အကြိမ်ကြိမ်ဖွင့်မိသောတံခါးများ

Tuesday, February 1, 2011, 5:03 PM

Post your comment Post Comment | Email this to your friend 0 comments


အမေရိကန်အသံလွှင့်ဋ္ဌာနတွေမှာ အီဂျစ်နိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့အင်တာဗျူးတွေ ပြည့်နှက်
နေခဲ့တယ်။ အမေရိကန်ပြည်ထောင်စုအတွက်တော့ နိုင်ငံခြားရေးမူဝါဒအကြပ်အတည်းကိုရင်ဆိုင်နေရတယ်။ ဘရက်အိုဘားမား အစိုးရအဖွဲ့က အီဂျစ်နိုင်ငံရဲ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုတွေကို စံနစ်တကျမြင်ချင်နေတယ်လို့ထုတ်ဖေါ်ပြောကြားခဲ့ပေမဲ့၊
ရီပတ်ပလင်ကန်ခေါင်းဆောင်တချို့မှာ စိုးရိမ်စိတ်တွေရှိနေတယ်။ တကယ်တော့ အစ္စရေး၊ ဆော်ဒီအာရေဗီးယားနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ခေါင်းဆောင်တွေကြားမှာ “မွတ်စလင်ညီအကိုတော်များ” ရဲ့လှုပ်ရှားမှုတွေကို အနီးကပ်သုံးသပ်နေပြီး၊ အတွင်းကြိတ်ဆွေးနွေးနေကြရတယ်။
အီဂျစ်နိုင်ငံရေးအခြေအနေကိုတင်ပြတဲ့အခါ၊ ရှုထောင့်နှစ်ခုကနေတင်ပြချင်ပါတယ်။
(၁) လူထုလှုပ်ရှားမှုဆိုင်ရာရှုထောင့်
(၂) နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာရှုထောင့်- ဆိုတဲ့သုံးသပ်ရှုမြင်မှုအမြင်တွေပဲဖြစ်တယ်။

လူထုလှုပ်ရှားမှုဆိုင်ရာရှုထောင့်

အီဂျစ်ပြည်သူလူတုလှုပ်ရှားမှုကို အဓိကဦးဆောင်နေတဲ့အဖွဲ့အစည်းနှစ်ခုရှိတယ်။ လစ်ဘရယ်ဝါဒီ၊ မာ့က်စ်ဝါဒီတွေ နဲ့ အမျိုးသားရေးဝါဒီတွေ
မဟာမိတ်လုပ်ဖွဲ့စည်းထားတဲ့ ဒီမိုကရက်တစ်ပြောင်းလဲမှု ( အီဂျစ်) ( Demoratic Change in Egypt) ဆိုတဲ့အဖွဲ့၊ အာရပ်ဝေါဟာရ မှာတော့
ဒီအဖွဲ့ကို Kafiya ( လုံလောက်ပြီ ) လှုပ်ရှားမှုအဖွဲ့လို့ခေါ်တယ်။ မူဘာရက် ရဲ့ နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေးအကြပ်အတည်းဆိုက်မှု၊ အစိုးရအဖွဲ့ရဲ့ခြစားမှု၊ အာဏာရှင်နိုင်ငံတခုတည်ဆောက်မှုတွေဟာ တော်လောက်ပြီ လို့ ကြွေးကြော်ရင်း အတိုက်အခံတပ်ပေါင်းစုအဖွဲ့
အဖြစ်ရပ်တည်လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်တယ်။ တကယ်တော့ အီဂျစ်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေက အခုမှ ဝုန်းကနဲပေါ်ပေါက်လာခဲ့တာမဟုတ်ပါဘူး။ ၂၀၀၃ ခုနှစ် က စပြီး၊ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးအဖွဲ့ဟာ အလုပ်သမား၊ လယ်သမားတွေရဲ့ နစ်နာချက်တွေကိုတောင်းဆိုတိုက်ပွဲဝင်ဖို့အတွက် စက်ရုံအလုပ်ရုံတွေ၊ လယ်ယာမြေတွေဆီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ကြတယ်။ မူဘာရက်အစိုးရကို ဖြုတ်ချဖို့ကြိုးစားခဲ့ကြတယ်။

