ကြည့်မှန်တချပ်အောက်က အလင်းစက်များ

Tuesday, January 4, 2011, 4:48 PM

Post your comment Post Comment | Email this to your friend 0 comments


ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားတဲ့အကြောင်းကိုပြောခဲ့ကြတယ်။ ဂေါ်ဗာချော့ရဲ့ စီးပွားရေးပုံသဏ္ဍန်ပြန်လည်တည်ဆောက်မှု
(ပယ်ရီစတွိုက်ဂါ) နဲ့ ပွင့်လင်းမှု ( ဂလက်စနော့)အကြောင်းတွေကိုဆွေးနွေးကြတယ်။ ချက်ကိုစလိုဗက်ကီးယား၊ ဂျော်ဂျီယာ၊
ယူကရိန်း နဲ့ ဆားဗီးယားနိုင်ငံတွေဆီက အရောင်တော်လှန်ရေးတွေအကြောင်း၊အားတက်ဘွယ်ကောင်းတဲ့ လစ်ဘရယ်ဒီမိုကရေစီ
လှိုင်းတွေအကြောင်းလေ့လာခဲ့ကြတယ်။ ဒါပေမဲ့ ကျနော်တို့တတွေ အချက် (၄) ချက်ကို ဆက်လက် မေးခွန်းထုတ်ဖို့လိုပါလိမ့်မယ်။

(၁) တခါတုံးက ဆိုဗီယက်ပြည်ထောင်စုဦးဆောင်တဲ့ ဝါဆောသဘောတူညီမှုအဖွဲ့ဝင် နိုင်ငံဟောင်း အားလုံးနီးပါးဟာ ဘာကြောင့်
မြောက်အတ္တလန်တိတ်သဘောတူညီမှု ( NATO) အဖွဲ့ထဲကိုဝင်ရောက်ပူးပေါင်းခဲ့သလဲ။

(၂) အရှေ့ဥရောပနိုင်ငံတွေကြားက စစ်ရေးတည်ဆောက်မှုနဲ့ အနာဂတ်ဥရောပလုံခြုံရေးရဲ့အဓိကပြဿနာတွေက ဘာတွေလဲ။

(၃) ရုရှားပြည်ထောင်စု က ဦးဆောင်ဖွဲ့စည်းထားတဲ့ ဓနသဟာယနိုင်ငံတွေ၊ ပြည်ထောင်စုနိုင်ငံများ ( Union States) နဲ့
သူတို့ကြားက ပဋိပက္ခသစ်တွေ၊ မဟာမိတ်ဖွဲ့စည်းမှုအသစ်တွေ၊ စီးပွားရေးဆက်နွယ်မှုအသစ်တွေရဲ့အကျိုးဆက်ကြောင့် ဖြစ်ပေါ်
နေတဲ့ နိုင်ငံရေးအခင်းအကျင်းသစ်တွေက ဘာတွေလဲ။

(၄) အရောင်တော်လှန်ရေးတွေ ကို ပြည်လည်အနိုင်ရလိုက်တဲ့ အဖြစ်အပျက်တွေ၊ သမိုင်းလမ်းကြောင်းပြောင်းမှုတွေ က ဘာကြောင့်ဖြစ်ပေါ်ခဲ့သလဲ။


အထက်ပါအချက် (၄) ချက်ကို ကြိုတင်စဉ်းစားထားစေချင်ပါတယ်။ တချက်ခြင်းဆီကို ဆွဲထုတ်မဆွေးနွေးခင် ဘဲလားရူးစ်နိုင်ငံ က ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို တင်ပြပါရစေ။


ကြည့်မှန်တချပ်အောက်က အလင်းစက်များ

“ကျနော်တို့အခန်းထဲက မီးတွေကို ခဏလောက်ဖြစ်ဖြစ်မှိတ်ပစ်လိုက်ကြပါစို့၊ ပြီးရင် ပြတင်းပေါက်ဘောင်ပေါ်မှာ
ဖယောင်းတိုင်မီးလေးကိုထွန်းညှိလိုက်ပါ။ ကျနော်တို့နေထိုင်တဲ့ ဘဲလားရူးစ်နိုင်ငံအကြောင်းစိတ်ကူးကြည့်သင့်တာပေါ့။
မဲမှောင်နေတဲ့မြို့တွေနဲ့ အလင်းတစက်ရောက်မလာနိုင်တဲ့ ပြတင်းပေါက်တွေ၊ ပြီးတော့ ဖယောင်းတိုင်မီးရောင်လေးတွေ--- အဲ့ဒီပုံရိပ်တွေက စပြီးစဉ်းစားကြည့်ကြမယ်။ ဒါတွေဟာ ကြည့်မှန်တခုလိုဖြစ်လာပြီး
အော်--ကျနော်တို့လို လွတ်မြောက်ချင်တဲ့သူတွေအများကြီးပါလား လို့ သဘောပေါက်လာလိမ့်မယ်”

