ ဒီမိုကရေစီ” ဆိုတဲ့စကားလုံးရဲ့နောက်ကွယ်မှာ သံသယသွေးတွေ ထင်စွန်းနေတယ်။ တခါတုံးက ဖီဒယ်ကပ်စထရို ရဲ့ ကမ္ဘာကျော်တရားခွင်လျှောက်လှဲချက်များ ကို ဖတ်ပြီး မတရားမှုကို ရှုတ်ချဖို့ အတွက် လမ်းမပေါ် ထွက်လာခဲ့ဘူးတဲ့ ကျနော်တို့ တတွေ၊ အနှစ် (၂၀) ကျော်လာတဲ့အခါမှာတော့ လူထုနဲ့ဝေးသွားတဲ့ တော်လှန်ရေးသမားတချို့ကို ထိပ်တိုက်ပြန်တွေ့လိုက်ကြတယ်။ ကျူးဘားနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ ဘဝပျက်နေတဲ့သူတွေရှိတယ်။ ရန်သူကို လက်ညှိုးထိုးရမယ်ရှာပြီး ကိုယ့်အချင်းချင်း အပြတ်ရှင်းကြတဲ့ လက်ဦးမှုယူ ဂုဏ်သိက္ခာဖျက်ပွဲတွေရှိတယ်။ မြိ့ပြင်မှာ ရက်ရက်စက်စက် ပစ်ချခံခဲ့ရတဲ့ အမျိုးသမီးတချို့ရှိတယ်။ လွတ်လပ်တဲ့ အာရှအသံရဲ့ စက်တင်ဘာ (၆) ရက်၊ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တက်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။ သောတရှင်များခင်ဗျား The Beatles တေးဂီတ အဆိုတော် ဂျွန်လင်နွန် ရဲ့ “စစ်ပွဲတွေနောက်ထပ်အလိုမရှိတော့” အဆိုအမိန့်တွေကို မှတ်မိကြပါလိမ့်မယ်။ ၂၀ ရာစုကို ဆွဲကိုင်လှုပ်ရမ်းနိုင်စွမ်းရှိတဲ့သူတို့ရဲ့ အနုပညာဖန်တီးမှုဟာ ဆယ်ကျော်သက်လူငယ်တွေကို အရူးအမူးစွဲလန်း စေနိုင် ခဲ့ပါတယ်။ ဒါပေမဲ့ ကျူးဘားနိုင်ငံမှာတော့ ၁၉၆၀- ၂၀၀၀ ကာလထိ The Beatles ၊ ရိုးလင်းစတုန်းအပါအဝင် အနောက်တိုင်း ရော့ခ် ဂီတတွေကို ပိတ်ပင်တားဆီးခဲ့ပါတယ်။ “ ၁၉၅၉ ကျူးဘားတော်လှန်ရေးက အစဦးမှာတော့ စိတ်လှုပ်ရှားစရာတွေ၊ အားတက်ဂုဏ်ယူဘွယ် တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ကျူးဘားအာဏာရှင်ဘာတစ္စတာ အစိုးရကို အန်တုစိန်ခေါ်တဲ့ ဖီဒယ်ကပ်စထရို ရဲ့ ကမ္ဘာကျော်တရားခွင်လျှောက်လဲချက်တွေ၊ ချီကွေဘားရား နဲ့ နိုင်ငံတကာ တော်လှန်ရေးဝါဒီတွေရဲ့ နယ်ချဲ့စံနစ်ကိုဖြိုချဖို့ကြိုးစားခဲ့တာတွေ၊ အာဖရိက၊ လက်တင်အမေရိက နဲ့ အာရှတိုက်ဆီကို ရိုက်ခပ်ကူးစက်ခဲ့တဲ့ လွတ်မြောက်ရေးလှိုင်းတွေ- ကျနော်တို့ ကျွန်းနိုင်ငံအသေးလေးကနေ အဖိနှိပ်ခံနေရသူတွေရဲ့ ဝိညာဉ်တွေကို ရိုက်နိုးခဲ့ကြတယ်” ဖီဒယ်ကပ်စထရိုကို လုပ်ကြံရေး၊ ကျူးဘားမစ်ဆိုင်းအကြပ်အတည်းနဲ့ စစ်အေးကာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တတိယနိုင်ငံတွေဆီက ပြည်တွင်းစစ်ပွဲတွေဟာ သင်ခန်းစာယူစရာ အကောင်းဆုံး ပြယုဒ်တွေ ဖြစ်လာခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးဆေးပေးခန်းတွေ နဲ့ လူမှုဖူလှုံရေးလုပ်ငန်းတွေမှာ ဂုဏ်သိက္ခာနဲ့ ကျော်ကြားခဲ့တဲ့ ကျူးဘားနိုင်ငံဟာ ဆိုရှယ်လစ်ခရီးလမ်းကို ဖြောင့်ဖြူးညင်သာစွာ သွားနိုင်သယောင်ယောင်ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွား အပြီးမှာတော့ ကျူးဘားနိုင်ငံလည်း အထွေထွေ အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ ကျူးဘားခေါင်းဆောင် ဖီဒယ်ကပ်စထရိုဟာ သူရဲ့ ငြိုးသူရန်ဘက်ဖြစ်တဲ့ အရင်းရှင်ကမ္ဘာဆီက ကြံစည်မှုတွေကို ကြောက်လန့်တကြားတုန့်ပြန်ရင်း၊ သူ့ရဲ့လုပ်ဖေါ်ကိုင်ဘက်တွေအပေါ်မှာလည်း သံသယစိတ်နဲ့ဆက်ဆံ၊ လူထုကို ပိုမိုဖိနှိပ်တဲ့ ကြိုးနီ ပေါ်လစီတွေကို သုံးလာခဲ့ပါတယ်။ “ ဆိုဗီယက်ပြည်ထောင်စုမှာ မီဟိုင်းဂေါ်ဗာချော့ရဲ့ ပွင့်လင်းမှုနဲ့ စီးပွားရေးအဆောက်အဦကို ပြန်လည်ပုံဖေါ်တဲ့ လုပ်ငန်းတွေ စတင်လိုက်ကတည်းက ကပ်စထရို နဲ့ သူ့ရဲ့လုပ်ဖေါ်ကိုင်ဘက်တွေကြားမှာ အယူအဆတွေကွဲပြားလာခဲ့တယ်။ ကျူးဘားကွန်မြူနစ်ခေါင်းဆောင်တွေထဲမှာလည်း လူထုအသံကို လေးလေးစားစားနားထောင်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ချင်သူတွေရှိနေပါတယ်။ ဒါပေမဲ့ ဒီလိုသဘောထားပေးသူတွေ “ တန်ပြန်တော်လှန်ရေးသမားတွေ” ဆိုပြီး၊ ဖမ်းဆီးခဲ့ပါတယ်။ ကွန်မြူနစ်ကမ္ဘာပြိုကွဲမှုနဲ့အတု ဖီဒယ်ကပ်စထရို ရဲ့ တော်လှန်ရေးအပေါ် သစ္စာဖောက်မှုတွေကလည်း စတင်လာခဲ့ပါတယ်။ အဆိုးဆုံးလုပ်ရပ်ကတော့ ကျူးဘားတော်လှန်ရေးကို အသက်ထပ်ပြီး ယုံယုံကြည်ကြည်လုပ်ဆောင်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီး အော့ချိုရာ ကို မတရားသဖြင့်စွပ်စွဲပြီး သတ်ဖြတ်အပြစ်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ အော့ချိုရာ ဟာ အာဖရိက၊ အာရှ တိုက်ဆီက လွတ်မြောက်ရေး ပျောက်ကြားတပ်တွေကို စစ်သင်တန်းပေးခဲ့သူ၊ ကျူးဘားနိုင်ငံကို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူအဖြစ် ဂုဏ်သတင်းမွှေးခဲ့ပါတယ်။ ကပ်စထရိုဟာ သူ့အတွက် အန္တရာယ်အရှိဆုံးသူအဖြစ်မြင်လာခဲ့တာကြောင့် ခုလိုလက်ဦးမှုယူ သုတ်သင်ရှင်းလင်း လိုက်ခြင်း ဖြစ်ပါတယ်။ တန်ပြန်တော်လှန်ရေးသမားအဖြစ်စွပ်စွဲခံရပြီး ပစ်သတ်ခံသူပေါင်း တသောင်းခွဲကျော်ရှိခဲ့တယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲ ချင်သူတွေရဲ့ ဆန္ဒကို ထိန်းချုပ်လို့မရခဲ့ပါဘူး။ ၁၉၉၄ မှာ “မော်လီကွန်နာဇို” လူထုအုံကြွမှုဟာ ကပ်စရိုကို ထိတ်လန့်စေခဲ့ပါတယ်။ ကျူးဘားပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်လာပြီး၊ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆော်သြခဲ့ပါတယ်။ ဒါပေမဲ့ ကျူးဘားကွန်မြူနစ်ပါတီဟာ ပစ်ခပ်ဖြိုခွဲမှုတွေနဲ့ အဖြေပေးခဲ့ပါတယ်။ “ အီရတ်စစ်ပွဲ နဲ့ အာဏာရှင် ဆဒမ်ဟူစိန် ကျဆုံးမှုဟာ ကျူးဘားပြည်သူတွေကို အားတက်စေခဲ့တယ်။ ဒါကြောင့်လည်း ၂၀၀၃ ခုနှစ် စက်တင်ဘာလမှာ ကျူးဘားနိုင်ငံရဲ့ ထင်ရှားတဲ့ သတင်းစာဆရာတွေ၊ အနုပညာသည်တွေဦးဆောင်ပြီး ပွင့်လင်းလွတ်လပ်တဲ့ နိုင်ငံရေးစံနစ်တခုကို ပြောင်းလဲပေးဖို့ တောင်းဆိုလှုပ်ရှားခဲ့ကြပြန်တယ်။ ဒါပေမဲ့ ကပ်စထရိုအစိုးရဟာ တက်ကြွလှုပ်ရှားသူ ၇၅ ယောက်ကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၁၄) နှစ်မှ (၂၇) နှစ်အထိ ပြစ်ဒဏ်ပေးခဲ့တယ်။ ( Black September)ဘလက် စက်တင်ဘာအဖြစ်လူသိများခဲ့တယ်” ဘလက်စက်တင်ဘာလှုပ်ရှားမှုဟာ ကြေကွဲဘွယ်အဖြစ်ဆိုးတွေနဲ့ ရပ်တန့်အဆုံးသတ်မသွားခဲ့ပါဘူး။ ဖမ်းဆီးခံရတဲ့ ဂျာနယ်လစ်တွေနဲ့ အနုပညာသည်တွေရဲ့ အမျိုးသမီးတွေ၊ သားသမီးတွေဟာ နောက်နှစ်ပတ်အကြာမှာ Ladies in White အဖွဲ့ကို စတင်ဖွဲ့စည်း လိုက်ကြပါတယ်။ အဖြူရောင်ဆိုတာ ငြိမ်းချမ်းရေးရဲ့သင်္ကေတဖြစ်တယ်။ သူတို့ရဲ့ခင်ပွန်းသည်တွေ၊ သားသမီးတွေ၊ ဖခင်တွေရဲ့ ပုံတွေကို အကျီဖြူရဲ့ ရင်ဘတ်ကြယ်သီးလေးတွေပေါ်မှာ ပုံဖေါ်လိုက်ကြတယ်။ ပန်းစီးတွေကို ကိုင်ဆောင်ပြီး ဟားဗားနားရဲ့ လူစည်ကားရာနေရာတွေမှာ စတင်လမ်းလျှောက်ခဲ့ကြပါတယ်။ ကပ်စထရိုအစိုးရက ပထမတော့ သတိမထားမိပါဘူး။ ဒါပေမဲ့ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတွေရဲ့လှုပ်ရှားမှုကို လူတွေထောက်ခံလာကြတယ်။ နိုင်ငံတကာက အာရုံစိုက်လာခဲ့ကြတယ် ဆိုတာကို သဘောပေါက်လာတဲ့အခါမှာတော့ ဒီအမျိုးသမီးတွေကို အမေရိကန်ပြည်ထောင်စုဆီက ငွေကြေးထောက်ပံ့မှုရထားတဲ့ တန်ပြန်တော်လှန်ရေးသမားတွေ အဖြစ်စွပ်စွဲဝါဒဖြန့်လာခဲ့တယ်။ “ ကပ်စထရိုအစိုးရရဲ့ ပြည်သူ့စစ်တွေနဲ့ အမျိုးသမီးအဖွဲ့ချုပ်က ကျမတို့စုဝေးရာကို ရောက်လာပြီး အရင်းရှင်ကမ္ဘာဆီက မိန်းမပျက်တွေ ဆိုပြီး ဆဲဆိုခြိမ်းခြောက်ကြတယ်။ ကျမတို့ မျက်နှာပေါ်ကို တံတွေးထွေးရှုတ်ချကြတယ်။ တခါတလေ ကျမတို့ ဆံပင်တွေကို စောင့်ဆွဲကိုင်ပြီး လမ်းမပေါ်ကနေတ ဒရွတ်ဆွဲခေါ်ဆောင်သွားတယ်။ ဘတ်စ်ကားတွေပေါ်မှာ အတင်းအဓမ္မတက်ခိုင်းပြီး မြို့ပြင်က လူသူဝေးတဲ့နေရာတွေမှာ ပစ်စလက်ခပ်ချထားခဲ့တယ်” သောတရှင်များခင်ဗျား ကျူးဘားအစိုးရဟာ အမှားတခုပြီးတခုဆက်တိုက်ကျူးလွန်ခဲ့ပေမဲ့ အဖြူရောင်အင်္ကျီဝတ် အမျိုးသမီးတွေလက်ထဲက နှင်းဆီပန်းတွေ ဟာ နေပြင်းပြင်းအောက်မှာ ဆက်လက်ပွင့်လန်း နေဆဲဖြစ်ပါတယ်။ “အာဏာရှင် နဲ့ မပူးပေါင်းရေး” ၊ “ရိုစာပတ်” လိုအမျိုးသမီးများ၊ ဖိနှိပ်မှုကို ဆန့်ကျင်သောအမေများအဖွဲ့တွေ ထပ်မံပေါ်ပေါက်လာခဲ့ကြပြီး အကျဉ်းကျခံနေသူတွေရဲ့ မိသားစုတွေကို ထောက်ခံပူးပေါင်းခဲ့ကြပါတယ်။ ကျနော်တို့နိုင်ငံမှာလည်း အစိုးရသစ်ဟာ တိုင်းပြည်တည်ငြိမ်မှ နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ်ပေးမယ် လို့ ဆိုနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုကို ဖိနှိပ်မှုကြောင့် တိုင်းပြည်မတည်မငြိမ်ဖြစ်နေရတယ် ဆိုတဲ့အချက်ကို သိသိချည်းနဲ့ ငြင်းဆန်နေတဲ့ အစိုးရတွေကြောင့်လည်း တိုင်းပြည်ဟာ နာပြီးရင်းနာနေခဲ့ရပါတယ်။ သောတရှင်တို့လည်း သားပျောက်၊ ခင်ပွန်းပျောက်၊ မိသားစုပျောက်နေတဲ့ သူတွေရဲ့ဘဝတွေကို စာနာနားလည်ပြီး အာဏာရှင်တွေလက်အောက်မှ လွတ်မြောက်နိုင်ကြပါစေ။ အောင်မိုးဝင်း