နောက်တဖွဲ့ကတော့ မွတ်စလင်ညီအကိုတော်များအဖွဲ့ ဖြစ်တယ်။ အဲ့ဒီအဖွဲဟာ အာရပ်ကမ္ဘာမှာ လူမှုလှုပ်ရှားမှုတွေကို အကြီးမားဆုံး
လုပ်ကိုင်နိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်။ ဂါဇာကမ်းမြောင်၊ အနောက်ဘက်ကမ်းနဖူးနဲ့ ဂျော်ဒန် နိုင်ငံတို့မှာ နိုင်ငံရေးပါတီထောင်ပြီး အတိုက်အခံအုပ်စုတွေအပေါ်သြဇာကြီးမားတဲ့အဖွဲ့တခုအဖြစ် ရပ်တည်နိုင်ခဲ့ကြတယ်။ အီဂျစ်နိုင်ငံမှာ တော့ အီဂျစ်သမ္မတ နာဆာ ကို လုပ်ကြံဖို့ကြိုးစားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ၁၉၅၄ ခုနှစ်ကတည်းက တရားဝင်အဖွဲ့အစည်းတည်ထောင်ခွင့်ကို ဖျက်သိမ်း
ခံခဲ့ရတယ်။ နာဆာလက်အောက်မှာ မွတ်စလင်ညီအကိုတော်များအဖွဲ့ရဲ့ခေါင်းဆောင်အများအပြား ဖမ်းဆီးသတ်ဖြတ်ခံရတယ်။
ဒါပေမဲ့ မွတ်စလင် ညီအကိုတော်များအဖွဲ့ဟာအီဂျစ်လူထုလှုပ်ရှားမှု ကို ဦးဆောင်နေတဲ့ အကြီးမားဆုံးအဖွဲ့ဖြစ်တယ် လို့
အနောက်အုပ်စုနဲ့အမေရိကန်ပြည်ထောင်စုတို့က ယုံကြည်နေကြတယ်။ တကယ်တော့ မွတ်စလင်ညီအကိုတော်များအဖွဲ့ရဲ့
လူမှုရေး၊ ပညာရေးလှုပ်ရှားမှုတွေက အရှိန်မြင့်သထက်မြင့်လာခဲ့တယ်။ နိုင်ငံရေးပါတီ အဖြစ်တရားဝင်ရပ်တည်ခွင့်မရှိတော့တဲ့ မွတ်စလင်ညီအကိုတော်များအဖွဲ့ဟာ သူတို့ရဲ့အဖွဲ့ဝင်တွေကို တသီးပုဂ္ဂလိကနိုင်ငံရေးသမားတွေအဖြစ် မွေးဖွားလေ့ကျင့်ပေးလိုက်ပြီး၊ မူဘာရက်အစိုးရက ကျင်းပခဲ့တဲ့ ၂၀၀၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခိုင်းခဲ့တယ်။ ရွေးကောက်ပွဲမှာ ၂၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တယ်။ မွတ်စလင်ညီအကိုတော်များအဖွဲ့ အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေတွေဟာ အတိုက်အခံနိုင်ငံရေးပါတီအားလုံးပေါင်း အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေ စုစုပေါင်းထက် များတယ်။

(၂) နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ရှုထောင့်

မွတ်စလင်ညီအကိုတော်များနဲ့ပတ်သက်တဲ့ အငြင်းပွားဘွယ်အချက်အလက်တွေ၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအမြင်တွေကိုတော့
“အရှေ့အလယ်ပိုင်းနိုင်ငံရေး”အကြောင်းဆွေးနွေးတဲ့အခါ ကျမှ အသေးစိတ်တင်ပြသွားပါမယ်။ အော်တိုမန်အင်ပါယာ၊ ဗြိတိသျှအင်ပါယာရဲ့ဒုတိယကမ္ဘာစစ်အပြီးအကြံအစည်၊ စစ်အေးတိုက်ပွဲအားပြိုင်မှု၊အကြမ်းဖက်သမားများအပေါ်
စစ်ဆင်ရေးစီမံကိန်းကြွေးကြော်သံများကို အသုံးချနေသည့် အာဏာရှင်နိုင်ငံများအကြောင်း ပါဝင်နေပါလိမ့်မယ်။

ဒါပေမဲ့ အရေးကြီးတဲ့သမိုင်းဆိုင်ရာအချက်အလက် သုံးခုကိုတော့ ကြိုတင်စဉ်းစားထားစေချင်ပါတယ်။