(၁)
၁၉၈၀-၁၉၉၀ ကာလတွေဆိုတာ ဘဲလားရူးစ်နိုင်ငံအတွက် ယိမ်းထိုးလှုပ်ခါနေတဲ့ သက္ကရာဇ်တွေဖြစ်တယ်။
သစ်တောအုပ်တွေထဲမှာ အစုလိုက်အပြုံလိုက်မြှုပ်နှံထားတဲ့လူသေအလောင်းတွေကို ရှာဖွေတူးဖေါ်ရခဲ့သလို၊
ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့်ဆိုတဲ့အသံတွေကလည်း လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ စကားလုံးတွေဖြစ်တယ်။
“မင့်စ်က် မြို့အနီးက ရွာတရွာမှာ၊ လူသေအမြောက်အများမြှုပ်နှံထားတဲ့ သခြိ င်္ုင်းတွေကို တူးဖေါ်တွေ့ရှိခဲ့တယ်။
၁၉၃၇-၄၁ အတွင်းက ရုရှားတပ်နီတော်ဟာ သူတို့ရဲ့ဘဲလားရူးစ်ပြည်သူတွေကို မျိုးဖြုတ်သတ်ဖြတ်ခဲ့တယ်” တဲ့။
ခရူးရှော့ပြောခဲ့ဘူးတဲ့ “ ရှရှားစကားမြန်မြန်ပြောနိုင်လေလေ ကွန်မြူနစ်စံနစ်မြန်မြန်အောင်ပွဲခံလေ” ဆိုတဲ့ ဆိုဗီယက်အဖြစ်
သွပ်သွင်းမှုတွေကို ပြန်လည်စဉ်းစားခဲ့ကြတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးအတွင်းမှာ နိုင်ငံရေးရှုပ်ထွေးမှုတွေက တစထက်တစ
ပြင်းထန်လာနေသလို၊ စီးပွားရေးချွတ်ခြုံကျမှုတွေက တနိုင်ငံပြီးတနိုင်ငံ ရိုက်ခပ်ပြိုကျနေပြီ။ ဒီလိုဖြစ်ပျက်နေတဲ့အခြေအနေအောက်မှာ တောကြောင်တွေကလည်း အုပ်စုဖွဲ့နေတယ်။
စီးပွားရေးပျက်ကပ်အောက်က နိုင်ငံတခုမှာ လူကုန်ကူးတဲ့အလုပ်၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခဲ့တဲ့အလုပ်ကို အခွင့်ကောင်းအဖြစ်
အသုံးချနေတဲ့ မာဖီးယားဂိုဏ်းတွေကလည်းနေရာအနှံ့၊ သိတ်မကြာဘူး။ သူတို့ရဲ့လက်တံတွေဟာ နိုင်ငံရေးခေါင်းဆောင်တွေကို
အိပ်ထဲထည့်ထားတဲ့အဆင့်ထိရောက်လာကြတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားမဲ့ရက်မှာ အာဏာရလူတန်းစားသစ်ကို
ဘယ်လိုစဝင်ပြီး ဘယ်လိုချုပ်ကိုင်ရမယ်ဆိုတာကို သိနေတယ်။ တကယ်တော့ ကျနော်တို့ဘဝမှာ ကိုယ့်ကံကြမ္မာကို ကိုယ်ဘာသာ
ဖန်တီးနိုင်ခွင့်ဆိုတာ တကယ်ရှိခဲ့ရဲ့လား။ အင်ပါယာတခုပြီးတခု၊ စစ်ကြီးတခုပြီးတခု၊အားပြိုင်မှုအရိပ်တွေတခုပြီးတခု
ကျရောက်နေတဲ့ ဥရောပမှာ ကျွန်တော်တို့လို နိုင်ငံငယ်တွေဆိုတာ စစ်တုဘုရင်ခုံပေါ်က ပွန်း တကောင်ထက်မပိုဘူး။

(၂)