ဖွံ့ဖြိုးတိုးတက်မှု ညွှန်ကိန်းတွေကို မရိုက်ချိုးမိစေဖို့

Wednesday, September 28, 2011 0 comments

တရုပ်ပြည်ရဲ့ဝန်ကြီးချုပ် ဝန်ကျားပေါင်က သူ့နိုင်ငံအနေနဲ့ ဒီမိုကရေစီစံနစ်ကို ပိုမိုကျင့်သုံးဖို့ တိုက်တွန်းနေခဲ့တာ အချိန်အတော်ကြာ ခဲ့ပြီ။ ဒီမိုကရေစီစံနစ်ကို မကျင့်သုံးဘူးဆိုရင် တရုပ်ပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းတွေကို ပြောဆိုနေမှုတွေဟာ သေချာရေရာမှု မရှိဘူး လို့ သတိပေးခဲ့ဘူးတယ်။ တကယ်တော့ တရုပ်ခေါင်းဆောင်တွေဟာ ငလျင်ဒဏ်ကြောင့်ဆုံးရှုံးပျက်စီးတဲ့ဒေသတွေကို ကိုယ်ယောင်ပြသွားရောက်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ပြည်သူတွေအတွက် လိုအပ်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ အဲ့ဒီဒေသတွေမှာ ဆန္ဒပြပွဲတွေကလည်း မကြာခဏတွေ့မြင်ကြမှာဖြစ်သလို၊ သဘာဝဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို အဆိပ်ဖြစ်၊ သေကြေပျက်စီးစေမဲ့ စီမံကိန်းတွေကို အန်တုစိန်ခေါ်နေတဲ့ သပိတ်မှောက်ပွဲတွေ၊ ကွန်မြူနစ်ပါတီကို ဝေဖန်ဆန့်ကျင်တဲ့ လူစုလူဝေးတွေကိုလည်း နေ့စဉ်နီးပါး တွေ့နေရတယ်။ မကြာသေးမီ ရက်များအတွင်းက တရုပ်ကွန်မြူနစ်ပါတီဟာ လယ်သမားတွေရဲ့လယ်မြေတွေကို သိမ်းယူပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေဆီ ရောင်းချခဲ့တာကြောင့် လယ်သမားဆန္ဒပြပွဲတွေပေါ်ပေါက်လာပြီး အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် နေရတဲ့အခြေအနေကို ရောက်နေခဲ့တယ်။
တကယ်တော့ တိုင်းပြည်တခုရဲ့ဖွံ့ဖြိုးတိုးတက်မှု ညွှန်ကိန်းတွေကို လေ့လာတဲ့အခါ၊ GDP ၊ အလုပ်လက်မဲ့နှုန်း၊ နဲ့ Consumer Price Index တွေနဲ့ တိုင်းတာတာဖြစ်တယ်။GDP တွက်နည်း နှစ်မျိုးရှိတယ်။
Expenditure Method နဲ့ Income Method တို့ဖြစ်တယ်။ Expendicture Method ဆိုတာ စားသုံးမှုစုစုပေါင်း၊( Consumption)၊ ရင်းနှီးမြုပ်နှံမှု ( Investment)၊ အစိုးရရဲ့အသုံးစရိတ်( Government Spending) နဲ့ ပို့ကုန်စုစုပေါင်း ( Net Export) တွေအားလုံးရဲ့ စုစုပေါင်းကိုထွက်ချက်တာဖြစ်တယ်။ Net Export ဆိုတာ ပို့ကုန်စုစုပေါင်း (X) နဲ့သွင်းကုန်စုစုပေါင်း( m) နှစ်ခုခြားနားချက် ကို ပြောတာဖြစ်တယ်။ မိုက်ခရိုစီးပွားရေးရဲ့ဖေါ်မြူလာအရ