(က) အီဂျစ်နိုင်ငံရေးကိုကြည့်လိုက်မယ်ဆိုရင် စစ်တပ်ခေါင်းဆောင်အဆက်ဆက်ကသာ နှစ်ပေါင်း (၆၀) ကျော်အာဏာချုပ်ကိုင်
ထားခဲ့တာကိုတွေ့ရမယ်။ အီဂျစ်-ဆူဒန် မင်းဆက်မှစပြီး၊ နာဆာ၊ အန်(န) ဝါ ဆဒက်၊ မူဘာရက် လက်ထက်အထိကြည့်ပါ။ အီဂျစ်ပြည်သူတွေအတွက်တော့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတည်ဆောက်ခွင့်ဆိုတာ တခါမှမရခဲ့ပါဘူး။

(ခ) အီဂျစ်နိုင်ငံရဲ့ဒေသဆိုင်ရာအရေးပါမှု၊ လွှမ်းမိုးမှုတွေက ကြီးမားပါတယ်။ အရှေ့အလယ်ပိုင်း နိုင်ငံရေးမှာ မဟာဗျူဟာအရ အရေးပါသလို၊ အီဂျစ်နိုင်ငံရဲ့ယဉ်ကျေးမှု၊ အနုပညာဖန်တီးမှု၊ ဘာသာရေးအတွေးအခေါ်တွေဟာ အာရပ်ကမ္ဘာကို လွှမ်းမိုး
ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်တူနီးရှားနိုင်ငံရဲ့နိုင်ငံရေးအခြေအနေလိုတော့ လွယ်လွယ်ကူကူပြောင်းလဲဖို့မလွယ်ကူပါ။ အင်အားကြီးနိုင်ငံတွေ အပါအဝင် ဆော်ဒီအာရေဗီးယား၊ အစ္စရေးနိုင်ငံတို့ရဲ့ ပါဝင်ပတ်သက်မှုတွေကလည်း အနာဂတ်နိုင်ငံရေး
ဆုံးဖြတ်မှုမှာ အရေးပါနေပြန်ပါတယ်။

(ဂ) ဆူးအက်တူးမြောင်းအကြပ်အတည်း၊ ၁၉၆၇ ခြောက်ရက်ကြာစစ်ပွဲနဲ့ အန်(န)ဝါဆဒက် ကို လုပ်ကြံခဲ့တဲ့ အစ္စလာမ်ဘာသာရေး
အဖွဲ့အစည်းတွေရဲ့အနောက်အုပ်စုအပေါ်အမြင်တွေ ကို လေ့လာစေချင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဖိနှိပ်တဲ့အာဏာရှင်တွေကို အန်တုငြင်းဆန်နေကြတဲ့ အီဂျစ်ပြည်သူတွေနဲ့အတူ ရပ်တည်ကြရပါအောင်ပါ။

ဒီတပတ်လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ Democratic Change in Egypt ရဲ့လှုပ်ရှားမှုတွေကိုတင်ပြထားပါတယ်။

