၁၉၆၇ ဂရိနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတော့ အေသင်မြို့မှာတည်ရှိတဲ့ အမေရိကန်သံရုံးတာဝန်ခံ ဖိလစ်ပ် တော်လ်ဘော့တ် က
“ ဒီမိုကရေစီကို မုဒိမ်းကျင့်လိုက်ခြင်းဖြစ်တယ်” လို့ ကောက်ချက်ချခဲ့တယ်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရှုတ်ချဖို့အတွက် အေသင်မြို့ရဲ့စီအိုင်အေ အကြီးအကဲ ဂျက်မောရီ ( Jack Maury) ထံ ဖုံးဆက်ခဲ့တယ်။ “ ဂျက်” ရဲ့တုန့်ပြန်မှုက ကြက်သီးထစရာကောင်းတယ်။ “ ဖာသည်မတယောက်ကို ဘယ်လိုလုပ် မုဒိမ်းကျင့်မှာလဲ” တဲ့။
(၁)
ဥရောပချဲ့ထွင်ပေါင်းစည်းမှု ( European Integration) ဘာသာရပ်ကို လေ့လာခဲ့စဉ်က စာတမ်းလေးတခုတင်ခဲ့ဘူးတယ်။
ပေါ့တ်(စ)ဒမ် ညီလာခံ ကို တက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးတွက်ချက်မှုအကြောင်းပါ။ ဒီညီလာခံဟာ ၁၉၄၅ ဂျူလိုင်-
သြဂတ်စ် လအတွင်းမှာ ကျင်းပခဲ့တယ်။အချက် (၄) ချက်က ဒီညီလာခံတခုလုံးကို သံသယတွေနဲ့ချည်နှောင်ထားတယ်။
(၁) ဆိုဗီယက်ပြည်ထောင်စုဟာ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို လွှမ်းမိုးသိမ်းပိုက်လာတယ်။ တပ်နီဟာ ဘောလ်တစ်နိုင်ငံ၊
ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ရိုမေးနီးယား၊ ဘူဂေးရီးယား၊ ဟန်ဂေရီ နိုင်ငံတွေကို ထိန်းချုပ်လာနိုင်ခဲ့တယ်။ ကွန်မြူနစ်ခေါင်းဆောင်
စတာလင် က ပိုလန်မှာ ကွန်မြူနစ်အစိုးရကိုအသက်သွင်းလိုက်တယ်။
အမေရိကန်ပြည်ထောင်စုနဲ့ဗြိတိန်တို့က ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြတယ်။
(၂) ဗြိတိန်ရွေးကောက်ပွဲမှာ လေဘာပါတီခေါင်းဆောင်၊အက်တလီ က ပေါ့ဒ်(စ)ဒမ်ညီလာခံကို အာဂျင်တာအသစ်တွေ
သယ်ဆောင်လာခဲ့တယ်။
(၃) အမေရိကန်ပြည်ထောင်စု မှာ လည်း သမ္မတသစ် “ထရူးမင်း” ကို ရွေးချယ်လိုက်ကြတယ်။ ထရူးမင်း က စတာလင်ရဲ့ မြန်ဆန်သန်မာတဲ့အင်အားတွေကို ပြန်လည်ထိန်းချုပ်ရမယ်ဆိုတဲ့အတွေးအခေါ်နဲ့ ဒီညီလာခံကို ပုံဖေါ်ဖို့ပြင်ဆင်လိုက်တယ်။
(၄) ဆိုဗီယက်ခေါင်းဆောင်စတာလင် ကလည်း ဗြိတိန်နဲ့အမေရိကန်ပြည်ထောင်စုရဲ့ခြေလှမ်းတွေကို လုံးဝအယုံအကြည်မရှိဘူး။ အမေရိကန်ပြည်ထောင်စု က Atomic Bomb ကို စတင်စမ်းသပ်ခဲ့တယ်။
တကယ်တော့ ပေါ့ဒ်(စ်) ဒမ် ညီလာခံဆိုတာ ကွန်မြူနစ်ခေါင်းဆောင်နဲ့ လစ်ဘရယ်ဒီမိုကရေစီခေါင်းဆောင်တွေပေါင်းပြီး
ဂျာမဏီစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်သားတွေအဖြစ်အပြစ်ပေးရမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေအပါအဝင် စစ်အပြီး အခင်းအကျင်းကို ဘယ်လိုခွဲဝေကြမလဲဆိုတာကိုဆွေးနွေးခဲ့ကြတာဖြစ်တယ်။ ဒါပေမဲ့ စစ်အေးတိုက်ပွဲ ကို စတင်မဲ့ ခြေလှမ်းတွေကလည်း
အဲ့ဒီ ညီလာခံမှာ စတင်ခဲ့ကြတယ်။
(၂)
အီရန်နိုင်ငံမှာ တပ်စွဲထားတဲ့ ဆိုဗီယက်တပ်နီတော် က ဆုတ်ခွာမသွားခဲ့သေးဘူး။ အမေရိကန်သမ္မတ ထရူးမင်းက နေတိုးစစ်အုပ်စုရဲ့
ဆက်သွယ်ရေးလမ်းကြောင်းကို ဂရိနိုင်ငံ မှ နော်ဝေနိုင်ငံအထိ စက်ဝန်းလမ်းကြောင်းပုံစံတလျှောက်ဖြန့်ကျက်လိုက်တယ်။
ဂရိ၊ တူရကီ၊ အီရန်နိုင်ငံတွေဟာ ဆိုဗီယက်လွှမ်းမိုးမှုနိုင်ငံတွေအဖြစ်ကျရောက်မသွားဖို့အတွက် ထိန်းချုပ်တားဆီးမှုတွေကို စတင်လိုက်တယ်။ အထူးသဖြင့် ဂရိနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကွန်မြူနစ်သူပုန်ထမှုတွေကို ဆိုဗီယက်တွေရဲ့လက်ချက်အဖြစ်
ရှုမြင်ခဲ့ကြတယ်။ ဂရိ ၊ တူရကီ၊ အီရန်နိုင်ငံတွေမှာ စီအိုင်အေနဲ့လက်တွဲလုပ်နိုင်မဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအမာခံအင်အားစုတွေကို စုစည်းလိုက်တယ်။ ဒါကြောင့်လည်း ၁၉၆၇ ဂရိရွေးကောက်ပွဲမှာ လက်ဝဲအုပ်စုတွေအနိုင်ရတော့မယ်ဆိုတာကို သိနေတဲ့
အမေရိကန်ပြည်ထောင်စုဟာ ဂရိနိုင်ငံကို ကွန်မြူနစ်လက်အောက် မကျရောက်ရေးအတွက်၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ထောက်ခံအားပေးခဲ့တယ်။
(၃)
ဘယ်လို စိတ်ဓါတ်ဝိညာဉ်တွေ ၊ဘယ်လို နှလုံးသားတွေ၊
ဘယ်လို အလိုဆန္ဒရမက်ဇောတွေနဲ့ ငါတို့ရဲ့ဘဝတွေကို ရှင်သန်ကြမှာလဲ တဲ့
(၁၉၆၃) ခုနှစ် ဂရိနိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျော့ ဆက်ဖာရက် ရဲ့“ငြင်းဆန်မှု”ကဗျာမှာ ပါတဲ့ စာကြောင်းလေးတွေပါ။
သူက စစ်အာဏာရှင်တွေကို ဆန့်ကျင်ကြဖို့ တက်တက်ကြွကြွနိုးဆော်ခဲ့သူဖြစ်တယ်။ ဥရောပသသမဂ္ဂထဲမှာ တူရကီကို
အဖွဲ့ဝင်အဖြစ်လက်ခံ၊ မခံ ငြင်းခုန်ကြတုန်းက ဂျော့ ဆက်ဖာရက် ရဲ့ ကဗျာကို ဥရောပပေါင်းစည်းရေးစာသင်ခန်းထဲမှာ
ဝေငှကြည့်ခဲ့ဘူးတယ်။ ဥရောပ သမဂ္ဂမှာ အဖွဲ့ဝင်နိုင်ငံဖြစ်ချင်တယ်ဆိုရင် တူရကီနိုင်ငံဟာ အာဏာရှင်ဆန်တဲ့နိုင်ငံရေးကို စွန့်လွှတ်ရမယ် ဆိုတဲ့တောင်းဆိုမှုတခုပါတယ်။ ဒါဆို ၁၉၆၇ တုန်းက ဂရိစစ်အာဏာသိမ်းခေါင်းဆောင်တွေကိုနေတိုးစစ်အုပ်စုက လက်ခံထားခဲ့တာဟာ ဥရောပလူ့အခွင့်အရေး သဘောတူညီမှုကို ချိုးဖောက်တာဖြစ်တယ် လို့အားလုံးက တညီတညွတ်တည်းသဘောတူကြတယ်။