GDP = C + I + G+ ( X- m) ဖြစ်တယ်။


Income Method ကတော့ ဗမာပြည်မှာ ဘယ်လိုမှတွက်ရမှာ မဟုတ်တဲ့အတွက် မဆွေးနွေးတော့ပါဘူး။ ဘာလို့လဲဆိုတော့ လူမှု့ဖူလုံရေး ဆိုတဲ့ Social Security၊ နစ်နာကြေးတွေ၊ တိုက်ရိုက်အခွန်ဆောင်မှု၊ သွယ်ဝိုက်အခွန်ဆောင်မှုတွေ ကို လည်း တွက်ချက်မှရမှာမို့ပါ။ ဗမာပြည်မှာ ဒါတွေဘယ်ရှိနိုင်ပါ့မလဲ။
ဒါပေမဲ့ GDP အစစ်အမှန်တန်ဘိုးကို တွက်ချက်ဖို့ဆိုတာ ဗမာပြည် အပါအဝင် ခြစားအကျင့်ပျက်၊ အဂတိလိုက်စားမှုတွေ ကျူးလွန်နေတဲ့ နိုင်ငံတွေမှာ ခက်ခဲမှုတွေရှိနေပါတယ်။ မိုက်ခရိုစီးပွားရေးဘာသာရပ်တွေကို သင်ကြားမယ် ဆိုရင် ဗမာပြည်ဟာ ဆိုမာလီးယားနိုင်ငံ ပြီးရင် အကျင့်ပျက်ခြစားမှုမှာ ဒုတိယ လိုက်တဲ့နိုင်ငံဖြစ်တယ်။ ဒါ့အပြင် မြေအောက် စီးပွားရေးလုပ်ငန်း ( အစိုးရနဲ့လက်ဝါးချင်းရိုက်၊ လဒ်ပေးလဒ်ယူလုပ် စီးပွာရှာနေတဲ့ အရာတွေ၊ အစိုးရနဲ့မူဝါဒမှားတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့်ဖြစ်ပေါ်လာမဲ့ သဘာဝဝန်းကျင်ပျက်စီးမှုတွေ ဟာ GDP တန်ဘိုးကို တွက်ချက်ဖို့အတွက် အတားအဆီးတွေ ဖြစ်နေပြန်ပါတယ်။ ဒါ့ကြောင့်လည်း တရုပ်ဝန်ကြီးချုပ် “ဝန်ကျားပေါင်” က ဒီမိုကရေစီစံနစ်ကို ပိုမိုကျင့်သုံးဖို့ တိုက်တွန်းနေခြင်း ဖြစ်တယ်။ တရုပ်ပြည်မှာ တပါတီအာဏာရှင်စံနစ်ကို တည်ထောင်ခဲ့မှု့ကြောင့်၊ ပါတီတခုရဲ့ ဝါဒဖြန့်မှုကရရှိတဲ့ အချက်အလက်တွေ ဆိုတာလည်း ဘယ်လောက်မှန်နိုင်မယ် ဆိုတာ မှန်းဆဖို့ခက်ပါတယ်။ လက်ရှိမှာတောင် လူမှုရေးမငြိမ်သက်မှုတွေကို နေ့စဉ်ကြုံတွေ့နေရတယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ စက်တင်ဘာ (၂၇) ရက် အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တရုပ်ပြည်ဆီက သဘာဝဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေအကြောင်းဆွေးနွေး တင်ပြထားပါတယ်။
သောတရှင်များခင်ဗျား
(၂၁) ရာစုမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အပြေးသန်နေတဲ့ တရုပ်ပြည်သူ့သမ္မတနိုင်ငံဟာ နိုင်ငံတွင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို လေးလေးနက်နက်တိုင်တွယ်နေခဲ့ရပါတယ်။
“ တရုပ်နိုင်ငံဟာ ကွန်မြူနစ်နိုင်ငံရယ်လို့တည်ထောင်ခဲ့ပေမဲ့ ကုန်းတွင်းဒေသ နဲ့ ကမ်းရိုးတန်းဒေသ တလျှောက်မြို့ တွေမှာ ဆင်းရဲချမ်းသာလူတန်းစားကွာဟမှုတွေကကြီးမားလွန်းလှသလို၊ မြို့ပြတိုးတက်ရေးအတွက် ဥပဒေတခု၊ ဆင်းရဲတဲ့ဒေသတွေအတွက် ဥပဒေတခု လို ကွဲပြားခြားနားစွာတည်ရှိနေခဲ့တယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုတွေအတွက်၊ စက်မှုလုပ်ငန်းတွေကို အစားထိုးဖို့ကြိုးစားတဲ့ အခါတိုင်း ကျေးလက်ဒေသတွေဟာ သဘာဝဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရခဲ့တယ်။”
တကယ်တော့ တရုပ်ကွန်မြူနစ်ပါတီဟာ လူမှုရေးမတည်ငြိမ် မှုတွေကိုလည်း နေ့စဉ်ရက်ဆက် ဖြေရှင်းနေရပါတယ်။ ငလျင်ဒဏ်၊ ဓါတုဗေတ အဆိပ်သင့်မှု ၊ အလုပ်ခွင်မှာ နေထိုင်ရှင်သန်ရတဲ့ ဘဝအနေအထား နဲ့ သဘာဝ ဝန်းကျင်ကာကွယ်ရေး အပေါ်မှာ တာဝန်ပျက်ကွက်ခဲ့တဲ့ အစိုးရရဲ့ ပေါ့ဆမှုတွေကြောင့် တရုပ်ပြည်တွင်းမှာရှိတဲ့ လယ်သမား၊ အလုပ်သမား ထောင်ပေါင်းများစွာဟာ ပိုမိုလုံခြုံကောင်းမွန်တဲ့ဘဝတွေအတွက် ဆန္ဒထုတ်ဖေါ်ပြသလေ့ရှိကြပါတယ်။

