လိုက်ဘီးရီးယားငြိမ်းချမ်းရေးလှုပ်ရှားမှု

Saturday, January 9, 2010, 6:09 AM

Post your comment Post Comment | Email this to your friend 0 comments


“ချားလ်တေလာ” ပြုံးနေတယ်ဆိုရင်သတိထားစေချင်ပါတယ်။ သူက မင်းနဲ့လည်းအပြုံးချင်း
ဖလှယ်နိုင်တာပဲ။ ဒါပေမဲ့နောက်မိနစ်အနည်းငယ်အတွင်းမှာမင်းကိုသတ်မဲ့အမိန့်ကိုလည်းပေးနိုင်တယ်လေ”
လိုက်ဘီးရီးယားနိုင်ငံရဲ့လမ်းမတွေကဖရိုဖရဲဆူညံသံနဲ့ပြည့်နှက်နေသလို၊ သေဆုံးနေတဲ့ရုပ်အလောင်းတွေကိုတွန်းလှည်းတွေပေါ်မှာ
အပြည့်သယ်ယူလာတဲ့မြင်ကွင်းတွေကညနေခင်းတိုင်းတွေနေကျမြင်ကွင်းတခုပဲဖြစ်ခဲ့ပါတယ်။
ကလေးတွေက သေနတ်တွေကိုပစ်ဖောက်ပြီးညာသံပေးအော်ဟစ်နေခဲ့ကြသလို၊ မိုးရွာချလိုက်တဲ့လမ်းမတွေပေါ်မှာ
သွေးညှီနံ့ကနိုင်ငံတခုလုံးကိုတုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ တကယ်တော့ အာဖရိကအနောက်ဖက်ခြမ်းမှာရှိတဲ့
လိုက်ဘီးရီးယားနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ကိုလိုနီနိုင်ငံဖြစ်ခဲ့ဘူးတဲ့ အာဖရိကနိုင်ငံအနည်းစုထဲက နိုင်ငံတခုပါ။
ကျွန်ကုန်ကူးမှု့အထွန်းကားဆုံးရာစုတွေတုံးက ဆိုရင် လိုက်ဘီးရီးယားနိုင်ငံကိုလွတ်မြောက်မှုဒေသအဖြစ်ထွက်ပြေးလာကြလေ့
ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ဒီမိုကရေစီစံနစ်ပုံစံကိုကြိုက်နှက်သက်ခဲ့ကြသူတွေဖြစ်တာကြောင့်
ဂျိမ်းမွန်ရိုးရဲ့နာမည်ကို ဂုဏ်ပြုပြီး၊ မြို့တော်ကို မွန်ရိုဗီးယားလို့အမည်ပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။
၁၉၈၉-၉၆ ကာလ မှာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး လစ်ဗျားခေါင်းဆောင် ကဒါဖီးရဲ့နောက်ကွယ်က မြှောက်ပေးမှုကြောင့်
ချားလ်တေလာ ဟာ ထင်ရှားတဲ့စစ်ခေါင်းဆောင်တဦးဖြစ်လာခဲ့ပါတယ်။