တကယ်တော့ ဘဲလားရူးစ်ဆိုတာ “ဘယ်လိုရှရှား” ( Belorussia) လို့ခေါ်တဲ့ ရုရှားဖြူတွေဖြစ်တယ်။ မော်ဒန်သမိုင်းကိုပြန်ကောက်ကြည့်ရင် ၁၉၁၈ မှာ လွတ်လပ်တဲ့ ဘဲလားရူးစ်ပြည်သူ့သမ္မတနိုင်ငံကိုတည်ထောင်ခဲ့တယ်။ ဒါပေမဲ့ သိတ်မကြာခင်မှာပဲ ပိုလန် နဲ့ ဆိုဗီယက်တွေ စစ်ပွဲစတင်ခဲ့တယ်။ စစ်ပွဲထဲမှာ ဘဲလားရူးစ်နိုင်ငံတခုလုံး
ဆုတ်ပြတ်ကြေမွခဲ့ရတယ်။ ၁၉၂၁ မှာ ပိုလန်-ဆိုဗီယက် စစ်ပွဲအပြီးမှာ ဆိုဗီယက်တွေနဲ့ ပိုလန်နိုင်ငံတို့က ဘဲလာရူးစ်နိုင်ငံ ကို နှစ်ပိုင်းခွဲသိမ်းပိုက်လိုက်ကြတယ်။ တပြိုင်နက်တည်းမှာပဲအရှေ့ဥရောပမှာ ဂျာမဏီ ရဲ့ နယ်ချဲ့သိမ်းပိုက်မှုတွေက တဖြည်းဖြည်း
စတင်လာပြီ။ ၁၉၃၉ မှာ ဖက်ဆစ်ဂျပန်ရဲ့ ပိုလန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု၊ ၁၉၄၁ မှာ ဆိုဗီယက်ယူနီယံ ကို ဝင်ရောက်
တိုက်ခိုက်မှုတို့ကြောင့် ဆိုဗီယက်တွေလည်း ဖက်ဆစ်ဂျာမဏီရဲ့နယ်ချဲ့ကျူးကျော်မှုကို ရိုက်ချိုးတားဆီးဖြစ်ဖို့ကြိုးစားကြတယ်။
ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွားခဲ့တယ်။ ဘဲလားရူးစ် နိုင်ငံဟာ အကြမ်းတမ်းအရက်စက်ဆုံးစစ်ပွဲရဲ့အလယ်မှာရှိနေခဲ့တယ်။ ဂျာမန်ဖက်ဆစ်တွေက ဘဲလာရူးစ်နိုင်ငံရဲ့မြို့ပေါင်း (၂၉၀) အနက် (၂၀၉) မြို့ကိုဖျက်ဆီးသွားခဲ့တယ်။ ပြည်သူ နှစ်သန်းနဲ့
သုံးသန်းအကြားသေဆုံးခဲ့တယ်။ ဒါဟာ နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံနီးပါး အသက်ပေးလိုက်ရခြင်းဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာတော့
ဆိုဗီယက်ပြည်ထောင်စု နဲ့ အတူ ကုလသမဂ္ဂကိုစတင်တည်ထောင်တဲ့ (၅၁) နိုင်ငံအနက် တနိုင်ငံဖြစ်လာခဲ့တယ်။

(၃)
အင်ပါယာတွေပြိုကွဲပြီးရင် ဘာတွေဆက်ဖြစ်လာအုံးမလဲ ဆိုတဲ့ မျှော်လင့်မှုတဝက်၊ စိုးရိမ်မှုတဝက် ရောထွေးနေတဲ့အရာတွေက
အခုမှစခဲ့တာမဟုတ်ဘူး။ အော်တိုမန်အင်ပါယာလက်အောက်မှာ ကျရောက်ခဲ့တဲ့ ဆားဗီးယား၊ရိုမေးနီးရား တွေရဲ့လွတ်လပ်ရေးတွေကို
ဘယ်သူကူညီခဲ့သလဲ။ ၁၉၁၇ ကာလလောက်တုံးက ဂျော်ဂျီယာ၊ ယူကရိန်းနိုင်ငံတွေမှာ ဘာတွေဖြစ်ခဲ့သလဲ။
ရုရှားအင်ပါယာပြိုကွဲအပြီးပြောင်းလဲသွားတဲ့ အရှေ့ဥရောပရဲ့မြေပုံတွေ၊ နာဇီဂျာမဏီရဲ့ပြောင်ပြောင်တင်းတင်းကျူးကျော်မှုတွေ
------ဘော်လ်ရှီဗစ်ကွန်မြူနစ်တွေရဲ့အခန်းကဏ္ဍက ၂၀ ရာစု ဥရောပနိုင်ငံရေးကစားပွဲမှာ ဘယ်လိုအရေးပါခဲ့သလဲ။
တကယ်လို့ ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားပြီဆိုရင် ကျနော်တို့ရမဲ့လွတ်လပ်ရေးဆိုတာကရော၊ ရေရှည်တည်မြဲနိုင်ပါ့မလား။