“ ပါရာစီလင်း ဓာတုဗေဒပစ္စည်းဆိုတာ ဖိုင်ဘာ နဲ့ ဖလင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုလီစတာ လို ပလပ်တစ်ကုန်ကြမ်းတွေကို အရောင်ပြောင်းလဲရေးအတွက် မရှိမဖြစ်လိုအပ်တယ်။ ဒါပေမဲ့ ပြဿနာက ပါရာစီလင်းအရည်ဟာ လူ့တွေကို ဒုက္ခပေးနိုင်တဲ့ အဆိပ်တွေကိုလည်း လွှင့်ထုတ်တယ်။ ဒါလီယံဆိပ်ကမ်းမြို့မှာရှိတဲ့ ဖူဂျီယာ စက်ရုံ ဆိုတာ ပါရာစီလင်း အဓိကထုတ်လုပ်တဲ့ စက်ရုံဖြစ်တယ်။ ၁.၅ ဘီလျှံဘိုးတန်တဲ့ ဓါတုစက်ရုံတခုဖြစ်တယ်။ အဲ့ဒီ စက်ရုံဟာ ပင်လယ်နဲ့ ကိုက် (၅၀) အကွာအဝေးလောက်မှာ တည်ဆောက်ထားတယ်။ စက်ရုံက ထုတ်လုပ်တဲ့ ပါရာစီလင်းရည်တွေဟာ လူတွေရဲ့မျက်စိတွေကို ထိခိုက်ဒဏ်ရာရ၊ တချို့မျက်လုံးကွယ်ခဲ့ရသလို၊ အဲ့ဒီအငွေ့ကို ရှုမိတဲ့ လူတွေဟာ အသက်ရှုကြပ်သေဆုံးရတာမျိုးတွေ ရှိခဲ့တယ်”
မုန်တိုင်းချိန်မှာဆို ပင်လယ်လှိုင်းတွေဟာ ဖူဂျီယာစက်ရုံတဝိုက်မှာ စွန့်ပစ်ထားတဲ့ ဓါတုဗေဒ အညစ်အကြေးတွေကို သယ်ဆောင်လာတတ်တာကြောင့် စက်ရုံဆီမှ စိမ့်ယိုလာမဲ့ ဓါတုအဆိပ်တွေရဲ့ အန္တရာယ်ကို ထိတ်လန့်လာတဲ့ ဒါလီယံမြို့က ပြည်သူတွေဟာ စိန်ခေါ်မှုတခုကို စတင်လိုက်ကြ ပါတယ်။ အင်တာနက် မိုဗိုင်းဖုံးတွေကနေ စည်းရုံးလှုံဆော် ပြည်တွင်းနဲ့နိုင်ငံတကာမီဒီယာတွေ အာရုံစိုက်လာအောင်စတင်ကြိုးစားလိုက်ပါတယ်။ ထောင်ပေါင်းများစွာ ကျောင်းသားတွေ၊ အရာရှိတွေ၊ ကမ်းရိုးတန်းတလျှောက်နေထိုင်သူတွေဟာ “ဒါလီယံမြို့ကို ငါ့တို့ဆီပြန်ပေး” ဆိုတဲ့ကြွေးကြော်သံ တွေနဲ့အတူ၊ စက်ရုံကို ချက်ချင်းပိတ်ပစ်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ တရုပ်အာဏာပိုင်တွေဟာ လူထုမငြိမ်သက်မှုကို နှိမ်နင်းဖို့အတွက် လုံခြုံရေးတပ်တွေကို ဆင့်ခေါ်ခဲ့ပေမဲ့ လူထုဟာ နောက်ဆုတ်နိုင်မဲ့အနေအထားမရှိဘူး ဆိုတာကို သဘောပေါက်သိမြင် နေခဲ့ပါတယ်။ ဒါလီယံမြို့တော်ဝန်ဟာ သူ့ဒေသက ပြည်သူတွေရဲ့ မကျေနပ်မှုတွေကို တောင်းပန်ပြီး စက်ရုံကို အမြန်ဆုံးရပ်ဆိုင်း လိုက်ရပါတယ်။
“ဒုတိယအဖြစ်အပျက်က တရုပ်ပြည်ရဲ့ အဆင်းရဲဆုံးဒေသဖြစ်တဲ့ ယူနန်ခရိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ လူထုဆန္ဒပြပွဲ၊ ရှင်လောင်းကျေးရွာမှာတည်ရှိတဲ့ ဓါတုစက်ရုံကြောင့် ဒေသခံပြည်သူတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေဟာ ထူးခြားဆန်းကြယ်စွာ သေဆုံးကုန်ကြတယ်။ ဓါတုစက်ရုံအနီးမှာ တန်ချိန် ငါးထောင်ကျော်တဲ့ ဓါတုစွန့်ပစ်ပစ္စည်းတွေဟာ အနံ့အသက်တွေ ဆိုးဝါးလွန်းလို့ ပြည်သူတွေ အသက်ရှုရင် အန်ချင်သလိုလို ခံစားရတယ်။ မြစ်တွေထဲက ရေတွေကဟာ နီဝါရောင်ထနေတယ် ။ ငါးတွေတဖြုတ်ဖြုတ်သေကုန်ကြတယ်။ ဒီစက်ရုံက ထုတ်လုပ်တဲ့ ဓါတုဗေဒပစ္စည်းတွေထဲမှာ ဆိုင်းနိုက်၊ ဆိုဒီယမ်ဒစ်ချရိုမိတ် လို သေစေလောက်တဲ့ အဆိပ်တွေကလည်း လေထုထဲကို ပျံ့နှံ့နေတယ်။ အဲ့ဒီ အဆိပ်ငွေ့တွေဟာ လူတွေကို ကင်ဆာရောဂါ ဖြစ်စေနိုင်တယ် ဆိုတဲ့ ပညာပေးမှုတခုကို လက်ဆင့်ကမ်းဖြန့်ဝေလိုက်ကြတဲ့ အခါမှာတော့ ယူနန်ခရိုင်မှ ပြည်သူတွေဟာ သဘာဝဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ သူတို့ရဲ့ဘဝလုံခြုံမှုကို ဖန်တီးနိုင်မယ် လို့ ယုံကြည်မိကြတော့တယ်။ ပထမတော့ ဒေသခံပြည်သူတွေရဲ့ဝေဖန်မှုတွေကို အစိုးရဟာ ဥပက္ခာပြုထားတယ်။ ဆန္ဒပြထုတ်ဖေါ်သူတွေကို ဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ ပြည်သူတွေဟာ အသေဆိုးနဲ့သေစေနိုင်တဲ့အဆိပ်တွေကို ငြိမ်သက်စွာရှုရှိုက်နေမဲ့အစား အစိုးရရဲ့တာဝန်သိတတ်မှုကို မေးခွန်းထုတ် အန်တုခဲ့ကြတယ်။ ထောင်သောင်းချီနေတဲ့ ဆန္ဒပြပွဲတွေကို ဆက်လက်တားဆီး နိုင်စွမ်းမရှိတဲ့ တရုပ်ကွန်မြူနစ်အစိုးရဟာ လူလီယန်းစက်ရုံကို ပိတ်ပစ်လိုက်ရပါတော့တယ်။
တဘက်မှာတော့ တရုပ်ကွန်မြူနစ်ပါတီရဲ့ စီးပွားရေးရည်မှန်းချက်တွေက ကြီးမားနက်ရှိုင်းစွာ တည်ရှိနေဆဲပါ။ ဆိုလာ ( နေရောင်ခြည် စွမ်းအင်) ကို အသုံးချပြီး သန့်ရှင်းတဲ့နည်းပညာတွေအတွက် ဂျင်ကို ဆိုလာ စက်ရံ ကို Haining မှာ တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီ ဆိုလာဓါတုစက်ရုံဟာ ကမ္ဘာ့ဈေးကွက်မှာ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ အကြီးဆုံးစွမ်းအင်ကုမ္မဏီတခုဆိုရင် မမှားပါဘူး။ ဒါပေမဲ့ ပြိုင်ဘက် နိုင်ငံတကာစီးပွားရေးအင်အားစုတွေကတော့ တရားမျှတမှုမရှိ တဲ့ချေးငွေ၊အတိုးနှုန်း၊ ဝန်းကျင်ထိန်းသိမ်းမှု ဥပဒေ ညံ့ဖျင်းမှု၊ အလုပ်သမားတွေအပေါ် လုပ်ခနည်းလွန်း မှုတွေကြောင့်ဘူး ကျေနပ်မှုမရှိခဲ့ကြပါဘူး။
“နေရောင်ခြည်စွမ်းအင်ကိုအသုံးချပြီး Clean- Tech ကို ထုတ်လုပ်တဲ့ စက်ရုံဆိုတာ ကာဗွန်ဓါတ်ငွေ့ထုတ်လုပ်မှု ကို မရှိပေမဲ့ အဆိပ်သင့်ဓါတုဗေဒတွေက ပျံ့နှံ့ဒုက္ခပေးနေဆဲပဲလေ။ ဒါကြောင့်လည်း ဒေသတွင်းက ပြည်သူတွေဟာ “ငါတို့ဘဝတွေကို ပြန်ပေး ဂျင်ကို နဲ့ ဝေးဝေးနေကြပါ” ဆိုတဲ့ကြွေးကြော်သံတွေကို ကိုင်စွဲပြီး၊ ဂျင်ကို ဆိုလာစက်ရုံကို ပိတ်ဆို့ဆန္ဒပြကြတယ်။ ပြည်သူတွေအတွက် အန္တရာယ်တွေကြုံလာလို့၊ မလုံခြုံတော့တဲ့ဘဝတွေကို ထုတ်ဖေါ်ပြလေ့ရှိတဲ့အခါ၊ ကွန်မြူနစ်အစိုးရဟာ ကျနော်တို့ကို ငြိမ်သက်ခိုင်းတယ်။ ဆန္ဒပြသူတွေဟာ ရိုက်နှက်ခံရတယ်။ ဖမ်းခံရတယ်။ ဘယ်မှာလဲတရားမျှတမှု၊ ကျနော်တို့ကတော့ ဟော့ဒီဓါတုစက်ရုံကို မပိတ်မချင်း သပိတ်တိုက်ပွဲကို ရုတ်သိမ်းနောက်ဆုတ်သွားမှာ မဟုတ်ဘူး။”
လက်တွေ့စိန်ခေါ်မှုတွေကို တွေ့မြင်ကြုံတွေ့နေရတဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ မြို့ပြဖွံ့ဖြိုးမှုနဲ့လူလတ်တန်းစားတွေအတွက် သန့်ရှင်းတဲ့ ဝန်းကျင်တခုတည်ဆောက်ရေးထက် ကျေးလက်ဟောင်းတွေဆီကမွေးမြူရေး၊ သဘာဝဝန်းကျင်ကာကွယ်ရေးနဲ့ ပြည်သူတွေ အသက်အိုးအိမ်လုံခြုံရေးအတွက် ဦးစားပေးစိုးရိမ်ရတော့မယ် ဆိုတာကို သဘောပေါက်လာကြပါတယ်။
သောတရှင်များခင်ဗျား
နိုင်ငံတနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို GDP လို့ခေါ်တဲ့ အရာတွေနဲ့ တိုင်းတာလေ့ရှိကြပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ စီမံကိန်းတွေကြောင့်ဖြစ်ပေါ်လာတဲ့ သဘာဝဘေးဒဏ်တွေ၊ မြေအောက် စီးပွားရေးလုပ်ငန်းတွေ၊ ခြစားမှုတွေဟာလည်း GDP အစစ်အမှန်ကို တွက်ချက်ဖို့အတွက် အရေးပါတဲ့ အချက်အလက်တွေဖြစ်တယ် ဆိုတာ မာခရိုစီးပွားရေးပညာကို လေ့လာသူတိုင်း နားလည်ကြပါတယ်။ ဗမာပြည်က အစိုးရသစ်လည်း ဖွံ့ဖြိုးတိုးတက်မှု ညွှန်ကိန်းတွေကို ရိုက်ချိုးဖျက်ဆီးပစ်မှုတွေကနေ ရှောင်ရှားပြီး စီးပွားရေးဖွံ့ဖြိုးမှုနှစ်ကာလများကို တည်ဆောက်စေချင်ပါတယ်။


အကြမ်းဖက်ခံနေရတဲ့မြို့

Friday, September 23, 2011 0 comments

“မော်ရဲ့ နောက်ဆုံး ကချေသည်” ( Mao’s Last Dancer) ဆိုတဲ့ ရုပ်ရှင်လေးကို အချိန်ရရင် ခံစားကြည့်စေချင်ပါတယ်။ တရုပ်ပြည်ကွန်မြူနစ်ပါတီဟာ ကလေးတွေကို ဘဲလေး ကချေသည်အဖြစ် ကခိုင်းဖို့အတွက် နယ်စွန်နယ်ဖျားကျေးရွာလေးတွေထိ သွားပြီး ရွေးချယ်ခဲ့တယ်။ ကလေးတွေကို အကသင်ခန်းစာတွေပေးတဲ့အခါ စစ်တပ်တတပ်လို မောင်းနှင်ခဲ့တယ်။ ကလေးတွေက တကယ့်ကို တိုင်းပြည်ဂုဏ်ဆောင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီထဲက အထူးချွန်ဆုံးကောင်လေးတယောက်ကတော့ အမေရိကန် ပြည်ထောင်စုဆီသွားပြီး သူ့ရဲ့အနုပညာ အကစွမ်းရည်ကို ပြသခွင့်ရခဲ့တယ်။ နောက်ဆုံး နိုင်ငံရေးခိုလှုံခွင့်တောင်းပြီး နေထိုင်ဖို့ကြိုးစားခဲ့တယ်။ တရုပ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက ကျေးလက်မှာ နေထိုင်နေတဲ့ ကချေသည်ရဲ့ မိသားစုထံသွားပြီး “ နင့်သားဟာ ငါတို့ပါတီနဲ့နိုင်ငံတော်ကို အရှက်ရအောင်လုပ်တယ်” လို့ ပြစ်တင်ခြိမ်းခြောက်တယ်။ ကချေသည်ကောင်လေးရဲ့ အမေက ဒေါသနဲ့ပြန်ပက်တယ်။ “ နင်တို့ပဲ ငါ့ရင်ခွင်ထဲကနေ ငါ့သားကို ဆွဲထုတ်သွားခဲ့တယ်။ တရုပ်ပြည်ကြီး ဂုဏ်သိက္ခာအတွက် အမေရိကန်ပြည်ထောင်စုဆီသွားပြီး သူ့ရဲ့စွမ်းရည်ကို ပြရမယ် လို့ ကြွေးကြော်ခဲ့တယ်။ နင်တို့ လုပ်ချင်ရာတွေ အားလုံးလုပ်ပြီး မှာ ငါ့ကို ဘာလို့ အပြစ်တင်နေရတာလဲ။ ဒါတွေအားလုံးနင်တို့ လုပ်ခဲ့တာလေ။ ထွက်သွားကြ။ ငါ့ခြံထဲက ထွက်သွားကြ” တဲ့