ဒါပေမဲ့ လူ့အခွင့်အရေးကိစ္စတွေ ဆိုတာ နိုင်ငံခြားရေးပေါ်လစီတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင
်ဒုတိယအတွေးလောက်သာတည်ရှိနေတာဖြစ်တယ်။ နိုင်ငံခြားရေးမူဝါဒဆိုတာ မိမိတိုင်းပြည်အကျိုးစီးပွားအတွက်
အသက်တမျှအရေးကြီးတဲ့အရာဖြစ်တယ်။ သူများနိုင်ငံခြားရေးမူဝါဒအပြောင်းအလဲတွေပေါ်မှာ ဝမ်းနည်းနေချိန်မရှိ တဲ့။
ဂရိပြည်သူတွေသူတို့ဘာလုပ်ရမယ်ဆိုတာ ကို သဘောပေါက်နေကြတယ်။ ဂရိရုပ်ရှင်အနုပညာရှင်တွေကလည်း
“ Your Neighbor’s Son” ဆိုတဲ့ ရုပ်ရှင်ကားကိုဖန်တီးလိုက်ကြပြီး ဂရိစစ်ရဲတွေရဲ့ရက်စက်မှုတွေအကြောင်းဖေါ်ထုတ်ပြကြတယ်။
ဒါပေမဲ့ ဒီရုပ်ရှင်တွေကို ဂရိနိုင်ငံမှာ ပြသခွင့်မပြုခဲ့ဘူး။ ဂရိစစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေ ပိုမိုပြင်းထန်လာခဲ့တယ်။
နေတိုးစစ်အုပ်စုနဲ့ ကင်းလှည့်ထွက်နေတဲ့ ဂရိစစ်အရာရှိတွေ စစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံကို မပြန်တော့ဘူးလို့ကြေငြာလိုက်ကြ
တယ်။နိုဝင်ဘာ လ မှာ ဂရိစက်မှုတက္ကသိုလ်ကျောင်းသားတွေ သူတို့ရဲ့တက္ကသိုလ်နယ်မြေတခုလုံးကို သိမ်းပိုက်ဆန္ဒပြလိုက်ကြတယ်။
ဒီတပတ် လွတ်လပ်တဲ့အသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ဂရိနိုင်ငံက စစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဂုဏ်ပြုဆွေးနွေးထားပါတယ်။
နိုဝင်ဘာ အုံကြွမှု (သို့မဟုတ်) ပိတ်ဆို့မှုတွေကို တားဆီးထိုးဖောက်မည့်သူများ
“ ဒဏ်ရာရနေတဲ့ ရှေ့တန်းတပ်ဦးမှာ ဝိညာဉ် ကို ချိုမြစွာနဲ့လွတ်မြောက်မှုပေးပြီး အပြုံးတွေထဲလွှင့်တင်လိုက်ကြတယ်”
သောတရှင်များခင်ဗျား
၁၉ ရာစု ဂရိကဗျာဆရာ ဆိုလိုမော့စ် ရဲ့ “ ဝိုင်းရံပိတ်ဆို့မှုတွေဆီမှ လွတ်မြောက်ရေး” ဆိုတဲ့ ကဗျာကိုဖတ်ဖူးမိကြပါလိမ့်မယ်။ အော်တိုမန်အင်ပါယာစစ်တပ်ရဲ့ဝိုင်းရံပိတ်ဆို့မှုကို အညံ့မခံလက်နက်မချပဲ ပြန်လည် ခုခံခဲ့ကြတဲ့ ဂရိလွတ်လပ်ရေးတိုက်ပွဲဝိညာဉ်တွေအကြောင်း
ရေးဖွဲ့ခဲ့တာမို့ ကမ္ဘာကျော်ခဲ့ပါတယ်။တကယ်တော့ ဂရိနိုင်ငံဆိုတာ အနောက်တိုင်းယဉ်ကျေးမှုနဲ့ ဒီမိုကရေစီအတွေးအခေါ်မွေးဖွားထွန်းကားရာ
နေရာတခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့သလို လွတ်လပ်စွာတွေးခေါ်ရှင်သန်မှုတွေကိုအဆုံးသတ်ပစ်မဲ့အဖြစ်အပျက်တွေက