ဒီလိုနဲ့ ချားလ်တေလာဟာ-ရွေးကောက်ပွဲကို (၇၅%) ကျော်အနိုင်ရပြီးလိုက်ဘီးရီးယားနိုင်ငံရဲ့သမ္မတအဖြစ်
ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ လိုက်ဘီးရီးပြည်တွင်းစစ်ပွဲဟာ လူမျိုးစုစစ်ပွဲသဏ္ဍန်ဆီကိုဦးတည်နေခဲ့တာကြောင့်
ပြည်သူတွေရဲ့ဆန္ဒတွေဟာမပြည့်ဝခဲ့ကြပါဘူး။ နိုင်ငံတွင်းမှာ တည်ရှိနေတဲ့ စိန်၊ ရော်ဘာ၊ တင်းဘား၊ သံ -
အစရှိတဲ့တွင်းထွက်တွေကို ပိုင်ဆိုင်ရေးအတွက် လူမျိုးစု(၇)စုရဲ့ပြည်တွင်းစစ်ပွဲတွေကိုသူ့လက်ထက်မှာ
မရပ်တန့်စေနိုင်ခဲ့ပါဘူး။ ပိုပြီးဆိုးတာက ချားတေလာသမ္မတအဖြစ်ရောက်ရှိလာချိန်ကစပြီး
အတိုက်အခံနိုင်ငံရေးသမားတွေကိုဖမ်းဆီးထောင်ချမဲ့အမျိုးသားရဲတပ်ဖွဲ့တွေ၊အထူးလုံခြုံရေးတပ်ဖွဲ့တွေကို
ဖွဲ့စည်းလာခြင်းဖြစ်ပါတယ်။ သူ့ကိုလက်မခံကြတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆီရာလီယွန်၊ ဂီနီ နိုင်ငံတွေက
ချားလ်တေလာ ကို ဆန့်ကျင်နေတဲ့သူပုန်တွေကိုနောက်ကွယ်ကနေအကူအညီပေးခဲ့ပါတယ်။
ချားလ်တေလာ ကလည်း အိမ်နီးချင်း“ဆီရာလီယွန်” အစိုးရကိုပုန်ကန်နေတဲ့သူပုန်တွေကိုလက်နက်နဲ့စိန်လဲ
လှယ်ရောင်းချပေးခဲ့တယ်။ အဆိုးဝါးဆုံးလုပ်ရပ်ကတော့ ကလေးစစ်သားတွေကိုအများအပြားစုဆောင်းပေးခဲ့ပြီး
အပြစ်မဲ့ပြည်သူတွေထောင်ချီသေကြေစေတဲ့စစ်ပွဲပေါင်းများစွာကိုနောက်ကွယ်ကနေကြိုးကိုင်ခဲ့သူတဦးဖြစ်တယ်။
ချားလ်တေလာ ဟာ ဘာသာရေးကိုအလွန်ကိုင်းရိုင်းရိုသေသယောင်ယောင်သရုပ်ဆောင်လေ့ရှိပါတယ်။
သူ့ကို ကလေးစစ်သားတွေ၊ “ဆီရာလီယွန်”နိုင်ငံကလက်နက်ရောင်းဝယ်ရေးကိစ္စတွေကိုနိုင်ငံတကာ က စွပ်စွဲတိုင်း၊
အဖြူရောင်ဝတ်စုံဝတ်ပြီးလူမြင်ကွင်းရှေ့မှာကြင်နာတတ်တဲ့အပြုံးနဲ့ပြည်သူတွေကိုနှုတ်ဆက်လေ့ရှိပါတယ်။
“အေးလေ- ခရစ်တော် လည်းလူသတ်သမားလို့စွပ်စွဲခံရသေးတာပဲ၊
သူ့ကိုစွပ်စွဲတဲ့အရာကိုမထူးဆန်းတော့ပါဘူး”လို့ သံဝေဂရသလိုမျိုးပြောကြားလေ့ရှိပါတယ်။