ကွန်မြူနစ်ပါတီခေါင်းဆောင်တွေ ကျေးလက်က လယ်သူမကြီးရဲ့ မျက်လုံးတွေကို ရင်မဆိုင်ရဲတော့ဘူး။ အမြန်ဆုံးတပ်ဆုတ်သွားရတယ်။
တရုပ်ပြည်ကြီး စီးပွားရေးတိုးတက်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ လူတန်းစားမညီမျှမှု၊ အကြမ်းဖက်မှု ၊ အဂတိလိုက်စားမှု နဲ့ တာဝန်မဲ့မှုတွေကလည်း ကွန်မြူနစ်ပါတီရဲ့ ဟန်ဆောင်ကန့်လကာ နောက်ကွယ်မှာ နေ့စဉ်ရက်စက်ကြုံတွေ့နေရတယ်။
လွတ်လပ်တဲ့ အာရှအသံရဲ့ စက်တင်ဘာ(၁၃) ရက်၊ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။

“မြို့တော်ကြီးက လူတွေ၊ လမ်းမတွေ၊ အဆောက်အဦတွေအကြောင်းပြောပြနေတာမဟုတ်ပါဘူး စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ပြောပြနေတာပါ။ တကယ်တော့ ပီကင်းဆိုတာ အိပ်မက်ဆိုးတွေ မက်နေတဲ့နေရာ၊ အကြမ်းဖက်မှုတွေခံနေရတဲ့ မြို့ပါဗျာ”
သောတရှင်များခင်ဗျား
၁၉၆၆-၇၆ မှာဖြစ်ပွားခဲ့တဲ့ တရုပ်နိုင်ငံဆီက ယဉ်ကျေးမှုတော်လှန်ရေးအကြောင်းမှတ်မိကြပါလိမ့်မယ်။ “ရှေ့သို့ခုန်ပျံတိုးတက်ရေး” လို့ ခေါ်တဲ့ ဆိုရှယ်လစ်စီးပွားရေးမူဝါဒ ဟာ မအောင်မြင်မှုတွေနဲ့ ရင်ဆိုင်လိုက်ရပြီးတဲ့နောက်၊ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းရဲ့ နိုင်ငံရေးသြဇာကျလာခဲ့မှုကို ပြန်လည်အဖတ်ဆယ်ဖို့ကြိုးစားတဲ့ လှုပ်ရှားမှုတခုပဲဖြစ်ပါတယ်။ ပစ္စည်းရှိလူတန်းစားတွေဟာ ကွန်မြူနစ်ပါတီတွင်းကို ဝင်ရောက်ပြီး အရင်းရှင်ကမ္ဘာကို အသက်ဆက်ဖို့လုပ်နေတယ် ဆိုတဲ့ တပ်နီလူငယ်တွေရဲ့ ဝရုန်းသုန်းကား စွပ်စွဲမှုတွေအောက်မှာ တရုပ်ကွန်မြူနစ်ခေါင်းဆောင်တချို့ အပါအဝင်၊ အနုပညာရှင်တွေ၊ ပြည်သူတွေ ဖမ်းဆီးအသတ်ခံခဲ့ရပါတယ်။ တရုပ်ပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းကို အမဲစက်ထင်စွန်းစေတဲ့ ခြောက်ခြားဘွယ်ရာ အိပ်မက်ဆိုးတွေလို့ဆိုရရင်မမှားပါဘူး။ ဒါပေမဲ့ ၁၉၈၀- ၁၉၉၀ ကာလတွေမှာတော့ တရုပ်ပြည်ရဲ့နိုင်ငံရေးလမ်းကြောင်းဟာ ပြောင်းလဲခဲ့ပါတယ်။ အရင်းရှင်တွေနဲ့စီးပွားရေးလုပ်ချင်တဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေဟာ စီးပွားရေးလွတ်လပ်ခွင့် တချို့နဲ့ ကွန်မြူနစ်ပါတီမှာ ပစ္စည်းရှိလူတန်းစားတွေကို နေရာပေးဖို့ ဆိုတဲ့ အတွေးအခေါ်တွေကို လက်တွေ့အကောင်အထည်ဖေါ်ခဲ့ပါတယ်။
“ ပီကင်းမြို့ကို ကြည့်လိုက်မယ်ဆိုရင် အနောက်တိုင်းနိုင်ငံတွေလိုပဲ မိုးမျှော်တိုက်တွေ၊ CCTV မျှော်စင် လို့ လူသိများတဲ့ ကွန်မြူနစ်ပါတီရဲ့ တယ်လီဗေးရှင်းအဆောက်အဦကြီးတခု၊ ၂၀၀၈ ပီကင်းအိုလံပစ် သင်္ကေတတခုဖြစ်တဲ့ ငှက်သိုက် ပုံစံ အားကစားရုံ ဗိသုကာလက်ရာ၊ အရာရှိတွေက အနောက်တိုင်းဝတ်စုံကို ကြော့ကော့ နေအောင်ဝတ်ဆင်ပြီး၊ ငါတို့နဲ့အတူ စီးပွားရေးအတူတူ လုပ်နိုင်တယ် လို့ ဆိုကြတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အခြေခံအခွင့်အရေးတွေဟာ ငြင်းပယ်ခံနေရတယ်”
ပစ္စည်းရှိလူတန်းစားတွေက ခေါင်းဆောင်တဲ့တရုပ်ကွန်မြူနစ်ပါတီ ဟာ တရုပ်နိုင်ငံကို ကမ္ဘာမှာ ဒုတိယအကြီးဆုံးစီးပွားရေး အင်အားတောင့်တင်းတဲ့ နိုင်ငံတခု အဖြစ် ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တပြိုင်နက်တည်းမှာပဲ ယဉ်ကျေးမှုတော်လှန်ရေးအသစ်ကို စတင်လိုက်ပါတယ်။ “ မော် လက်ထက် ယဉ်ကျေးမှုတော်လှန်ရေးကာလတုံးက အနုပညာရှင်တချို့ကို ဟောင်းနွမ်းဆွေ့မြေ့တဲ့ အယူအဆရှိသူတွေ ဆိုပြီး ဖမ်းဆီးခဲ့တယ်။ ကျနော့်အဖေ အိုင်ချင်း နဲ့ အတူ ကျနော်တို့မိသားစုတတွေ ပီကင်းမြို့ဆီကနေ နယ်နှင်ဒဏ်ပေးခံခဲ့ရတယ်။ အသက် (၁၉) နှစ်ယောက်တဲ့အခါကျမှာ ပီကင်းကို ပြန်လည်အခြေချခွင့်ရခဲ့တယ်။ ဒါပေမဲ့ ပီကင်းမြို့တော်မှာ အနုပညာသည်တွေအပေါ် ယဉ်ကျေးမှုတော်လှန်ရေးနဲ့ နှိပ်စက် ညှင်းပမ်းနေတာကို မြင်တွေ့နေရဆဲပဲ။”