၁၉၆၇ ခုနှစ် ဧပြီလ (၂၁) မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ အေသင်မြို့ရဲ့အဓိကအချက်အချာကျရာလမ်းမတွေပေါ်မှာ
တင့်ကားတွေကနေရာယူလိုက်ကြပြီးအသံလွှင့်ရုံဆီမှာ စစ်သီချင်းတွေ ဆူညံလာခဲ့ပါတယ်။
“ အရာအားလုံးကို ငါတို့ဆုံးဖြတ်တယ်။ ငါတို့အမိန့်ပေးမယ် ဆိုတဲ့မိန့်ခွန်းတချို့က သီချင်းသံတွေကြားမှာ ဖြတ်ဖြတ်ပြီးဝင်လာတယ်။
စစ်အာဏာသိမ်းတယ်ဆိုတာကို တရားဝင်ကြေငြာလိုက်တယ်။ကျနော်တို့ ဂရိနိုင်ငံဟာ၁၉၄၄ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပေမဲ့
ကွန်မြူနစ်နဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအင်အားစုတွေကြားမှာ ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကြောင့်နိုင်ငံရေးမတည်ငြိမ်ခဲ့ဘူး။
၁၉၆၇ မှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်ထားခဲ့ပေမဲ့ အဲ့ဒီရွေးကောက်ပွဲမှာ လက်ဝဲအုပ်စုတွေနဲ့မဟာမိတ်လုပ်ထားတဲ့
နိုင်ငံရေးသမားတချို့အနိုင်ရနိုင်တယ်။ တိုင်းပြည်ဟာ ကွန်မြူနစ်တွေလက်ထဲ ကျရောက်သွားနိုင်တယ်ဆိုတဲ့
စိုးရိမ်စိတ်ရှိသူ စစ်အရာရှိတွေက အာဏာသိမ်းဖို့ကြံစည်နေခဲ့ကြတယ်လေ။”
စစ်ခေါင်းဆောင် ပါပါဒိုပေါလော့စ် အပါအဝင် ဗိုလ်မှူးသုံးယောက်က ဦးဆောင်ပြီး ဂရိနိုင်ငံရဲ့စစ်ဗိုလ်ချုပ်အကြီးအကဲ နဲ့ ဝန်ကြီးချုပ်ကို စတင်ဖမ်းဆီးပစ်လိုက်ပါတယ်။ ထင်ရှားတဲ့နိုင်ငံရေးသမားတွေနဲ့ ကွန်မြူနစ်တွေနဲ့ နီးစပ်သူတွေလို့ ယူဆရသူ ပြည်သူ တသောင်းနီးပါးကို
အေသင်မြို့ပြင်က အဆောက်အဦတွေမှာဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ စစ်ကြောရေးစခန်းတွေမှာ လူတွေကို လက်သည်းခွံ၊
ခြေသည်းခွံခွာနှိပ်စက်မှုတွေအပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့စစ်ကြောနည်းတွေဟာ မြို့တော်တွေမှာ နားနဲ့မဆန့်အောင်
ကြားနေခဲ့ရပါတယ်။ ဒါကြောင့်လည်း စက်ကန်ဒီနေးဗီးယန်းနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊နော်ဝေ၊ဆွီဒင်၊နယ်သာလန်နိုင်ငံတွေက ဥရောပနိုင်ငံ
လူ့အခွင့်အရေးသဘောတူညီမှုတွေကို ချိုးဖောက်နေတယ် လို့ စွပ်စွဲလိုက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချခဲ့ကြပါတယ်။
“ စစ်အေးတိုက်ပွဲကာလလေဗျာ။ ဂရိနိုင်ငံမှာ စစ်အာဏာရှင်တွေ ကြီးစိုးလာပြီဆိုတာသိနေပေမဲ့ အမေရိကန်နဲ့အနောက်အုပ်စုအတွက်တော့
ဂရိ နဲ့ အီရန်နိုင်ငံကို ဆိုဗီယက်ကွန်မြူနစ်တွေရဲ့ လွှမ်းမိုးကျူးကျော်မှုထဲမှာ ကျရောက်မသွားဖို့ ပို အရေးကြီးတယ်မို့လား”