အထက်ပါမေးခွန်းတွေဟာ ဆိုဗီယက်ပြည်ထောင်စုဆီက မကြာခင်ကွဲထွက်လာမဲ့ နိုင်ငံ (၁၅) နိုင်ငံရဲ့နိုင်ငံရေးခေါင်းဆောင်တွေကြားမှာ
ငြင်းခုန်နေကြတဲ့အရာတွေဖြစ်တယ်။ ၁၉၉၁ မှာ ဆိုဗီယက်ကွန်မြူနစ်ခေါင်းဆောင်သစ်ဖြစ်လာမဲ့ ယဲ့ဆင်တယောက်၊ ဘဲလူးရှား နိုင်ငံ
ဆီကိုရောက်လာခဲ့တယ်။ ဘဲလားရူးစ်နိုင်ငံလျှောက်လှမ်းတော့မဲ့ အနာဂတ်နိုင်ငံရေးခရီးကြမ်းအတွက်ဆွေးနွေးခဲ့တယ်။

(၄)
ဘဲလားရူစ်းသမ္မတ အလက်ဇန်းဒါး လူကာရှန်ကို ဆိုတဲ့ ပုဂ္ဂိုလ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရွိုက်စ် က
“ ဥရောပရဲ့နောက်ဆုံးအာဏာရှင်” အဖြစ် အမည်ပေးဝေဖန်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စုက အလက်ဇန်းဒါး လူကာရှန်ကို ကို ဒေါသထွက်စိတ်ဆိုးနေတာက သဘာဝကျပါတယ်။ “လူကာရှန်ကို” ရဲ့ ဘဲလားရူးစ်နိုင်ငံမှာ လီနင်ရဲ့ရုပ်ထု၊ ကေဂျီဘီထောက်လှမ်းရေး၊
အမေရိကန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေက အမြစ်တွယ်နေသလို၊ အမေရိကန်သမ္မတ ဘီလ်ကလင်တန်က ကိုဆိုဗို ကို ဗုံးကြဲတော့မယ်ဆိုတာကို ကြိုတင်သတင်းရနေတဲ့ “လူကာရှန်ကို” ဟာ “ဆားဗီးယားခေါင်းဆောင် မီလိုဆီဗစ် အနေနဲ့
ရုရှားနဲ့ ဘဲလားရူးစ်-ရုရှား ပြည်ထောင်စုနိုင်ငံတွေဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံတခု ဆီကိုလာရောက်ပူးပေါင်းသင့်တယ်” လို့ အကြံပေးခဲ့တယ်။ ၂၀၀၃ ခုနှစ်တုံးကလည်း ဆဒမ်ဟူစိန် ကိုလည်း သူ့နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ယူဖို့ကမ်းလှမ်းခဲ့တယ်။
တကယ်တော့ လူကာရန်ကို ဆိုတဲ့ပုဂ္ဂိုလ်ဟာ “ ဆလားဗစ် စကားပြောသူတွေရဲ့ပြည်ထောင်စုနိုင်ငံတခုကိုတည်ထောင်ချင်သူတဦး
ဖြစ်တယ်။ရုရှားတွေရဲ့ဦးဆောင်မှုကို နှစ်ကြိုက်သဘောကျသူဖြစ်တယ်။ ပထဝီဝင်အနေအထားရ ဘဲလားရူးစ်နိုင်ငံဟာ စိတ်ကူးယဉ်လို့မရဘူး လို့ သဘောပေါက်နေတဲ့ သူဟာ ၊ ရုရှားနိုင်ငံဆီက မှီခိုနေရတဲ့ လောင်စာစွမ်းအင်တွေကို အမြဲထည့်တွက် စဉ်းစားလေ့ရှိတယ်။ လူကန်ရှန်ကို လက်ထက်မှာ ဘဲလားရူးစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ ပညာသင်ကြားမှု နဲ့ လူနေမှုအဆင့်အတန်းတွေ
အားလုံးနီးပါးထွန်းကားခဲ့တယ်။ အရှေ့ဥရောပနိုင်ငံတွေထဲမှာ လူမှုဖွံ့ဖြိုးမားအမြင့်မား အညွှန်းပြကိန်းကဏ္ဍန်းကို တည်ထောင်နိုင်ခဲ့သူ
အဖြစ် လူသိများတယ်။ ဒါပေမဲ့ တဘက်မှာတော့ အာဏာကိုလက်မလွှတ်ချင်တာတွေ၊ ရွေးကောက်ပွဲမဲလိမ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း အတိုက်အခံနိုင်ငံရေးသမားတွေကြားမှာ ကျယ်ကျယ်လောင်လောင်ကြားနေရတဲ့အရာတွေ
ဖြစ်တယ်။ ဒီတပတ်လွတ်လပ်တဲ့အာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ “အလက်ဇန်းဒါး လူကာရှန်ကို” အောက်မှာ
လွတ်မြောက်ချင်သူတွေရဲ့ဖန်တီးမှုတွေအကြောင်းဆွေးနွေးထားပါတယ်။