ရင်ထဲမှာ ကြိတ်ခံစားနေရတဲ့ အကြောင်းအရာတွေကို သရုပ်ပြအနုပညာတခုလိုဖန်တီးပြီး Installation Art အဖြစ် ပြသလေ့ရှိတဲ့ “အိုင်ဝေဝေ” ဆိုသူ တရုပ်အနုပညာရှင်တယောက်ဟာ ပီကင်းအားကစားအိုလံပစ်ရုံကြီးကို ဒီဇိုင်းဆွဲခဲ့သူတွေအနက် တဦးအပါအဝင် ဖြစ်ပါတယ်။ သူဟာ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေရဲ့ ခြစားအကျင့်ပျက်မှု ကို ရှုတ်ချနေသလို၊ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ခွင့်ပြုရမယ် ဆိုပြီး တရုပ်အာဏာပိုင်တွေကို ဝေဖန်အကြံပြုခဲ့ပါတယ်။ ဒါ့အပြင် အစိုးရရဲ့ ပေါ့ဆမှုကြောင့် ဇီချွမ်းငလျင်မှာ သေဆုံးသွားတဲ့ ကျောင်းသားကလေးငယ် (၅၀၀၀) ကို အောက်မေ့တသမှုအဖြစ် ကျောင်းသားလေးတွေရဲ့ ကျောပိုးအိပ်လေးတွေကို အသုံးပြု၊ပြီး ပြပွဲတခုပြုလုပ်ခဲ့ဘူးပါတယ်။ သူ့ရဲ့ဖန်တီးမှုဟာ တရုပ်အာဏာပိုင်တွေကို ဒေါသထွက်စေခဲ့သလို၊ တရုပ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူလျှောက်ဘို ကို ပြောင်ပြောင်တင်းတင်း ထောက်ခံတဲ့အတွက်လည်း အာဏာပိုင်တွေက သူ့ကို အညှိုးထားခဲ့ပါတယ်။ “လက်ရှိ ကွန်မြူနစ်ပါတီက ကျူးလွန်နေတဲ့ ယဉ်ကျေးမှုတော်လှန်ရေးကတော့ သူတို့ရဲ့ ငွေကြေးချမ်းသာမှုကို ထိပါးနှောက်ရှက်လာမှာကြောက်လို့၊ သူတို့ ရဲ့ သြဇာအာဏာ ကျဆင်းလာမှာကြောက်နေတဲ့အတွက်ဖြစ်တယ်။ အနုပညာရှင်တွေဟာ သူတို့ရောင်းချရတဲ့ ပန်းချီကားတွေ၊ ဖန်တီးမှုတွေအပေါ်မှာ အခွန်မပေးဆောင်ဘူး ၊ စီးပွားရေးဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်နေတဲ့ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ အမျိုးမျိုးနှောက်ရှက်ခြိမ်းခြောက်နေတော့တယ်”
တကယ်တော့ အိုင်ဝေဝေပြောခဲ့သလိုပါပဲ။ ပီကင်း ဆိုတာ အကြမ်းဖက်မှုတွေပြည့်နှက်နေတဲ့ မြို့ကြီးတခုပါ။ လူလျှောက်ဘို အပါအဝင် နိုင်ငံတကာစာရေးဆရာများအသင်း ကို ဆက်သွယ်ပူးပေါင်းပါဝင် ရေးသားခဲ့တဲ့ ထင်ရှားတဲ့ စာရေးဆရာ (၄) ဦး နဲ့ ဂျာနယ်လစ် အယောက် (၄၀) ကျော်ဟာ ပီကင်းရဲ့အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။ အကျဉ်းကျခံနေရတဲ့ အနုပညာသည်တွေအကြောင်း ထည့်သွင်းပြောကြားမဲ့ တေးဂီတ၊ ရုပ်ရှင် အနုပညာပွဲတွေဟာ လည်း အကြိမ်ကြိမ်ပိတ်ခံခဲ့ရပါတယ်။ တိုင်းပြည်အတွင်းကနေ ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစား ခဲ့တဲ့ အနုပညာရှင်တွေဟာ လေဆိပ်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာက များပါတယ်။ အိုင်ဝေဝေရဲ့ အနုပညာစတီဒီယို ခမ်းမဟာလည်း ဖျက်ဆီးခံခဲ့ရသလို၊ ဟောင်ကောင်ကို ထွက်ဖို့ကြိုးစားနေတဲ့ သူ့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ “ ကျနောတင်သာမကဘူး၊ တချို့နာမည်ကြီးအနုပညာရှင်တွေဆိုရင် သူတို့ဘယ်ကို သွားမယ်။ ဘယ်သူနဲ့တွေ့မယ်ဆိုတဲ့အကြောင်းအရာတွေက အစ ဒေသဆိုင်ရာအစိုးရတွေဆီမှာ ခွင့်ပြုချက် တောင်းရတယ်။ တရုပ်ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အနုပညာရှင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူ တွေရဲ့ အခြေအနေတွေကို သဘောပေါက်နေတဲ့ အမေရိကန်စာရေးဆရာများအဖွဲ့ဟာ ပီကင်းမြို့မှာ လာပြီး၊ အနုပညာနှီးနှောဖလှယ်ပွဲလုပ်ခဲ့ကြတယ်။ ထင်ရှားတဲ့ ပညာရှင် (၁၄) ယောက်ကို ဖိတ်ခဲ့ပေမဲ့ (၃) ယောက်တည်းသာ အရောက်လာနိုင်ခဲ့တယ်။ အဲ့ဒီအထဲကThree Georges Damရေကာတာရဲ့ ဆိုးကျိုးတွေကို ဝေဖန်စာတန်းရေးခဲ့တဲ့ ”ဒိုင်ချင်း” ကို တရုပ်အာဏာပိုင်တွေက အနီးကပ်လိုက်လံ နှောက်ရှက်ခြိမ်းခြောက်နေတော့ လာဖို့အခွင့်အရေး မရခဲ့ကြဘူး။ ၂၀၀၈ မှာဆိုရင် နှီးနှောဖလှယ်ပွဲ ကို လုပ်ခွင့်မပေးတော့တာကြောင့် နိုင်ငံတကာစာရေးဆရာများနဲ့ တွေ့ဆုံဆွေးပွဲကို ဟောင်ကောင်ဘက်ဆီ ရွေ့ပြောင်းခဲ့ရတော့တယ်။ လူတွေကို ဘယ်အချိန်မှာ စာရေးရမယ်၊ ဘယ်အချိန်မှာ ပုံနှိပ်ထုတ်ဝေခွင့်ပေးမယ်။ ဘယ်အချိန်မှာ အနုပညာလုပ်ငန်းတွေကို ဆွေးနွေးနိုင်မယ် ဆိုတာကို သူတို့က ဆုံးဖြတ်ပေးနေတယ်လေ၊ ဝမ်းနည်းစရာပါပဲဗျာ”
သောတရှင်များခင်ဗျား
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရင်၊ နိုင်ငံရေးပွင်းလင်းမှုတွေလည်း ကပ်ပါလာတတ်တယ် လို့ ဆိုနေပေမဲ့ တရုပ်ပြည်မှာ ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေက အဲ့ဒီအဆိုပြုချက်တွေကို ငြင်းဆန်နေပါတယ်။ သောတရှင်တို့လည်း အကြမ်းဖက်ခံနေရတဲ့မြို့တွေထဲမှာ နေ့စဉ်ရင်ဆိုင်နေရတဲ့ အိပ်မက်ဆိုးတွေကို ကျော်လွှားနိုင်ကြပါစေ။

အောင်မိုးဝင်း


ချီလီနိုင်ငံရဲ့ပင်ဂွင်းတော်လှန်ရေး

0 comments

စစ်အာဏာရှင်တွေ ရွေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ကို လက်ခံခဲ့ပြီး သူတို့ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူ တချို့ရဲ့ အိပ်မက်ကို ၂၀၁၀ မတိုင်ခင်ကတည်းက နားထောင်လေ့လာကြည့်မိတယ်။ တချို့က ချီလီနိုင်ငံ လည်း ဒီလိုပြောင်းခဲ့တာပဲ လို့ ဆိုတယ်။ အထူးသဖြင့် ပြည်ပမှာ Conflict Resolutions ဘွဲ့လွန်ဒီဂရီနဲ့ ကျောင်းပြီးသူများလို့ မိတ်ဆက်တဲ့သူတွေမှာ အဲ့သလိုမျိုးအမြင်တွေကို ထုတ်ဖေါ်ပြောလေ့ရှိတယ်။ ဗမာပြည်နဲ့မတူတဲ့ ချီလီနိုင်ငံအနေအထားကို လေ့လာကြည့်ရအောင်။
(၁) ဗိုလ်ချုပ်ကြီး ပီနိုချေးက ၁၉၈၀ မှာ လူထုဆန္ဒခံယူပွဲကျင်းပတယ်။ အခြေခံဥပဒေသစ်ကိုရွေးဆွဲတယ်။ ပီနိုချေး အသားစီးယူ လူလည်လုပ်ထားတဲ့ အခြေခံဥပဒေသစ်ဖြစ်တယ်။ ဒီကနေ့အထိ ချီလီနိုင်ငံရဲ့ အခြေခံဥပဒေဟာ ပီနိုချေးချမှတ်ခဲ့တဲ့ ၁၉၈၀ ဖောင်ဒေးရှင်းပေါ်မှာပဲ ဆက်လက်သုံးစွဲနေတာဖြစ်တယ်။ ၁၉၇၃ အာဏာသိမ်းပွဲကို ဆန့်ကျင်ဆန္ဒပြတဲ့ အလုပ်သမားလှုပ်ရှားမှုတွေကို ဖမ်းဆီးအရေးယူနေဆဲဖြစ်တယ်။ တခုတော့ရှိတယ်။ နှစ် (၃၀) အတွင်းမှာ စစ်အစိုးရရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ထဲက အချက်ပေါင်း ၅၂ ချက်ကို ပြင်ဆင်ရေးဆွဲခဲ့တယ်။
(၂) ပီနိုချေးရဲ့ သမ္မတသက်တမ်း (၈) နှစ်ပြီးဆုံးခဲ့တယ်။ ၁၉၈၈ မှာ ချီလီသမ္မတအဖြစ် ပီနိုချေးရဲ့သက်တမ်းကို ထပ်မံတိုးသင့် မတိုးသင့် လူထုဆန္ဒခံယူပွဲကျင်းပတဲ့အခါ၊ ချီလီစစ်အာဏာရှင်တွေ ပါဝါဆုံးရှုံးခဲ့ရတယ်။ ချီလီပြည်သူလူထုရဲ့ ဆန္ဒပြပွဲတွေက နိုင်ငံတကာပြည်သူတွေကို လှုပ်ခါသတိပေးလိုက်တယ်။
(၃) ချီလီနိုင်ငံအပြောင်းအလဲမှာ ထူးခြားချက် အချို့ကို ပြောချင်ပါတယ်။ ဗိုလ်ချုပ်ပီနိုချေးဟာ ၁၉၇၃ အာဏာသိမ်းပွဲကို မလုပ်ခင် သူ့ရဲ့ စစ်ခေါင်းဆောင်တွေနဲ့ညှိနှိုင်းတဲ့အခါ၊ အာလန်းဒေးအစိုးရကို ဖြုတ်ချပြီးရင် ချီလီနိုင်ငံရဲ့သမ္မတနေရာကို လေတပ်၊ရေတပ်နဲ့ကြည်းတပ် စစ်ခေါင်းဆောင်တွေက တလှည့်စီ တာဝန်ယူသွားမယ် လို့ သဘောတူခဲ့ကြတယ်။

