လူထုနဲ့ပူးပေါင်းနိုင်တဲ့နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့အနာဂတ်

Wednesday, February 17, 2010, 11:06 PM

Post your comment Post Comment | Email this to your friend 0 comments


လူထုဆီကိုထိတွေ့ဆက်ဆံတဲ့အသွင်သဏ္ဍန်တခုကိုမပြောင်းလဲဘူးဆိုရင်
အဖွဲ့အစည်းတခုဟာ လူတွေဘယ်လောက်ပြောင်းပြောင်း၊အဆင့်အဆင့်တိုင်းမှာ ပြိုင်ဘက်တွေကို ရှုံးနှိမ့်တတ်ပါတယ်။
တောင်အာဖရိကလှုပ်ရှားမှုတုန်းက၊ညီညွတ်သောဒီမိုကရက်တစ်တပ်ဦးရဲ့လူထုစည်းရုံးရေးလုပ်ငန်းတွေ၊လှုပ်ရှားမှုတွေအကြောင်း
မိတ်ဆက်ပေးချင်ပါတယ်။ “လူထုနဲ့မနီးစပ်ဘူး” ဆိုရင် ကစားပွဲကိုဝင်ကစားဖို့သိတ်ခက်ပါလိမ့်မယ်။ အရှုံးနဲ့ပဲကြုံရတတ်ပါတယ်။

တောင်အာဖရိကလွတ်မြောက်ရေးတိုက်ပွဲအတွင်း အာဖရိကန်အမျိုးသားကွန်ဂယက် ( ANC) ရဲ့မြေအောက်လှုပ်ရှားမှုမှာ အဓိကပါဝင်ခဲ့သူတဦးဖြစ်တဲ့ “ဂျက်နက်ချယ်ရီ” နဲ့ တွေ့ဖြစ်ခဲ့တုန်းက သူမတင်ပြတဲ့အချက်တခု ကို စိတ်ဝင်စားခဲ့တယ်။
“ဂျက်နက်” က “ တကယ်တမ်းကျတော့ လက်နက်ကိုင်လှုပ်ရှားမှု ကို ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ အာဖရိကန်ကွန်ဂယက် ရဲ့ နောက်ပိုင်းလှုပ်ရှားမှုတွေမှာ ရေရာတိကျတဲ့အရာမရှိဘူး။ တောင်အာဖရိကစစ်တပ်အခြေစိုက်စခန်းတွေ၊ ရေနံပိုက်လိုင်းတွေကို ဖောက်ခွဲဖျက်ဆီးပစ်နိုင်ခဲ့ပေမဲ့ လူထုကို စံနစ်တကျ ဦးဆောင်လှုံ့ဆော်နိုင်စွမ်းမရှိခဲ့ဘူး” လို့ ဆိုတယ်။
ကျနော်က “အာဖရိကန်အမျိုးသားကွန်ဂယက် ရဲ့မြေအောက်လှုပ်ရှားမှု ကို ဦးဆောင်ခဲ့သူတွေကလည်းလူထုလှုပ်ရှားမှုထဲမှာ
ပါဝင်ဦးဆောင်ခဲ့တာမဟုတ်ဘူးလား” လို့ ပြန်လည်ဆွေးနွေးကြည့်ဖြစ်တယ်။
သူမ ဟာ အာဖရိကန်အမျိုးသားကွန်ဂယက်ရဲ့မြေအောက်လှုပ်ရှားမှုမှာ တလျောက်လုံးပါဝင်ခဲ့ပေမဲ့
၁၉၈၀ ကာလမှာတော့ ညီညွတ်သော ဒီမိုကရက်တစ်တပ်ဦးရဲ့အလံတော်အောက်မှာဝင်ရောက်ခဲ့ပြီး
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တယ်။ကျနော်မေးတဲ့မေးခွန်းကိုသူမက၊မငြင်းပါဘူး။
ဒါပေမဲ့--သူမ က ညီညွတ်သောဒီမိုကရက်တစ်တပ်ဦး ( UDF) ကို ကြိုက်နှစ်သက်တယ်။
လူထုလှုပ်ရှားမှု ကို စံနစ်တကျ လုပ်ကိုင်ခဲ့တဲ့အဖွဲ့ဖြစ်တယ် လို့ ဆိုတယ်။
တကယ်တော့ သူမ က လူဖြူတယောက်ပါ။ ဒါကြောင့်လည်း သူမရဲ့လူဖြူတွေကို အဓိကထားစည်းရုံးရမယ်ဆိုတဲ့ စိတ်ကူးကိုချပြခဲ့တယ်။
နောက်-- ၁၉၈၀ ကာလမတိုင်ခင်က မြေအောက်လှုပ်ရှားမှု ကို ခေါင်းဆောင်ခဲ့တဲ့ သူတွေရဲ့ လူထုစည်းရုံးရေးလုပ်ငန်းတွေ ကို ဆွေးနွေးဖြစ်ကြတယ်။ပေးဆပ်ရတဲ့နှစ်တွေ၊ ဘဝတွေ၊ သွေးတွေက အများကြီးပါ။ တခုမှ လွယ်လွယ်ကူကူမရခဲ့ပါဘူး။
လှုပ်ရှားမှုတွေ ဘာကြောင့်အောင်မြင်ခဲ့သလဲ။ ဘယ်အချက်တွေက အားကောင်းပြီး ဘယ်အချက်တွေက အားနည်းလဲ။ သူတို့ဘယ်လိုလုပ်ကြသလဲ---
ကျနော်တို့မြင်တဲ့ ထောင့်တထောင့် ကို ခင်းပြကြည့်ချင်ပါတယ်။လူထုကိုထိတွေ့၊ပေါင်းစည်း၊အချက်ပေးလိုက်တဲ့
လှုပ်ရှားမှုလေးအကြောင်းပါ။၁၉၈၀ကာလအတွင်း တောင်အာဖရိကနိုင်ငံပို့တ်အယ်လီဇဘက်မြို့နဲ့ကိတ်ပ်တောင်းမြို့ဆီက မြေအောက်လှုပ်ရှားမှုခေါင်းဆောင်တွေစီမံခဲ့ကြတဲ့ စီးပွားရေးသပိတ်မှောက်မှု အကြောင်းလေးပါ။
တောင်အာဖရိကနိုင်ငံအပေါ် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုအကြောင်းကိုတော့လူအများသိပြီးသားဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေ၊ အားကစားအသင်းတွေဆီမှာ ထိုးဖောက်ဝင်ရောက်ထားတဲ့သူတွေရဲ့အကြောင်း၊
သူတို့ဘယ်လိုပြင်ဆင်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုသိစေချင်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ညပိုင်း လွတ်လပ်တဲ့အာရှအသံမှာ လွှင့်ထုတ်ခဲ့တဲ့ဆောင်းပါလေးပါ။