ဒါပေမဲ့ ချားလ်တေလာ ရဲ့ သရုပ်ဆောင်မှုကိုရပ်တန့်ပစ်ဖို့ကြိုးစားနေတဲ့လူတွေကအုပ်စုဖွဲ့လာခဲ့ပါတယ်။
သူတို့ဟာရပ်ကွက်ထဲကသာမန်အမျိုးသမီးတွေဖြစ်ပါတယ်။သွေးချောင်းစီးမှုတွေကိုမမြင်ရက်နိုင်ကြတော့တဲ့
ဲ့အမျိုးသမီးတွေဟာဒီစစ်ပွဲတွေကိုရပ်မှဖြစ်တော့မယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်။ အင်္ကျီဖြူတွေကိုဝတ်ဆင်လိုက်ကြပြီး
“ကျည်ဆံဆိုတဲ့အရာကခရစ်ယာန်ဘာသာဝင်၊အစ္စလာမ်ဘာသာဝင်တွေလို့သိလို့လား” ဆိုတဲ့မေးခွန်းကို
အမျိုးသမီးတွေကြားမှာမေးခွန်းထုတ်လှုံ့ဆော်လိုက်ပါတယ်။ လူမှုဆက်ဆံရေးလုပ်ငန်းတွေမှာ
ပေါင်းစည်းကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ လူမှု့လုပ်ငန်းတွေကတဆင့်မြို့လယ်လမ်းမတွေပေါ်မှာ
ငြိမ်းချမ်းရေးသီချင်းတွေဆိုပြီးကခုန်ကြပါတယ်။ နောက်တော့အစိုးရုံးတည်ရှိရာအဆောက်အဦတွေ၊
သမ္မတနေထိုင်ရာအိမ်ရှေ့တွေဆီကိုသွားရောက်ကြပြန်ပါတယ်။ ဒီလိုသွားရောက်သီချင်းဆိုကြတဲ့အခါ
သူတို့ပထမဆုံးကြုံတွေ့ရတဲ့အခက်အခဲကတော့ သူတို့ရဲ့လူ့အဖွဲ့အစည်းဆီကပြစ်တင်ဝေဖန်
ရှုံ့ချသံတွေပါ။ မွတ်စလင်အမျိုးသမီးတွေကိုသူတို့ရဲ့အစ္စလာမ်ဘာသာဝင်တွေက လမ်းပေါ်ကကလေကဝအမျိုးသမီးတွေလို့
တိုက်ခိုက်ကြသလို၊ခရစ်ယာန်အမျိုးသမီးတွေကိုလည်းမွတ်စလင်တွေနဲ့အတူသီချင်းဆိုကြတဲ့အတွက်သူတို့ဘာသာရေးဟာ
မှေးမိန်သွားပြီလို့ဝေဖန်ရှု့ချကြပါတယ်။ ဒါပေမဲ့ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်နေကြတဲ့အမျိုးသမီးတွေက
ဝေဖန်နှောက်ရှက်မှုတွေကိုတည်ငြိမ်စွာရင်ဆိုင်ခဲ့ကြပါတယ်။ မိုးရွာရွာ၊ နေပူပူ သူတို့ရဲ့
“ ချိုမြတဲ့လိုက်ဘီးရီးယားဆိုတာငါတို့ရဲ့အိမ်ပါ ငြိမ်းချမ်းမှုတွေရပါစေ၊”သီချင်းကိုအဆိုမပျက်ခဲ့ကြသလို၊
“သေနတ်တွေယူဆောင်လာတာရပ်ပါ၊ ငြိမ်းချမ်းရေးကိုပေးပါ”
“ကျမတို့ဒီစစ်ပွဲကြီးမှာပင်ပမ်းနွမ်းနယ်နေကြပါပြီ”စတဲ့ ပိုစတာတွေကိုကိုင်ဆွဲလာကြတယ်။
သီချင်းဆိုနေရင်းနဲ့စိတ်မကောင်းလွန်းလို့မျက်ရည်ကျပြီးငိုသံတဝက်နဲ့ဆက်လက်သီချင်းဆိုနေတဲ့အမျိုးသမီးတွေကို
လုပ်ဖေါ်ကိုင်ဘက်အမျိုးသမီးတွေကရင်ချင်းအပ်ပွေ့ဖက်အားပေးပြီးဆန္ဒပြပွဲကိုဆက်လက်လုပ်ဆောင်ကြပါတယ်။
၁၉၉၉ ခုနှစ်မှာတော့ လိုက်ဘီးရီးယားနိုင်ငံရဲ့ဒုတိယအကြိမ်မြောက်ပြည်တွင်းစစ်ပွဲဟာအရှိန်ပြင်းထန်စွာ
ဖြစ်ပွားနေခဲ့ပါတယ်။ ပြန်လည်သင့်မြတ်ရေးနှင့်ဒီမိုကရေစီတပ်ပေါင်းစုလို့အမည်ရတဲ့သူပုန်အုပ်စုတွေနဲ့၊
လိုက်ဘီးရီးယားဒီမိုကရေစီရှားမှုအဖွဲ့ကလည်း မြောက်ပိုင်းနဲ့တောင်ပိုင်းကနေညှပ်တိုက်ခဲ့ကြပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ နိုင်ငံရဲ့သုံးပုံနှစ်ပုံကိုသူပုန်တွေကထိန်းချုပ်ထားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ကုလသမဂ္ဂတို့ဟာချားတေလာအစိုးရအပေါ်မှာဒဏ်ခပ်ပိတ်ဆို့မှုတွေစတင်
လုပ်ဆောင်ခဲ့ကြတယ်။အမျိုးသမီးတွေရဲ့ငြိမ်းချမ်ရေးသီချင်းဆိုကခုန်ပွဲတွေကလည်း ဗုံးသံတွေ၊ သေနတ်သံတွေ၊ သွေးစီးချောင်းတွေပေါ်မှာအဆက်မပြတ်ခုန်ပေါက်နေခဲ့ပါတယ်။