ဒါပေမဲ့ ၁၉၇၄ မှာ စစ်အစိုးရကို အသက်သွင်းလိုက်တဲ့အခါ၊ ပီနိုချေးက ဆိုင်းမဆင့်ဗုံမဆင့် သူ့ကိုယ်သူ “ သမ္မတ” အဖြစ်ကြေငြာလိုက်တယ်။ သူ့ရဲ့လူလည်ကျမှုကို လုပ်ဖေါ်ကိုင်ဘက်၊ စစ်ဗိုလ်ချုပ်တွေက အစ သဘောမကျခဲ့ဘူး။ ( ပီနိုချေးရဲ့ဖိုင် နဲ့ ၂၀၀၀ ခုနှစ်က စစ်ချက်များကို ဖတ်ကြည့်ပါ။) ဒါကြောင့်လည်း ၁၉၈၈ မှာ လူထုဆန္ဒခံယူပွဲကျင်းပတဲ့အခါ၊ ပီနိုချေးရဲ့ လုပ်ဖေါ်ကိုင်ဘက်တချို့က သူတို့ မကျေနပ်ခဲ့တဲ့ ရာဇဝင်ကြွေးကို ပြန်ဆပ်တယ်။ ဆန္ဒခံယူပွဲအပြီး နန်းတော်ကို ညတွင်းချင်းရောက်လာတဲ့ ပီနိုချေးကို လူထုဆန္ဒခံယူပွဲ ရလဒ်ကို အသိအမှတ်ပြုဖို့ နားချခဲ့တယ်။ ဒါပေမဲ့ ပီနိုချေးအတွက်လည်း ထွက်ပေါက်ပေးထားခဲ့တယ်။ ဥပမာ တသက်တာ ဆီးနိတ်တာ ဆိုတဲ့ ရာထူးမျိုးတွေနဲ့ သူ့ကို တရားစွဲလို့ မရအောင်၊ ကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ ပီနိုချေးကို တသက်လုံးထောက်ခံလာတဲ့ အမေရိကန်နိုင်ငံခြားရေးမူတွေကလည်း ပီနိုချေးကို မထောက်ခံနိုင်တော့ဘူး ။ ချီလီမှာ လူထု လှုပ်ရှားမှုတွေအားကောင်းလာခဲ့တယ်။ ပဋိပက္ခဖြေရှင်းရေး (Conflict Rosolutions) ဘာသာရပ်တွေမှာ ပြောင်းလဲရေးအတွက် အရေးပါတဲ့ လူထုပါဝါတွေကို ချန်လှပ်ထားလေ့ရှိပါတယ်။ သူတို့လိုချင်တဲ့ ရှုထောင့်ကနေ ချည်းကပ်သုံးသပ်တာက များပါတယ်။ ဒါကြောင့်လည်း သူတို့နဲ့ ကျနော်တို့ကြားမှာ မတူညီတဲ့အမြင်တွေရှိနေအုံးမှာပါ။
(က) ဗမာပြည်အပြောင်းအလဲကတော့ ခရီးရှည်တခုကို ဖြတ်ကြရအုံးမယ်။ နိုင်ငံရေး ရာသီဥတုပျက်တခု၊ ဝန်းကျင်ပျက်တခု အောက်မှာ ပြည်တွင်းက ဒီမိုကရေစီရေးလိုလားသူတွေဟာ သူတို့ရတဲ့ ဘောင်အတွင်းကနေ ကြိုးစားလုပ်ကိုင်နေရတယ်။ ပြည်သူတွေပါဝင်လုပ်ကိုင်လို့ရမဲ့ နိုင်ငံရေးအခင်းအကျင်းတခုကို ပြင်ဆင်နေဆဲကာလ လို့ပဲ မှတ်ယူပါတယ်။ တခုတော့ ရှိတယ်။ ချီလီနိုင်ငံလို အခြေခံဥပဒေကို နှစ်ကာလတခုမှာ ပြင်ဆင်ရေးဆွဲနိုင် မဆွဲနိုင် ဆိုတဲ့အချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်အနိုင်ရပြီး၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားကြတဲ့ သူတွေအပေါ်မှာ မူတည်ပါတယ်။ ကိုယ့်ဂတိကို မမေ့ဖို့လိုပါလိမ့်မယ်။ လွှတ်တော်ထဲမှာ ပြည်သူလူထုအတွက် သတ္တိရှိရှိပြောရဲမယ်ဆိုရင် သမိုင်းကြောင်းကောင်းနိုင်ပါတယ်။
သောတရှင်များခင်ဗျား
“ပင်ဂွင်းတော်လှန်ရေး” ဆိုတာ ၂၀၀၆ ခုနှစ် ချီလီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို ခေါ်ဆိုခြင်းဖြစ်တယ်။ အထက်တန်းကျောင်းသားလေးတွေရဲ့ ယူနီဖောင်း ကို အမှတ်အသားပြုပြီး အမည်ပေးခဲ့ကြခြင်းဖြစ်ပါတယ်။ ချီလီနိုင်ငံရဲ့ အထက်တန်းကျောင်း၊ တက္ကသိုလ်ပေါင်း (၂၅၀) ကျော်က ကျောင်းသူကျောင်းသား (၈) သိန်းနီးပါးဟာ တက္ကသိုလ်စာမေးပွဲဝင်ကြေး၊ သယ်ယူပို့ဆောင်ရေး နဲ့ သူတို့ရဲ့ပညာရေးလိုအပ်ချက်တွေကို တောင်းဆိုတိုက်ပွဲဝင်ကြတဲ့ အသံတွေ ဆိုရင် မမှားပါဘူး။ အတိတ်ရဲ့အဖြစ်အပျက်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ချီလီနိုင်ငံဟာ စစ်အာဏာရှင် ပီနိုချေးကို ဖယ်ရှားပြီး လစ်ဘရယ်စီးပွားရေးစံနစ်ကို ပုံဖေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီလစ်ဘရယ်စီးပွားရေးစံနစ်ထဲမှာအလုပ်သမားသမဂ္ဂတွေနဲ့ ကျောင်းသားတွေရဲ့ဘဝလုံခြုံရေးကို လုံခြုံမှုပေးနိုင်ခြင်းရှိမရှိ ဆိုတဲ့အချက်တွေကလည်း မျိုးဆက်သစ်လူငယ်တွေအတွက် စဉ်းစားစရာတွေဖြစ်နေပြန်ပါတယ်။
“ စက်တင်ဘာ(၁၁) ရက်ဆိုတာ ပြည်သူလူထုတင်မြှောက်ထားတဲ့ ချီလီ အာလန်ဒေး အစိုးရကို သတ်ဖြတ်အာဏာသိမ်းတဲ့နေ့ဖြစ်ပြီး အဲ့ဒီနေ့ကို နိုင်ငံရဲ့ အားလပ်ရက်အဖြစ် တခမ်းတနားကြေငြာ အောင်ပွဲခံခဲ့တယ်။ ၁၉၈၀ မှာလည်း လိမ်ညာထားတဲ့လူထုဆန္ဒပြပွဲ ရလဒ်ကို အကြောင်းပြုပြီး အခြေခံဥပဒေသစ်ကို ရေးဆွဲခဲ့တယ်။ စစ်အာဏာရှင်တွေရဲ့အခြေခံဥပဒေအရဆိုရင် ဗိုလ်ချုပ်ပီနိုချေးကို သမ္မတတင်မြှောက်ထားပြီး၊ ဥပဒေပြုအဖွဲ့ကိုလည်း သူ့ရဲ့စစ်တပ်က ဦးဆောင်ချုပ်ကိုင်ထားတယ်။ ၁၉၈၈ မှာ ရွေးကောက်ပွဲကျင်းပ တဲ့အခါ၊ ပီနိုချေးအနေနဲ့ သမ္မတရာထူးကို သက်တမ်းတိုး၊ ဆက်လက်တာဝန်ယူခွင့်မရခဲ့ပေမဲ့ သူ့ကိုထောက်ခံတဲ့ စစ်တပ်ခေါင်းဆောင်တွေဟာ သူ့ရဲ့အနာဂတ်ကို လုံခြုံစေမဲ့ တသက်တာ ဆီနိတ်တာရာထူးကိုခြီးမြှင့်ပြီး ကာကွယ်ပေးခဲ့တယ်။”
ဒါပေမဲ့ အတိတ်ရဲ့ရာဇဝတ်မှုတွေက ပီနိုချေးကို လွတ်ငြိမ်းချမ်းသာခွင့်မပေးခဲ့ပါဘူး။ ဗြိတိန်ကို ဆေးကုသဖို့ထွက်ခွာလာတဲ့ အာဏာရှင်းဟောင်းပီနိုချေးကို စပိန်မျိုးနွယ်စုတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စွပ်စွဲချက်တွေအတူ ဗြိတိန်နိုင်ငံတွင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက ပီနိုချေးကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံတွင်းမှာလည်း သူရင်ဆိုင်ရမဲ့အမှုတွေက ရှိနေပါတယ်။
“ ၂၀၀ခုနှစ်မှာတော့ ချီလီ ဆီးနိတ်သမ္မတ နဲ့ ပီနိုချေးဟာ ၁၉၇၃ ပီနိုချေးရဲ့အာဏာသိမ်းပွဲကို နိုင်ငံတော်အားလပ်ရက်နေ့တနေ့အဖြစ် သတ်မှတ်ထားတာကို ဖျက်သိမ်းပေးဖို့သဘောတူခဲ့ရတယ်။ ပီနိုချေးကို ဂုဏ်ပြုထားတဲ့ ဆီးနိတ်ဘွဲ့တွေကို ရုတ်သိမ်းပစ်လိုက်သလို၊ သူ့နဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့အကြီးအကဲနဲ့ စစ်ခေါင်းဆောင်တချို့ကို ဖမ်းဝရမ်းထုတ်လိုက်တယ်။ တပြိုင်နက်တည်းမှာပဲ အာဏာသိမ်းပွဲနေ့မှာ ပျောက်ဆုံးသွားတဲ့နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေအကြောင်း သတင်းပေးမဲ့ စစ်ခေါင်းဆောင်တွေကို သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို ခွှင့်လွှတ်စဉ်းစားပေးမယ် လို့ ကမ်းလှမ်းခဲ့တယ်လေ။ ပီနိုချေး နဲ့ တွဲပြီး ပါနေမယ်ဆိုရင် သူတို့ပါနာမည်ပျက်တော့မှာသိနေတဲ့ စစ်ခေါင်းဆောင်တွေကလည်း ပီနိုချေးကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ မပတ်သက်ကြောင်းခေါင်းရှောင်ခဲ့ကြတယ်”
ချီလီအာဏာရှင်ဟောင်း ပီနိုချေး မိသားစုအတွက် ကံဆိုးမိုးမှောင်ကြမှုတွေက ထပ်မံရောက်ရှိ လာခဲ့ပါတယ်။ ၂၀၀၁ စက်တင်ဘာ (၁၁) ရက်နေ့မှာ အကြမ်းဖက်သမားတွေက အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်လိုက်တဲ့အခါ၊ အကြမ်းဖက်သမားတွေ အပေါ် ငွေကြေးထောက်ပံ့ပါဝင်နေမှုမှာ ရစ်ခ် ဘဏ်လည်း ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်ကွန်ဂယက်က သံသယရှိခဲ့ပါတယ်။ အဲ့ဒီဘဏ်ဟာ “ရှဲလ်” ရေနံကုမ္မဏီနဲ့ စီးပွားရေးလုပ်ကိုင်ပြီး တရားမဝင်ရတဲ့ ပီနိုချေးရဲ့ သန်းပေါင်းများစွာရှိတဲ့ငွေကြေးတွေကို ငွေမဲကနေ ငွေဖြူအဖြစ်၊ ပြောင်းလဲပေးတယ်၊ အမေရိကန်ပြည်ထောင်စုကို အခွန်လိမ်ပြီး လုပ်တယ် ဆိုတယ် စွပ်စွဲချက်နဲ့အတူ ပီနိုချေးမိသားစုလည်း တရားစွဲခံခဲ့ရပါတယ်။
“ ၂၀၀၅ ခုနှစ်ရောက်တော့ ချီလီအစိုးရဟာ ပီနိုချေးရဲ့အခြေခံဥပဒေထဲက အချက်ပေါင်း (၅၂) ခုကျော်ကို ပြောင်းလဲပြင်ဆင် နိုင်ခဲ့တယ်။ ပြည်သူလူထုက ရွေးချယ်တင်မြောက်တာ မဟုတ်ခဲ့တဲ့ တသက်တာဆီးနိတ်တာ ဆိုတဲ့ ရာထူးတည်ရှိမှုတွေ၊ စစ်တပ်ရဲ့ အခန်းကဏ္ဍ ဆိုတာတွေကို ပြင်ဆင်ရေးဆွဲခဲ့တယ်။ ပီနိုချေးလူလည်ကျခဲ့တဲ့ “နိုင်ငံတော်သမ္မတ သည် ကာကွယ်ရေးဝန်ကြီးဋ္ဌာန အကြီးအကဲ ကို ဖြုတ်ချပိုင်ခွင့်မရှိ” ဆိုတဲ့အချက်ကိုလည်း ပြင်ဆင်ရေးဆွဲခဲ့ကြတယ်။”
စစ်အာဏာရှင်ပီနိုချေးရေးဆွဲခဲ့တဲ့ အခြေခံဥပဒေတွေဟာ ဆယ်စုနှစ် သုံးစုအတွင်းမှာ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ စစ်ခေါင်းဆောင်တွေဟာ ပီနိုချေးရဲ့အရိပ်တွေအောက်မှာ မရှိကြောင်းပြသခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၇၃ စက်တင်ဘာ (၁၁) ရက်နေ့ရောက်တိုင်း ၁၉၇၃ အာဏာသိမ်း သတ်ဖြတ်ခဲ့မှုအပေါ် ဆန္ဒပြလေ့ရှိကြတဲ့ အလုပ်သမားသမဂ္ဂတွေအပေါ်မှာတော့ သက်ညှာမှုတခုမှမလုပ်ခဲ့ပါဘူး။ ဆန္ဒပြပွဲမှာ ဦးဆောင်သူတွေကို ခေတ်ပေါ်စကားလုံးတွေဖြစ်တဲ့ “ အကြမ်းဖက်သမားများ” အဖြစ် တံဆိပ်ကပ် ဖမ်းဆီးထောင်ချခဲ့ပါတယ်။
“ ပီနိုချေးသက်တမ်းအပြီးမှာ ချီလီနိုင်ငံကို ဦးဆောင်ခဲ့တဲ့ အစိုးရအဆက်ဆက်ဟာ လစ်ဘရယ်စီးပွားရေး ပုံစံစံနစ် နဲ့ပဲ ဦးဆောင် ခဲ့ကြတယ်။ ပြဿနာက ပုဂ္ဂလိက စီးပွားရေးသမားတွေရဲ့လက်ထဲကိုပဲထိုးအပ်ပြီး အနောက်တိုင်းပညာရေးစံနစ်ပုံစံလို လုပ်လိုက်ကြတယ်။ အစိုးရအပြောင်းအလဲလုပ်ခဲ့ပေမဲ့ အစိုးရပိုင်တက္ကသိုလ်ကျောင်း အသစ်တခုမှ မတည်ဆောက်ခဲ့သလို၊ အစိုးရရဲ့ ပညာရေးအပေါ် ကာကွယ်မှုတွေကလည်း လုံးဝမရှိတော့ဘူး။ နိုင်ငံတွင်းမှာ ဆင်းရဲချမ်းသာကွာဟ မှုတွေက များသထက် များလာခဲ့တယ်။ ဒါဟာ ၂၀၁၁ ကျောင်းသားအုံကြွမှုကို ဖြစ်ပေါ်စေတဲ့ အဓိက အချက်ပဲ”
၂၀၀၆ ပင်ကွင်းတော်လှန်ရေး လှိုင်းတွေက နောက်တကြိမ်ပြန်ရောက်လို့လာပါပြီ။ ကျောင်းသားတွေဟာ ပညာရေးအခွင့်အရေးကွာဟမှု၊ ပညာရေးအရည်အသွေးပြည့်မှီမှုတွေကို တောင်းဆိုတဲ့အနေနဲ့ ကျောင်းပေါင်း (၁၀၀) ကျော်ကို သိမ်းပိုက်လိုက်ပြီး ကြွေးကြော်သံတွေကို လွှင့်တင်လိုက်ကြပါတယ်။ ချီလီသမ္မတ စီဘက်စတီယန်း ပင်နီယာ ဟာ ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကို ဆွေးနွေးညှိနှိုင်းလိုက်လျောပေးမယ် လို့ တိုင်းပြည်ရဲ့အသံလွှင့်ဋ္ဌာနတွေမှတဆင့် ကြေငြာခဲ့ပါတယ်။ ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေအပြည့်အဝ မရခဲ့ပေမဲ့ သူတို့ရဲ့လှုပ်ရှားမှုကို လူထု (၈၀) % ကျော်က ထောက်ခံခဲ့ပြီး ချီလီသမ္မတအပေါ် လူထောက်ခံမှု့နည်းပါးလာတာကို အထင်အရှားတွေ့ရပါတယ်။
သောတရှင်များခင်ဗျား
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနေ့မိန့်ခွန်းမှာ “ ပြောင်းလဲမှုတွေဟာ သိက္ခာရှိရမယ်” လို့ဆိုပါတယ်။ နေပြည်တော်မှာ နိုင်ငံတကာ ဒီမိုကရေစီနေ့ကျင်းပနေခဲ့ပေမဲ့၊ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာ၊ အကျဉ်းထောင်ငရဲစခန်းတွေမှာဖြတ်သန်းနေခဲ့ရပါတယ်။ ကျောင်းသားသမဂ္ဂ ကို တရားဝင်ဖွဲ့စည်းခွင့်မရခဲ့သလို၊ သမဂ္ဂမြက်ခင်းပြင်နဲ့ ဗိုလ်အောင်ကျော်ကျောက်တိုင် တို့ဟာ အထီးကျန်သွေ့ခြောက်နေပါတယ်။ လယ်သမားတွေရဲ့လယ်မြေတွေသိမ်းပိုက်ခံနေရဆဲပဲဖြစ်ပါတယ်။ လူထုရဲ့မလုံခြုံမှုဟာ ဂုဏ်သိက္ခာဆုံးရှုံးမှုတခုပဲဖြစ်ပါတယ်။ ဗမာပြည်က စစ်ဗိုလ်ချုပ်တွေလည်း ဂုဏ်သိက္ခာရှိတဲ့အပြောင်းအလဲတွေကို ဖေါ်ဆောင်ရဲတဲ့ နှလုံးသားရှိစေချင်ပါတယ်။
အောင်မိုးဝင်း