ညီညွတ်သော ဒီမိုကရက်တစ်တပ်ဦး ( သို့မဟုတ်) ------------

“ အဲ့ဒီအိမ်ရှေ့မှာ ချွတ်ထားတဲ့ဖိနပ်တွေ၊ သွေးစွန်းနေတဲ့ အင်္ကျီတွေကိုမြင်ကတည်း က ငါ့ညီအကိုတွေဆိုတာ သိထားပြီးသားပါ” လို့
ဘုန်းတော်ကြီး ဒက်စမွန်တူးတူး က ပြောခဲ့ဘူးပါတယ်။
၁၉၈၀ကာလ၊တောင်အာဖရိကနိုင်ငံမှာ-သေဆုံးသွားသူတွေရဲ့ရုပ်အလောင်းတွေကိုသယ်ဆောင်လာတဲ့ အသုဘ အခမ်းအနားတွေဟာ
အသံလွှင့်ဋ္ဌာနတွေက နေ့စဉ်လွှင့်ထုတ်နေကျ ရာသီဥတုသတင်းတွေလိုဖြစ်ခဲ့ပါတယ်။ လမ်းမတွေမှာ မီးလောင်နေတဲ့ကားတွေ၊
ရဲတွေနဲ့လူငယ်တွေကြားက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုတွေ၊ ဖမ်းဆီးရိုက်နှက်မှုတွေ က လည်းမြင်တွေ့နေကျမြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
လူဖြူအစိုးရရဲ့အသားအရောင်ခွဲခြားဖိနှိပ်မှုအောက်မှာ အာဖရိကန်ပြည်သူတွေရဲ့ခံစားမှု ကို ဦးဆောင်တိုက်ပွဲဝင်ပေးတဲ့ အဖွဲ့အစည်းနှစ်ခုကတော့
(ANC) လို့ခေါ်တဲ့ အာဖရိကန်အမျိုးသားကွန်ဂယက်နဲ့ ညီညွတ်သောဒီမိုကရက်တစ်တပ်ဦး (UDF) အဖွဲ့တွေပဲဖြစ်ကြပါတယ်။
အာဖရိကန်အမျိုးသားကွန်ဂယက် က လက်နက်ကိုင်ပုန်ကန်မှု ကို အဓိကထား လုပ်ကိုင်ခဲ့ကြပြီး၊ ညီညွတ်သော ဒီမိုကရက်တစ်တပ်ဦးကတော့
မြေပေါ်လူထုလှုပ်ရှားမှု ကို ဦးတည်လုပ်ကိုင်ကြပါတယ်။ အဖွဲ့နှစ်ဖွဲ့လုံးရဲ့ခေါင်းဆောင်တွေ ရာချီပြီးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမဲ့၊ မြေအောက်ကို
ပုန်းလျှိုးရုန်းကန်လှုပ်ရှားနေကြတဲ့ခေါင်းဆောင်တချို့ဟာမြေပေါ်လူထုလှုပ်ရှားမှုအတွက် ဒေသဆိုင်ရာလူငယ်ခေါင်းဆောင်တွေကို
စံနစ်တကျမွေးထုတ်ပေးနိုင်ခဲ့တယ်။ ဒါကြောင့်လည်း ၁၉၈၀ ကာလ၊ ပို့အယ်လီဇဘက်မြို့ကလေးမှာ လူထုလှုပ်ရှားမှုတွေနဲ့ လူဖြူအစိုးရဆန့်ကျင်ပွဲတွေဟာ
(၁၀) လကျော်သက်တမ်းကိုရောက်ရှိလာခဲ့ပါတယ်။ တချို့ဒေသတွေမှာ၊လူမဲတွေက လူဖြူတွေရဲ့ဖိနှိပ်မှုကိုပုန်ကန်ပြီး သူတို့ရဲ့ရပ်ကွက်တွေကို
လွတ်မြောက်ဒေသအဖြစ်တည်ထောင်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အစိုးရယန္ဓရားတခုလုံးရပ်သွားအောင်ထိမစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။
တဘက်မှာတော့ နိုင်ငံတွင်းမှာမြေအောက်လှုပ်ရှားမှုကိုစီမံကွပ်ကဲနေတဲ့ခေါင်းဆောင်တွေဟာ ညီညွတ်သောဒီမိုကရက်တစ်တပ်ဦး ကို
ပြည်သူတွေထောက်ခံလာအောင်ကြိုးစားလုပ်ကိုင်ခဲ့ကြပါတယ်။ UDF လို့ခေါ်တဲ့ ညီညွတ်သော ဒီမိုကရက်တစ်တပ်ဦးမှာ ကျောင်းသား၊ အလုပ်သမား၊
အမျိုးသမီးရေးလှုပ်ရှားသူများ၊ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွေအပါအဝင်၊ ဒေသဆိုင်ရာ အဖွဲ့ပေါင်း (၄၀၀) ကျော်ပါဝင်ပါတယ်။
အဖွဲ့ဝင်ပေါင်း (၃) သန်းကျော်ထိတိုးချဲ့ဖွဲ့စည်းနိုင်လာတဲ့ ယူဒီအက် ဟာ ၁၉၈၃ ခုနှစ်မှာ လှုပ်ရှားမှုပုံသဏ္ဍန်အသစ် ကို စတင်လိုက်ပါတယ်။