သောတရှင်များခင်ဗျား

“၁၉၉၁ ဒီဇင်ဘာ ၈ ရက်နေ့မှာချုပ်ဆိုခဲ့တဲ့ ဘယ်လာဗားရှားသဘောတူညီမှု ( Belavezha Accords) ဆိုတာ
ရုရှား၊ဘဲလာရူးစ်နဲ့ယူကရိန်းသုံးနိုင်ငံကြားမှာချုပ်ဆိုခဲ့တဲ့စာချုပ်တခုဖြစ်ပါတယ်။ ဒီသဘောတူညီမှုအရ ဆိုဗီယက်ယူနီယံတည်ထောင်ခွင့်ကို
ပေးခဲ့တဲ့ ၁၉၂၂ သဘောတူညီမှုစာချုပ်ကိုရှုတ်ချခဲ့ပြီး၊ဘဲလားရူးစ်နိုင်ငံ ကို လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတခုအဖြစ်ကြေငြာခဲ့တယ်။
တဘက်မှာတော့ ရုရှားပြည်ထောင်စုနဲ့ဆက်လက်ပူးပေါင်းလုပ်ကိုင်မဲ့ လွတ်လပ်တဲ့နိုင်ငံတွေရဲ့ ဓနသဟာယအဖွဲ့အစည်းသစ်တခုကို
ဖွဲ့စည်းခဲ့တယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုသွားကို ခါးခါးသီးသီးဆန့်ကျင်လက်မခံသူတဦးရှိနေပါတယ်။
သူကတော့ ဘဲလားရူးစ်နိုင်ငံအမြင့်ဆုံးအာဏာပိုင်ကောင်စီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူ “အလက်ဇန်းဒါး လူကာရှန်ကို” ဆိုသူဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားအပြီး လွတ်လပ်တဲ့ဘဲလားရူးစ်နိုင်ငံအဖြစ်တည်ထောင်ခဲ့ကြတဲ့အခါ၊ တိုင်းပြည်ကို ခြစားနေတဲ့
နိုင်ငံရေးသမားတွေနဲ့မာဖီးယားဒုစရိုက်ဂိုဏ်းသမားတွေက ချုပ်ကိုင်လာနေတယ် ဆိုတဲ့အချက်ကို စိုးရိမ်နေသူတဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း လူကာရှန်ကို ဟာ ဘဲလားရူးပါလီမန်လက်အောက်မှာ ခြစားမှုတိုက်ဖျက်ရေးကော်မတီကိုဖွဲ့စည်းလိုက်ပြီး၊
ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
“အလက်ဇန်းဒါး လူကာရှန်ကို က သူ့လိုချင်တဲ့နိုင်ငံရေးပုံစံကိုတဆင့်ခြင်းပြန်အသက်သွင်းတယ်။
ပါလီမန်ဥက္ကဋ္ဌအပါအဝင်အရာရှိ (၇၀) ကျော်ကိုခြစားအကျင့်ပျက်မှုနဲ့စွပ်စွဲပြီးပါလီမန်ကနေ နှုတ်ထွက်သွားအောင်ပြုလုပ်နိုင်ခဲ့တယ်။
၁၉၉၄ မှာ ပထမဆုံးအကြိမ်လွတ်လပ်တဲ့ရွေးကောက်ပွဲတွေကို ကျင်းပလိုက်တဲ့အခါ သူက လွတ်လပ်တဲ့နိုင်ငံရေးသမားအဖြစ်ဝင်ရောက်