စစ်အာဏာသိမ်းအစိုးရရဲ့ရက်စက်ဖိနှိပ်မှုကိုသိနေပေမဲ့ နေတိုးစစ်အုပ်စုဟာ ဂရိနိုင်ငံကိုအဖွဲ့ဝင်နိုင်ငံတနိုင်ငံအဖြစ်ဆက်လက်ထားရှိခဲ့ပါတယ်။
ဒါကြောင့်လည်း စစ်ခေါင်းဆောင် ပါပါဒိုပေါလော့စ်ရဲ့အစိုးရဟာ အာဏာတည်မြဲနေခဲ့ပါတယ်။ ဂရိပြည်သူတွေဟာ နိုင်ငံတကာရဲ့
ရပ်တည်ချက်သဘောထားတွေကို မနှစ်မြိုစွာခံစားခဲ့ကြပေမဲ့ အားလျော့စိတ်ပျက်မှုမဖြစ်ခဲ့ကြပါဘူး။
၁၉၆၈ မှာ ဒီမိုကရက်စီရေးခုခံကာကွယ်မှုအပါအဝင် စစ်အစိုးရဆန့်ကျင်ရေးအင်အားစုတွေဟာ ပြည်တွင်းပြည်ပမှာ အားကောင်းလာခဲ့ပါတယ်။
“ စာပေနဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရခဲ့တဲ့ ဂီယိုဂေါ့စ် ဆက်ဖာရစ် လိုပုဂ္ဂိုလ်တွေက အစ ဘီဘီစီအင်တာဗျုးတခုမှာ
ဒီလိုမှားယွင်းမှုတွေကို ရပ်ဆိုင်းပစ်ရမယ် ဆိုပြီး စစ်အာဏာရှင်တွေကို ဆန့်ကျင်ကြဖို့ ပြတ်ပြတ်သားသားပြောခဲ့တယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးကို သူမမြင်လိုက်ရဘူး။ကွယ်လွန်သွားခဲ့တယ်။ သူ့ရဲ့ဈာပနအခန်းအနားမှာ သောင်းချီနေတဲ့လူထုဟာ
ချီတက်ဂါရဝပြုလိုက်ကြပြီးစစ်အစိုးရရဲ့ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့သူ့ရဲ့စကားလုံးတွေကို လက်ဆင့်ကမ်းအော်ဟစ်လိုက်ကြတယ်”
ဂရိအနုပညာရှင်တွေရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေက အားပြင်းလာခဲ့ပါတယ်။
အတိုက်အခံနိုင်ငံရေးခေါင်းဆောင်ကိုလုပ်ကြံသတ်ဖြတ်မှုကို ဖေါ်ထုတ်တင်ပြထားတဲ့ “ဇီ” ရုပ်ရှင်ကား၊ လူငယ်တွေကို ဂရိစစ်ရဲအဖွဲ့အတွင်းမှာ အဖွဲ့ဝင်အဖြစ်ဆွဲသွင်းပြီး စစ်ကြောရေးစခန်းတွေမှာ လူထုကိုနှိပ်စက်စစ်ကြောနေတဲ့ဖြစ်ရပ်တွေကို “သင့် အိမ်နီးနားချင်းရဲ့သား” ရုပ်ရှင်ကားတွေကို ဖန်တီးကြပြီး စစ်အစိုးရရဲ့ဖိနှိပ်မှုတွေကိုဖွင့်ချကြပါတယ်။ ဂရိအစိုးရက အဲ့ဒီရုပ်ရှင်တွေကို ပြည်တွင်းမှာ ပြသခွင့်မပြုခဲ့ပါဘူး။
“ ဂရိလွတ်မြောက်ရေးလှုပ်ရှားမှုတိုင်းမှာ ကျောင်းသားတွေဟာ တက်တက်ကြွကြွပါဝင်လေ့ရှိတယ်။
စစ်အာဏာသိမ်းအစိုးရရဲ့ကျောင်းသားသမဂ္ဂဖွဲ့စည်းမှုကို ပိတ်ပင်တားဆီးထားတာကြောင့် ၁၉၇၀မှာ တက္ကသိုလ်ကျောင်းသားတဦး ကိုယ့်ကိုယ်ကို
သတ်သေဆန္ဒပြခဲ့ဘူးတယ်။ ၁၉၇၃ မှာ စစ်အာဏာရှင်တွေက သတင်းလွတ်လပ်ခွင့်အပါအဝင် လူထုရွေးချယ်တင်မြောက်တဲ့
အရပ်သားအစိုးရစံနစ်ဆီကိုပြန်သွားမယ်လို့ကြေငြာလိုက်တယ်။ အေသင် စက်မှုတက္ကသိုလ်ကျောင်းသားတွေဟာ အစိုးရရဲ့