မြေအောက်လှုပ်ရှားမှုမှာအစဉ်တစိုက်ပါဝင်လာခဲ့တဲ့ လူဖြူကျောင်းသူခေါင်းဆောင်တဦးဖြစ်သူ ဂျက်နက်ချယ်ရီ က
“ အခုပြဿနာ က လူဖြူလူမဲပြဿနာမဟုတ်ဘူး။ဒီနိုင်ငံဟာ အန္တရာယ်တွေကိုကာကွယ်တားဆီးမှု မစွမ်းဆောင်နိုင်တဲ့နိုင်ငံ၊ လုံခြုံမှုမရှိတဲ့နိုင်ငံအဖြစ်
ထုတ်ဖေါ်ပြောကြားပြီးလူဖြူအသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီးစည်းရုံးရမယ်” လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း ယူဒီအက်ဖ် က ဦးဆောင်ပြီး
၁၉၈၅ ခုနှစ်မှာ လူဖြူတွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုသပိတ်မှောက်ရင်းသူတို့ရဲ့ခံစားမှုကိုလူဖြူတွေနားလည်လာအောင်လှုံ့ဆော်စည်းရုံးကြဖို့
ဆုံးဖြတ်လိုက်ပါတယ်။
“ ဒီတိုက်ပွဲကရေရှည်ကြာမယ်။ ကျနော်တို့ လူမဲတွေ မြို့လည်ဈေး ကို ဈေးသွားမဝယ်ကြပဲ ကိုယ့်ရဲ့ရပ်ကွက်ထဲမှာ ဈေးဝယ်နိုင်ဖို့အတွက် ဆိုင်တွေကို အသင့်ဖြစ်အောင်ဖွင့်ထားကြမယ်။ ကိုယ့်အချင်းချင်းဈေးလျော့ပြီးရောင်းကြမယ်။”
ဒေသဆိုင်ရာခေါင်းဆောင်တွေရဲ့ပြင်ဆင်မှုကစံနစ်ကျပြီးလူထုကိုစည်းရုံးဦးဆောင်နိုင်ခဲ့ပါတယ်။ ပြည်သူတွေက သပိတ်မှောက်မှုကို
ရာနှုန်းပြည့်ပါဝင်ခဲ့တာကြောင့်၊ ပုံမှန်အချိန်ဆိုဈေးဝယ်တွေနဲ့ ပြည့်နှက်နေတဲ့ လူဖြူတွေဈေးဆိုင်တွေဟာ ခြောက်ကပ်တိတ်ဆိတ်သွားခဲ့ပါတယ်။
လူဖြူဈေးဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ပစ္စည်းတွေကိုဈေးလျော့ရောင်းခဲ့ကြပေမဲ့အရာမရောက်ခဲ့ပါဘူး။
သပိတ်မှောက်မှုဟာ နှစ်ပတ်နီးပါး ရောက်ရှိလာခဲ့ပါတယ်။ အစိုးရဟာ အရေးပေါ်အုပ်ချုပ်ရေးဥပဒေကိုပြဋ္ဌာန်းလိုက်ပြီး၊လက်နက်ကိုင်စစ်တပ်က
မြို့တော်နေရာအနှံ့ကိုဖြန့်ကျက်နေရာယူလိုက်ပါတယ်။ ခရီးသွားလာခွင့်တွေကိုကန့်သတ်လိုက်ပြီး၊ စစ်အုပ်ချုပ်ရေး ကို ကြေငြာလိုက်ပါတယ်။
ဒါပေမဲ့ ဆန္ဒပြပွဲတွေကရပ်တန့်မသွားခဲ့ပါဘူး။ အစိုးရကလည်းလှုပ်ရှားမှုမှာ ခေါင်းဆောင်ပါဝင်ခဲ့သူတွေကို ရာချီပြီးဖမ်းဆီးခဲ့ပါတယ်။
လူငယ်ခေါင်းဆောင် “မူဆယ်လီဂျက်” က
“ အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ ကို ပြဋ္ဌာန်းလိုက်ကတည်းက သူတို့ထိတ်လန့်နေကြပြီဆိုတာထင်ရှားနေပြီလေ။