သောတရှင်များခင်ဗျား

၁၉၅၆ မှာဖြစ်ပွားခဲ့တဲ့ ဆူးအက်တူးမြောင်းအရေးအခင်းကို မှတ်မိကြပါလိမ့်မယ်။ ဗြိတိန်အစိုးရဟာ အရှေ့အလယ်ပိုင်းဒေသကို
ချုပ်ကိုင်လွှမ်းမိုးထားဖို့အတွက် အီဂျစ်နဲ့ အီရတ်နိုင်ငံတွေဟာ အသက်တမျှအရေးပါတယ်ဆိုတဲ့အချက်ကို သဘောပေါက်နေခဲ့ပေမဲ့၊
အီဂျစ်အမျိုးသားရေးဝါဒီ “နာဆာ” ရဲ့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကတော့ သူတို့အတွက်စိုးရိမ်စရာတခုဖြစ်လာခဲ့ပါတယ်။
အီဂျစ်သမ္မတ “နာဆာ”ဟာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံဆီက လက်နက်အများအပြားဝယ်ယူလိုက်ပြီး
ဆိုဗီယက်ပြည်ထောင်စုနဲ့နီးကပ်သွားမှု၊ မော်စီတုန်းရဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံသစ်ကို တရားဝင် အသိအမှတ်ပြုမှုတွေကြောင့်၊
ဗြိတိန် နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ အီဂျစ်နိုင်ငံ “အက်ရှ်ဝမ် ရေကာတာ” ဆောက်လုပ်ရေးစီမံကိန်းမှာ ကူညီထောက်ပံ့
ပေးထားတဲ့သူတို့ရဲ့ငွေတွေကို ရုတ်သိမ်းလိုက်ပါတယ်။ “နာဆာ” ကလည်း ဆူးအက်တူးမြောင်းကို ပြည်သူပိုင်သိမ်းပိုက်လိုက်ပြီး အနောက်အုပ်စုကိုအာခံလိုက်တယ်။ဗြိတိန်၊ပြင်သစ်နဲ့အစ္စရေးနိုင်ငံတို့ဟာ အီဂျစ်ကိုဝင်ရောက်တိုက်ခိုက်လိုက်တဲ့အတွက် ဆူးအက်တူးမြောင်းအရေးအခင်းစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ဆူးအက်တူးမြောင်းပြဿနာဟာ စစ်အေးတိုက်ပွဲကာလ အရှေ့အလယ်ပိုင်း
ဒေသရဲ့မဟာဗျူဟာကိုပြောင်းလဲနိုင်ခဲ့သလို၊ စစ်အေးတိုက်ပွဲ ရဲ့ အားပြိုင်မှုတွေပေါ်မှာအခွင့်ကောင်းယူပြီး နိုင်ငံရေးအာဏာကို
ချုပ်ကိုင်လာတဲ့ အာဏာရှင်တွေ ကလည်း အရှေ့အလယ်ပိုင်းနိုင်ငံရေးစင်မြင့်ပေါ်မှာ ရောက်ရှိလာခဲ့ပါတယ်။
“နာဆာ” သေဆုံးအပြီး၊ အန်(န)ဝါ ဆဒက် လက်ထက်မှာတော့ အမေရိကန်ပြည်ထောင်စုနဲ့နီးစပ်တဲ့ မူဝါဒတွေဆီ ပြောင်းရွေ့
လိုက်ပါတယ်။ ဒါပေမဲ့၁၉၈၁ မှာ “အန်(န)ဝါ ဆဒက်”တယောက်လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ လေတပ်အရာရှိ
တဦးလည်းဖြစ်၊ “ဆဒက်”လက်ထက်မှာ ဒုတိယခေါင်းဆောင်တဦးဖြစ်တဲ့“မူဘာရက်”အာဏာရလာခဲ့ပါတယ်။

“အန်(န)ဝါ ဆဒက်”လက်ထက်မှာ အစ္စရေးနိုင်ငံဆီအလည်သွားရောက်ခဲ့သလို၊ အစ္စရေးနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့တယ်။
ဒါကြောင့်လည်း အာရပ်အဖွဲ့ချုပ်ရဲ့ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ မူဘာရက် အာဏာရအပြီး ၈နှစ်အကြာမှာတော့
အာရပ်အဖွဲ့ချုပ်ရဲ့အဖွဲ့ဝင်နိုင်ငံအဖြစ်ပြန်လည်ရောက်ရှိလာခဲ့တယ်။ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန်ပြည်ထောင်စုနဲ့
ပူပေါင်းဆောင်ရွက်ခဲ့တာကြောင့် အီဂျစ်နိုင်ငံဟာ အနောက်အုပ်စုအတွက်အရှေ့အလယ်ပိုင်းဒေသ စစ်ရေးမဟာမိတ်နိုင်ငံ
တခုဖြစ်လာခဲ့တယ်။ နိုင်ငံစီးပွားရေးပြန်လည်တည်ဆောက်မှုအတွက် အနောက်အုပ်စုဆီမှထောက်ပံ့မှုတွေလည်းရလာခဲ့ပြီး၊
လစ်ဘရယ် စီးပွားရေးစံနစ်ကိုဖေါ်ဆောင်ခဲ့တယ်”