ယှဉ်ပြိုင်ပြီး မာဖီးယားတွေကိုစစ်ဆင်ရေးဆင်နွဲအနိုင်ယူပစ်မယ်ဆိုတဲ့ကြွေးကြော်သံကိုလွှင့်တင်လိုက်တယ်။
ဒါကြောင့်လည်း ရွေးကောက်ပွဲကို မဲအပြတ်အသတ်နဲ့အနိုင်ရလိုက်ပြီး ဘဲလားရူးစ်နိုင်ငံရဲ့ပထမဆုံးသမ္မတဖြစ်လာခဲ့တယ်။
သမ္မတဖြစ်လာအပြီးမကြာခင်၊ ရုရှားပြည်ထောင်စု ဒူးမားလွှတ်တော်မှာမိန့်ခွန်းပြောတဲ့အခါ “ဆလားဗစ်” စကားပြောသူတွေရဲ့
ပြည်ထောင်စုနိုင်ငံဖွဲ့စည်းဖို့ အဆိုတင်သွင်းခဲ့တယ်။”
“အလက်ဇန်းဒါးလူကာရှန်ကို” ဟာ သူအာဏာရအပြီးမကြာခင်မှာ အခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲဖို့ကြိုးစားခဲ့တာကြောင့်
ပါလီမန်အဖွဲ့ဝင် ၁၉၉ ယောက်အနက် (၇၀)ကျော်က သူ့ကိုတရားစွဲဆိုဖို့ပြင်ဆင်လိုက်ကြပါတယ်။ လူကာရှန်ကို ကလည်း
လက်ဦးမှုရယူလိုက်ပါတယ်။ ပါလီမန်ဟောင်းကိုပြန်လည်မွမ်းမံရမယ်ဆိုပြီး ဖျက်သိမ်းပစ်လိုက်ကာ သူ့ကိုသစ္စာရှိမဲ့သူတွေကို ရာထူးဆွဲတင်ပေးလိုက်ပြီးပါလီမန်သစ်ဆီမှာညီလာခံခေါ်ယူခဲ့တယ်။ သမ္မတပါဝါကို ပိုမိုရရှိအောင်ဖန်တီးနိုင်ခဲ့ပါတယ်။ လူထုဆန္ဒခံယူပွဲတွေကျင်းပပြီးသူ့ရဲ့ဆန္ဒကိုထောက်ခံခိုင်းခဲ့တာကြောင့်တရားစွဲဆိုမဲ့ပါလီမန်အဖွဲ့ဝင်တွေလည်း ပါလီမန်
အဆောက်အဦဟောင်းနဲ့အတူနေရာပျောက်ခဲ့ပါတယ်။
“ ၁၉၉၈ မှာ ဘဲလားရူးစ်ငွေကြေးတန်ဘိုးကထိုးကျလာတယ်။ လူကာရှန်ကို က အနောက်အုပ်စုရဲ့ကြံစည်မှုလို့စွပ်စွဲပြီး၊
အမျိုးသားဘဏ်တွေကိုထိန်းချုပ်လာခဲ့တယ်။ မြို့တော်မင့်န်စ် အနီးမှာတည်ရှိတဲ့ ဒရာဇီဒီအဆောက်အဦ ဆီက သံတမန်တွေအားလုံးကို
နှင်ထုတ်ပစ်လိုက်ပြီးနေရာသစ်တခုမှာသွားနေကြဖို့အမိန့်ပေးခဲ့တယ်။ ဒါကြောင့်လည်း ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုက လူကာရှန်ကို ကို ခရီးသွားလာရေးဗီဇာတွေပိတ်ပင်ပစ်ခဲ့တယ်။ လူကာရှန်ကို ကလည်း အနောက်အုပ်စုဆန့်ကျင်ရေးကို ဆက်တိုက်လုပ်လာပြီး ရုရှားတွေနဲ့နီးစပ်အောင်နေခဲ့တယ်”