သူတို့ကလည်း အသားအရောင်ခွဲခြားမှုမူဝါဒ ကို ဆက်လက်ဖေါ်ဆောင်ဖို့ကြိုးစား သလို၊ ကျနော်တို့ကလည်း အဲ့ဒီစံနစ် ကို ဆက်လက်တိုက်ဖျက်ဖို့ကြိုးစားရမယ်။ အောင်ပွဲဆီကိုကျနော်တို့ ရောက်တော့မယ် ” လို့ ယုံကြည်နေခဲ့ပါတယ်။
လူဖြူအစိုးရကလည်း သပိတ်မှောက်မှုမှာ ပါဝင်နေတဲ့သူတွေကိုဆက်လက်ဖမ်းဆီးခဲ့ပြီး တတိယပတ်လောက်မှာ အရောင်းအဝယ်တွေ
ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ် လို့ မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ အစိုးရထင်သလိုဖြစ်မလာပဲ ဆန္ဒပြသူတွေက သပိတ်လက်နက်ကို
ဆက်လက်ကိုင်စွဲထားကြပါတယ်။ သူတို့တောင်းဆိုချက်တွေကို မတ်လကုန်မှာ နောက်ဆုံးထားပြီးဖြည့်ဆည်ပေးရမယ်၊ မပေးခဲ့ဘူးဆိုရင်နောက်ထပ်သပိတ်မှောက်မှု အသစ်တွေကိုထပ်မံပြုလုပ်မယ် ဆိုတဲ့ရာဇသံကိုပေးပို့လိုက်ပါတယ်။
သမ္မတ“ဘိုသာ” ရဲ့လူဖြူအစိုးရကလည်း သပိတ်မှောက်ခေါင်းဆောင်တွေဟာအာဖရိကန်ကွန်ဂယက်နဲ့ဆက်နွယ်နေသူတွေ၊
ကွန်မြူနစ်လက်နက်ကိုင်သူပုန်တွေဖြစ်တယ် ဆိုတဲ့စွပ်စွဲချက်နဲ့အတူ၊ ဆန္ဒပြသူတွေကို ထောင်ချီပြီးဖမ်းဆီးပြန်ပါတယ်။
တဘက်မှာတော့ အာဖရိကန်ကွန်ဂယက် လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လူဖြူအစိုးရရဲ့ ရေနံတူးဖေါ်ထုတ်လုပ်တဲ့ပိုက်လိုင်းတွေကို
ဖောက်ခွဲတိုက်ခိုက်ကြပါတယ်။ ဆန္ဒပြသူတွေကလည်း သူတို့ဒေသတွေကို အုပ်ချုပ်နိုင်စွမ်းကင်းမဲ့နေတဲ့မြို့တွေအဖြစ်ပြုလုပ်နိုင်ခဲ့ပါတယ်။
တကမ္ဘာလုံးကလည်းတောင်အာဖရိကအသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေးကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြပြီး၊ သူတို့ရဲ့အစိုးရတွေဟာ
လူဖြူအစိုးရကိုဖိအားပေးမဲ့ စီးပွားရေးသပိတ်မှောက်မှုကိုပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းခဲ့ကြပါတယ်။ ကားထုတ်လုပ်ရေးကုမ္မဏီ၊တယ်လီဖုံးကုမ္မဏီ၊ ကိုကာကိုလာအချိုရည်လုပ်ငန်းတွေအပြင်၊ ကွန်ပြူတာလုပ်ငန်းနဲ့စက်မှုလုပ်ငန်းပိုင်ရှင်တွေကလည်းသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုဆုတ်ခွာလိုက်
ကြတဲ့အခါမှာတော့လူဖြူစီးပွားရေးသမားတွေနဲ့နိုင်ငံရေးသမားတွေဟာ သပိတ်မှောက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကြိုးစားလိုက်ပြီး
သမ္မတ“ဘိုသာ” ကိုရာထူးကနှုတ်ထွက်ပေးဖို့ဖိအားပေးခဲ့ကြပါတယ်။