အီဂျစ်သမ္မတ မူဘာရက်ဟာ နိုင်ငံတကာဆီက အထောက်အပံ့တွေကိုရယူပြီးသူ့ရဲ့တည်မြဲမှုကို ရေရှည်ခိုင်မာအောင်ကြိုးစားခဲ့ပါတယ်။
၁၉၉၇ မှာ မူဘာရက်အစိုးရဟာ မြေယာဆိုင်ရာပြုပြင်ပြောင်းလဲမှုတရပ်ကိုပြုလုပ်ခဲ့ပါတယ်။မြေရှင်ကြေးရှင်တွေရဲ့မတရားလွှမ်းမိုး
ချုပ်ကိုင်မှုကိုကာကွယ်ထားတဲ့ “နာဆာ” ရဲ့မူဝါဒနဲ့လမ်းခွဲလိုက်ပြီး၊ မြေရှင်ကြေးရှင်တွေကို အခွင့်အရေးဖောဖောသီသီပြန်လည်ပေးအပ်ခဲ့
ပါတယ်။ဒါပေမဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံရေးဖိနှိပ်မှုစက်ဝန်းထဲမှာသာ ပြုလုပ်ခဲ့တယ်။ ၁၉၉၀ နှစ်ကာလ
အတွင်းမှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ဖမ်းဆီးထိန်းသိမ်းခံရသူ ခြောက်သောင်းနီးပါးရှိခဲ့ပြီး၊ အကျဉ်းထောင်ထဲမှာ နှိပ်စက်ညှင်းပမ်းမှုတွေ၊
လုပ်ကြံသတ်ဖြတ်မှု၊ သေဒဏ်အပြစ်ပေးမှုတွေကလည်း နာမည်ဆိုးနဲ့ကျော်ကြားခဲ့တယ်။စီးပွားရေးပြုပြင်ပြောင်းလဲရေး မူဝါဒတွေဟာ
အောင်မြင်မှုမရှိခဲ့ပါ။ စက်ရုံအများအပြားပိတ်ခဲ့ရသလို၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေဟာလည်းကျဆုံးခဲ့ရတယ်။
ကုန်ဈေးနှုန်းတွေက ခေါင်ခိုက်လာတယ်။ အဓိက အစားအစာဖြစ်တဲ့ ပေါင်မုန့် ပြတ်တောက်မှုတွေလည်း
ကြုံတွေ့လာခဲ့တယ်။ ဒါကြောင့်လည်း လူထုရဲ့မကျေနပ်မှု၊ ဒေါသတွေက ပြင်းထန်သထက် ပြင်းထန်လာခဲ့တယ်။