ပြည်တွင်းစစ်ပွဲဟာ လူ(၃)သိန်းကျော်သေဆုံးစေခဲ့ပြီးတဲ့နောက်၊ “ချားတေလာ” အစိုးရနဲ့သူပုန်အုပ်စု
တွေ့ဆုံဆွေးနွေးပွဲတခုကျင်းပတဲ့အခါ၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုအမျိုးသမီးအဖွဲ့ဟာအစည်းအဝေး
ခန်းမအဆောက်အဦပြင်ပကနေဝိုင်းရံလိုက်ကြပြီး၊ တယောက်လက်တယောက်ချိတ်ခါ၊ အဆောက်အဦတခုလုံးကိုပိတ်ဆို့ပစ်လိုက်ကြပါတော့တယ်။ “ အစိုးရနဲ့သူပုန်နှစ်ဘက်စလုံးငြိမ်းချမ်းရေး
သဘောတူညီမှုလက်မှတ်မထိုးမချင်းသူမတို့အနေနဲ့ ဒီနေရာကနေထွက်ခွာသွားမည်မဟုတ်”ဆိုတဲ့
ရာဇသံကိုပေးပို့လိုက်ပါတယ်။ သူပုန်ခေါင်းဆောင်တယောက်ကဆိုရင်-“ဘုရားရေ-ဗိုလ်ချုပ်လိုင်မာရဲ့
တပ်မကြီးဟာကျနော်တို့ငြိမ်းချမ်းရေးခန်းမကိုသိမ်းပိုက်ထားလိုက်ပါပြီလို့ရေရွတ်လိုက်ပါတယ်။
( ဗိုလ်ချုပ်လိုင်မာဆိုတာ အမျိုးသမီးခေါင်းဆောင်ကိုခေါ်တဲ့နာမည်ပါ။)
သောတရှင်များခင်ဗျား
ငြိမ်းချမ်းရေးလှုပ်ရှားသူတွေရဲ့ဆန္ဒကိုလိုက်လျောခဲ့ရပြီးသူပုန်နဲ့အစိုးရသဘောတူလက်မှတ်ရေးထိုးခဲ့ရပါ
တယ်။၂၀၀၃ သြဂတ်စ်လမှာတော့ ချားလ်တေလာ ရာထူးကနေနှုတ်ထွက်ပေးခဲ့ရပြီးနိုက်ဂျီးရီးယားနိုင်ငံဆီ
ကိုထွက်ခွာခဲ့ရပါတယ်။ကုလသမဂ္ဂ က ချားလ်တေလာရဲ့လူသားတွေအပေါ်ကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက်
ဖမ်းဆီးအရေးယူဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ လောလောဆယ် နယ်သာလန်နိုင်ငံ“ဟိတ်”မြို့မှာတည်ရှိတဲ့
ကုလသမဂ္ဂရဲ့အကျဉ်းထောင်ထဲမှာချားလ်တေလာကိုဖမ်းဆီးထားပါတယ်။

နိုင်ငံရဲ့ကံကြမ္မာကိုသာမန်အမျိုးသမီးထုဟာပြောင်းလဲပစ်နိုင်စွမ်းရှိတယ်ဆိုတဲ့ယုံကြည်မှုကို
လိုက်ဘီးရီးရားနိုင်ငံရဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှုကသက်သေပြခဲ့ပါတယ်။ သောတရှင်များငြိမ်းချမ်းကြပါစေ။


နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