တက္ကသိုလ်ကျောင်းတွေမှာမတရားသဖြင့်ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ဝေဖန်ဆန့်ကျင်ပြီး ဆန္ဒပြကြတယ်။ တက္ကသိုလ်ကျောင်းဝင်းတခုလုံးကို သိမ်းပိုက်ထားလိုက်ကြတယ်။ စစ်အစိုးရကလည်းကျောင်းဝင်းတခုလုံးကို ပိတ်ဆို့ဝိုင်းရံထားလိုက်တယ်လေ။
ဂရိစက်မှုတက္ကသိုလ်ကျောင်းသားတွေဟာသူတို့ကိုယ်သူတို့ “ပိတ်ဆို့မှုကိုလွတ်မြောက်အောင်လုပ်မည့်သူများ” လို့ကြွေးကြော်လိုက်ကြပြီး၊
စစ်အစိုးရကို အာခံလိုက်ကြတယ်။ ထင်ရှားတဲ့ သတင်းသမားတွေ၊ အလုပ်သမားတွေလည်း ကျောင်းသားဆန္ဒပြပွဲဆီ
လာရောက်ပူးပေါင်းဟောပြောကြတယ်”
စစ်အစိုးရကလည်း တက္ကသိုလ်နယ်မြေတခုလုံးကိုတင့်ကားတွေနဲ့ချီတက် သိမ်းပိုက်လိုက်ပါတယ်။
အကြမ်းဖက်ဖြိုခွဲတာကြောင့် လူ (၄၃) ယောက်ကျော်သေဆုံးခဲ့ပါတယ်။ ဂရိတက္ကသိုလ်ကျောင်းသားအုံကြွမှုအပေါ်ရက်စက်စွာ
နှိမ်နှင်းခဲ့မှုကြောင့် အချို့စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့အစိုးရကို စိတ်ပျက်လာခဲ့ကြပါတယ်။ ဒါကြောင့်လည်း နေတိုးစစ်အုပ်စုနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ကင်းလှည့်ခဲ့သူနီကိုးလပ်စ် ပက်ပါစ် နဲ့ ဂရိစစ်သားတွေ စစ်အစိုးရကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ နိုင်ငံကိုပြန်မလာ
တော့ဘူးဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။
သောတရှင်များခင်ဗျား
ဂရိအစိုးရဟာ ပြည်တွင်းနိုင်ငံရေးမငြိမ်သက်မှုတွေကို ဖြေရှင်းနေရချိန်မှာ အန္တရာယ်ဆိုးတခုကိုထပ်မံရင်ဆိုင်လိုက်ရပါတယ်။
တူရကီ စစ်တပ်ဟာ ဆိုက်ပရပ်စ်ကျွန်းကို ဝင်ရောက်ကျူးကျော်တိုက်လိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။
လူမျိုးစုအရေးနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံနဲ့ဖြစ်ပွားရမဲ့စစ်ပွဲအပေါ်မှာအမြင်တွေကွဲခဲ့ကြပြီး ဂရိနိုင်ငံရဲ့စစ်အစိုးရဟာ နိုင်ငံကို
ဆက်လက်အုပ်ချုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ နောက်တက်လာတဲ့အရပ်သားအစိုးရက ၁၉၆၇ စစ်အာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့
ဗိုလ်မှူး (၃) ယောက်လုံးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်အသီးသီးအပြစ်ပေးခဲ့ကြပါတယ်။
သောတရှင်တို့လည်း မှားယွင်းမှုတွေကို ပြန်လည်တည့်မတ်ပေးနိုင်တဲ့သူတွေဖြစ်ကြပါစေ။
အောင်မိုးဝင်း
0 comments:
Post a Comment