“ ၂၀၀၃ မှာ အမျိုးသားရေးဝါဒီတွေ၊ လစ်ဘရယ်ဝါဒီတွေနဲ့ လက်ဝဲနိုင်ငံရေးသမားတွေက စုပေါင်းဦးဆောင်ပြီး “တော်လောက်ပြီ” လို့
အမည်ရတဲ့ “ ကဖီရာ” အဖွဲ့ကိုဖွဲ့စည်းလိုက်ကြတယ်။မူဘာရက်အစိုးရဲ့ရွေးကောက်ပွဲမဲလိမ်မှုတွေ၊ လူထုအပေါ်ဖမ်းဆီးနှိပ်စက်မှုတွေ၊
အာဏာရှင်တိုင်းပြည်တည်ဆောက်မှုတွေအပြင်၊ မြေယာမြေသိမ်းပိုက်မှု၊ အလုပ်ဖြုတ်ခံရမှုနဲ့ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေ အထိန်းအချုပ်မဲ့
ကြီးစိုးလာမှုကို ရပ်ဆိုင်းပစ်ဖို့တောင်းဆိုကြတယ်။ “နိုင်းမြစ်ကမ်းဘေးက ဆရမ်ဒူ ဆိုတဲ့ရွာလေးမှာ ငွေရှင်ကြေးရှင်တွေဟာ
အစိုးရလက်ကိုင်ဒုတ်တွေကို အသုံးချပြီး လယ်မြေတွေကိုအတင်းအဓမ္မသိမ်းယူကြတဲ့အခါ၊ လယ်သမားတွေက ဆန္ဒပြ ခုခံ
ကာကွယ်ကြတယ်။ လယ်သမားတွေရဲ့လှုပ်ရှားမှုဟာ မူဘာရက်အစိုးရကို အာခံတဲ့သင်္ကေတတခု အဖြစ်တည်ရှိလာခဲ့တယ်။
ဒီသင်္ကေတ ကို သယ်ဆောင်ဖို့အတွက် ကျနော်တို့တတွေဟာ လယ်သမားတွေနဲ့အတူရပ်တည်တိုက်ပွဲဝင်ကြတယ်။
အဲ့သလိုပဲ ကိုင်ရိုမြို့တော်အနီးက ရမန်ဒါဆိုတဲ့ဒေသအတွင်းက စက်ရုံတွေမှာလုပ်ကိုင်ရတဲ့ အလုပ်သမားတွေရဲ့
အလုပ်ခွင်အခြေအနေဟာအရမ်းဆိုးဝါးလာခဲ့တယ်။ စက်ရုံအလုပ်သမားတွေက ဖျားနာမှု၊ အလုပ်ခွင်အခြေအနေ ပိုမိုကောင်းမွန်လာစေမှုနဲ့
အလုပ်ရှင်တွေရဲ့မတရားလုပ်ဆောင်နေမှုကို အစိုးရအနေနဲ့အရေးယူပေးဖို့တင်ပြတဲ့အခါတိုင်းအာဏာရပါတီရဲ့အမာခံလူတွေ
ကြီးစိုးထားတဲ့ အလုပ်သမားသမဂ္ဂတွေဟာ ချွေးသိပ်နည်း၊ခြိမ်းခြောက်နည်းတွေသုံးပြီး အလုပ်သမားတွေရဲ့ နစ်နာချက်တွေကို
ဘာတခုမှလုပ်မပေးခဲ့ကြဘူး။ဒါကြောင့် စက်ရုံအလုပ်သမားတွေဟာ ဘဝတူလုပ်ဖေါ်ကိုင်ဘက် အလုပ်သမားတွေကို တိုင်ပင်၊
ကော်မတီတွေတွေဖွဲ့ကြတယ်။ ကိုင်ရို၊ ဟီလာမြို့အပါအဝင် စက်မှုဇုံအားလုံးမှာတည်ရှိနေတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့
ပူးပေါင်းဆောင်ရွက်မှုကော်မတီကိုထပ်မံဖွဲ့စည်းခဲ့ကြတယ်။ စက်ရုံတွေလည်ပတ်မှုရပ်ဆိုင်းသွားအောင် သိမ်းပိုက်ဆန္ဒပြကြတယ်။
အလုပ်ရှင်တွေနဲ့ အစိုးရလက်ကိုင်တုတ်တွေရောက်လာပြီး အလုပ်သမားတွေကို စက်ရုံတွေက နှင်ထုတ်တဲ့အခါ
စက်ရုံအလုပ်သမားတွေက လမ်းမပေါ်ထွက်လာခဲ့ကြတယ်။ မူဘာရက်ရဲ့ စက်ရုံတွေကို ပုဂ္ဂလိကပိုင်စီးပွားရေးမူဝါဒတွေကို
စတင်လိုက်ကတည်းက အလုပ်သမားဆန္ဒပြမှုစုစုပေါင်း (၇၁၂) ခုထက်မနည်းဖြစ်ပွားခဲ့တယ်။ အလုပ်သမားတသန်းကျော်
ပူးပေါင်းပါဝင်ခဲ့ကြတယ်။ အလုပ်သမားထုကြားမှာလည်း ကျနော်တို့အဖွဲ့ဝင်တွေက အများကြီးရှိနေတော့ ကျနော်တို့ရဲ့“ လုံလောက်ပြီ”
ဆိုတဲ့ တပ်ပေါင်းစုဟာ အလုပ်သမားလှုပ်ရှားမှုတွေကို ဦးဆောင်ပါဝင်နိုင်ခဲ့ကြတယ်။”

သောတရှင်များခင်ဗျား

မူဘရက်ရဲ့နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေးမူဝါဒတွေမှားယွင်းမှုတွေဟာ လယ်သမားအလုပ်သမားလူတန်းစားတွေတင်သာမက၊
တတိုင်းပြည်လုံး ခါးစီးခံကြရမဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ဒါကြောင့်လည်း အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ တူနီးရှားနိုင်ငံမှာ
အာဏာရှင်ကိုဖြုတ်ချပစ်လိုက်ကြတဲ့အခါ၊မူဘာရက်အစိုးရအပေါ်ဒေါသထွက်နေကြတဲ့ လူထုဟာ အုံကြွပေါက်ကွဲခဲ့ကြပါတယ်။
လူထုလှုပ်ရှားမှု၊ အတိုက်အခံပါတီတွေရဲ့အခြေအနေ၊ အစိုးရရဲ့တုန့်ပြန်မှုတွေကတူနီးရှားနဲ့အီဂျစ်နိုင်ငံတွေမှာ ဘယ်လိုကွာခြားပါသလဲ။
နောက်တပတ်မှာ ဆက်လက်တင်ပြသွားပါမယ်။သောတရှင်တို့လည်း လူထုဒုက္ခတွေကို ခံစားနားလည်၊ ဦးဆောင်တိုက်ပွဲဝင်မဲ့စိတ်ဓါတ်တွေပိုင်ဆိုင်ကြပါစေ။

အောင်မိုးဝင်း





နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