ရုရှားနိုင်ငံမှ ဥရောပသမဂ္ဂနိုင်ငံတွေဆီတင်ပို့ရောင်းချတဲ့ရေနံပိုက်လိုင်းတွေဟာဘဲလားရူးစ်နိုင်ငံဆီကနေဖြတ်ပြီးလာတာကြောင့်
လူကာရှန်ကိုရဲ့ပြုမူပုံတွေဟာအနောက်အုပ်စုအတွက် စိုးရိမ်စရာတခုလိုဖြစ်လာခဲ့ပါတယ်။ အနောက်အုပ်စုနဲ့ရင်ဆိုင်နေရတဲ့
ပြဿနာတွေကိုကျားကုပ်ကျားခဲရင်ဆိုင်နေရတဲ့ “လူကာရှန်ကို” ကလည်း သူ့ရဲ့အာဏာကိုရေရှည်တည်မြဲဖို့ကြိုးစားခဲ့ပါတယ်။
၂၀၀၁ ခုနှစ် သမ္မတရွေးကောက်ပွဲကို ဒုတိယအကြိမ်အနိုင်ရလိုက်တယ်။ သုံးနှစ်အကြာမှာ လူထုဆန္ဒခေါ်ယူကျင်းပခဲ့ပြီး
သမ္မတသက်တမ်းကိုအကန့်အသတ်မရှိရွေးချယ်နိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပင်ဆင်ရေးဆွဲလိုက်ပြန်ပါတယ်။

“လူကာရှန်ကို” လက်ထက်မှာ စီးပွားရေးပြန်လည်တိုးတက်လာခဲ့ပေမဲ့သူ့ရဲ့အာဏာစွန့်လွှတ်ချင်စိတ်မရှိမှုကိုသိလိုက်ရတဲ့၊
အတိုက်အခံနိုင်ငံရေးသမားတွေဟာညီညွတ်သော ဒီမိုကရက်တစ်တပ်ပေါင်းစုကိုဖွဲ့စည်းလိုက်ကြပြီး၊ သမ္မတရွေးကောက်ပွဲ
ကိုယ်စားလှယ်အဖြစ် အလက်ဇန်းဒါး မင်လင်ကီယိဗ် ကို ရွေးချယ်ခဲ့ပါတယ်။ ဘဲလားရူးစ်အာဏာရှင် လူကာရှန်ကိုက
“ သူ့ကိုဆန့်ကျင်တဲ့သူတွေဟာ ဘဲတကောင်လိုလည်လိမ်ချိုးခံရမယ်။ ဘဲလားရူစ်နိုင်ငံမှာ လိမ္မော်ရောင်၊နှင်းဆီရောင်တော်လှန်ရေးတွေ
မပြောနဲ့ ငှက်ပျောသီးတော်လှန်ရေးတောင် ဖြစ်မှာမဟုတ်ဘူး” လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပြီး ရွေးကောက်ပွဲမှာ
အတိုက်အခံတွေနေရာမရအောင်ကြိုးပမ်းခဲ့ပါတယ်။

“၂၀၀၅ ခုနှစ်ကစပြီး လွတ်လပ်တဲ့ပြဇာတ်ရုံတွေဟာ မြေအောက်လှုပ်ရှားမှုအဖွဲ့အစည်းတခုလိုဖြစ်လာတယ်။
လူကာရှန်ကို လက်ထက်မှာ သူတို့ကို ခြီးမြှောက်တဲ့အရာတွေကလွဲလို့ဘာမှ မရှိဘူး။ ဒါကြောင့်လူထုဖန်တီးထုတ်လုပ်တဲ့ ကပွဲရုံတွေတည်ရှိရမယ်။ တရားဝင်ကြော်ငြာတာမျိုး မလုပ်ပဲ ကိုယ်ပိုင်တိုက်ခန်းတွေ၊ လူသိနိုင်တဲ့အဆောက်အဦတွေထဲမှာ
ကပြခဲ့ကြတယ်။ လူ ငါးထောင်လောက်ထိတက်ရောက်လာကြတယ်။ နိုင်ငံရေးအကြောင်းတွေမပါဝင်ပေမဲ့၊ စိတ်ဓါတ်ကျမှုတွေ၊ ကိုယ့်ကိုယ်ကိုသတ်သေမှုတွေအကြောင်းတင်ပြရင်း ပျောက်ဆုံးနေတဲ့အလှတရားတွေအကြောင်း မေးခွန်းထုတ်ခဲ့ကြတယ်။
လူထုက တရားခံဘယ်သူလဲဆိုတာသိနေတယ်လေ။”