သောတရှင်များခင်ဗျား
၁၉၉၄ ခုနှစ်မှာတော့ တောင်အာဖရိကနိုင်ငံသမ္မတသစ် “ဒီကလပ်” က နယ်လ်ဆင်မင်ဒဲလားအပါအဝင် ANC ခေါင်းဆောင်တွေကို အကျဉ်းစခန်းအသီးသီးကနေလွှတ်ပေးခဲ့ပါတယ်။ နောက်တနှစ်အကြာမှာ လူမဲတွေမဲပေးနိုင်တဲ့ရွေးကောက်ပွဲကိုကျင်းပပေးခဲ့ရပြီး မင်ဒဲလား ကို သမ္မတအဖြစ်ရွေးချယ်ခဲ့ကြ ပါတယ်။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကတော့

“အာဏာရှင်တွေကို တုန်လှုပ်ကြောက်ရွံ့သွားအောင်လုပ်နိုင်တဲ့အရာဟာ သေနတ်တွေဖြစ်တယ် လို့ လူတွေကထင်နေကြတယ်။
မဟုတ်ပါဘူးဗျာ။ ပြည်သူတွေက သူတို့ဟာ လွတ်မြောက်ချင်တယ် ဆိုတဲ့ ဆန္ဒကိုတိတိကျကျ ဆုံးဖြတ်လိုက်ကြတဲ့အခါ၊ သူတို့ကိုဘယ်သူမှတားမရနိုင်တော့ပါဘူး။ အဲ့ဒီအချိန်ကို အာဏာရှင်တွေက ကြောက်တာဗျ”

သောတရှင်တို့ရဲ့လွတ်မြောက်ချင်တဲ့ဆန္ဒတွေကိုဘယ်သူမှတားဆီးလို့ရမှာမဟုတ်နိုင်ပါဘူးလို့ယုံကြည်နေပါတယ် ခင်ဗျား။




နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