သစ္စာဖောက်

Tuesday, April 5, 2011 0 comments

လာမဲ့ ၂၀၁၂ ခုနှစ် ဆိုတာ စိတ်ဝင်စားစရာတွေအပြည့်ပါ။ အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမယ်။
“ပူတင်”က ရုရှားကိုတရားဝင်ပြန်လည်ချုပ်ကိုင်ဖို့ကြိုးစားမယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ မျှော်လင့်ထားတဲ့ဒီမိုကရေစီနိုင်ငံသစ်တွေမတည်ဆောက်နိုင်ခဲ့ရင်ဘာတွေဆက်ဖြစ်မလဲ။
သေချာတာတခုကတော့၊
ကျနော်တို့နိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကတမျိုး၊လွှတ်တော်ထဲရောက်တော့တမျိုး၊
ပြည်သူကိုဂတိချိုးဖောက်တဲ့နိုင်ငံရေးသမားတွေနဲ့လူမှုလုံခြုံရေးကိုမေးခွန်းထုတ်နေတဲ့ပြည်သူတွေကြားပြဿနာတွေများလာလိမ့်မယ်။

ပြင်းထန်တက်ကြွတဲ့လှုပ်ရှားမှုကိုကြိုက်သူတွေအတွက်၊Traitor လို့ခေါ်တဲ့ရုပ်ရှင်ကားလေးကိုညာဘက်ဘေးမှာ
အမြည်းပေးထားပါတယ်။ အတွေးအခေါ်တွေ၊ ဒိုင်ယာလော့တွေအပြည့်ပါတဲ့ကားလေးမို့ အချိန်ရရင် ကြည့်စေချင်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေရဲ့လူသစ်စုဆောင်းရွေးချယ်မှု၊သူတို့ရဲ့ကွန်ယက်တည်ဆောက်မှု၊ထောက်လှမ်ရေးတွေရဲ့အားပြိုင်မှု
(လင့်ကို ကလစ်လိုက်ရင် watch on youtube ကိုဆက်နှိပ်လိုက်ပါ။ ထောင်ဖောက်ပြေးတဲ့ဖောက်ခွဲမှုတွေ နဲ့အတူ-----)

နိုင်ငံရေးတွေ သိတ်များလာတဲ့အခါ၊ ဖိစီးမှုတွေ များလာတဲ့အခါ သီချင်းတပုဒ်လောက်ဖြစ်ဖြစ်နားထောင်ဖြစ်အောင် ထောင်လိုက်ပါ။