အတိုက်အခံတွေဟာ အနောက်အုပ်စုကမြှောက်ပေးတဲ့သူတွေဖြစ်တယ်လို့စွပ်စွဲရင်း ၂၀၀၈ ပါလီမန်ရွေးကောက်ပွဲကိုလည်း
လူကာရှင်ကိုရဲ့အာဏာရပါတီကသာ ဆက်လက်အနိုင်ယူခဲ့ပါတယ်။ပြဇာတ်ရုံတွေမှာ မြေအောက်ပုံသကဏ္ဍန်လို စုဝေးနေရုံတခုတည်းနဲ့
မလုံလောက်ဘူးဆိုတာကိုသိနေကြတဲ့လူငယ်တွေကလည်းလူထုကြားမှာအစုအဖွဲ့တွေကိုအသွင်သဏ္ဍန်ပေါင်းစုံဖွဲ့စည်းလာကြတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာလည်း အစိုးရက မဲလိမ်တဲ့အတွက် စိတ်ဆိုးဒေါသထွက်နေတဲ့လူအုပ်ဟာ အစိုးရအဆောက်အဦတွေကို
ဝင်ရောက်သိမ်းပိုက်ဖို့ကြံစည်ခဲ့ကြတယ်။ လူတသောင်းကျော်ကလည်း“လူကာရှင်ကို ထွက်သား” ဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူ
ချီတက်ဆန္ဒပြကြတယ်။ ဘဲလားရူးစ်ကေဂျီဘီတွေကလည်း သမ္မတရွေးကောက်ပွဲကိုယ်စားလှယ် (၇) ယောက်နဲ့ဆန္ဒပြသူရာချီပြီး
ဖမ်းဆီးခဲ့တယ်။တသက်လုံးအာဏာဆုပ်ကိုင်ထားချင်တဲ့ ဘဲလားရူးစ်အာဏာရှင်အတွက် လူထုကလည်းလက်ဆောင်တခုပေးဖို့ပြင်ဆင်
ခဲ့ကြတယ်။ လစဉ် (၁၆) ရက်မြောက်နေ့ရောက်တိုင်း နိုင်ငံရေးအကျဉ်းသမားတွေ၊ပျောက်ဆုံးသွားတဲ့သူတွေအတွက်
အောက်မေ့သတိယပွဲတွေ ပြုလုပ်ကြရင်းပိုမိုထိရောက်တဲ့လှုပ်ရှားမှုကိုစဉ်းစားကြတယ်။
ဒီလှုပ်ရှားမှုကို သိန်းချီနေတဲ့ပြည်သူလူထုက ပူးပေါင်းပါဝင်ခဲ့ကြတယ်။

“ကျနော်တို့အခန်းထဲက မီးတွေကို ခဏလောက်ဖြစ်ဖြစ်မှိတ်ပစ်လိုက်ကြပါစို့၊
ပြီးရင် ပြတင်းပေါက်ဘောင်ပေါ်မှာ ဖယောင်းတိုင်မီးလေးကိုထွန်းညှိလိုက်ပါ။
ကျနော်တို့နေထိုင်တဲ့ ဘဲလားရူးစ်နိုင်ငံအကြောင်းစိတ်ကူးကြည့်သင့်တာပေါ့။
မဲမှောင်နေတဲ့မြို့တွေနဲ့ အလင်းတစက်မှရောက်မလာနိုင်တဲ့ပြတင်းပေါက်တွေ၊ ပြီးတော့ ဖယောင်းတိုင်မီးရောင်လေးတွေ---
အဲ့ဒီပုံရိပ်တွေက စပြီးစဉ်းစားကြည့်ကြမယ်။ ဒါတွေဟာ ကြည့်မှန်တခုလိုဖြစ်လာပြီး
အော်--ကျနော်တို့လို လွတ်မြောက်ချင်တဲ့သူတွေအများကြီးပါလား လို့ သဘောပေါက်လာလိမ့်မယ်” တဲ့

သောတရှင်တို့ရဲ့လွတ်မြောက်ချင်တဲ့စိတ်ဓါတ်တွေလည်း အမှောင်ထုနဲ့အကျဉ်းစခန်းတွေကိုရဲရဲတင်းတင်း ဖွင့်လှစ်နိုင်ကြပါစေ။

ရည်ညွှန်း

Grigory Ioffe ရဲ့ Understanding the Belarus: How Western Foreign Policy miss the mark နဲ့

ကုလသမဂ္ဂရဲ့ ၂၀၁၀ တင်ပြချက် ( http://hdr.undp.org/en/media/HDR_2010_EN_Table1.pdf) ပါ
အချကိအလက်များကိုယူငင်သုံးစွဲပါတယ်

နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