သံသယစိတ်ကို တုန့်ပြန်ကြသူများ

Saturday, May 19, 2012, 6:30 PM

Post your comment Post Comment | Email this to your friend 0 comments
နေအောင်အောက်မှာ အသစ်အဆန်းတခုမှ မရှိပါဘူး။ လမ်းမတွေအားလုံး ရောမမြို့ဆီကို သွားတယ်။ လူတွေက မင်းကိုဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။ ငါ ကလည်း မင်းကို လှုပ်နိုးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းဘာသာနိုးထ နိုင်ပါတယ်။ ငါက မင်းကို ကုစားပေးနိုင်မှာ မဟုတ်ဘူး။ မင်းဘာသာ မင်း ကုစားနိုင်ပါတယ်” ဂျွန်လင်နွန် ( The Beatles ) ၂၀၀၀ ခုနှစ်မှာ ဂျွန်လင်နွန်ရဲ့ ရုပ်ထုကြီးကို ကျူးဘားနိုင်ငံရဲ့ ဟားဗားနားပန်းခြံရှေ့မှာ တည်ဆောက်ခွင့်ရခဲ့တယ်။ ရုပ်ထုဖွင့်ပွဲကို ရှေ့ဆုံးတန်းက လာရောက်ထိုင်ကြည့်နေသူက ကျူးဘားနိုင်ငံခေါင်းဆောင် ဖီဒယ်ကပ်စထရို ။ ဂျွန်လင်နွန် ရဲ့ ရုပ်ထု ကို တွေတွေကြီးစူးစိုက်ကြည့်နေတဲ့ ကပ်စထရို ရဲ့ မျက်လုံးအိမ်ထဲမှာ၊အတိတ်ရဲ့သွေးညှီနံ့တွေ၊ နာကျင်မှုတွေ နဲ့ ခြိမ်းခြောက်မှုတွေ၊ ရီဝေကွဲအက်စွာ တည်ရှိနေမှာ အမှန်ပဲ။ “ မနေ့ကပဲ ကျနော့ကို ခရူးရှက်က ဖုံးဆက်ပြောတယ်။ သူတို့ရဲ့ဆိုဗီယက်ရေတပ်ဟာ နောက်ကိုပြန်ဆုတ်သွားမှာ မဟုတ်ဘူး လို့ ဆိုတယ်။ ကျနော်တို့ ကျူးဘားနိုင်ငံတွင်းမှာလည်း ရောက်ရှိလာတော့မဲ့ ဒုံးပျံတွေအတွက် ပြင်ဆင်နေကြတဲ့ ရဲဘော်တွေကလည်း စိတ်အားတက်ကြွ လို့၊ ဟော- ခုတော့ ဆိုဗီယက်ရေယာဉ်တွေ ပြန်လည်ဆုတ်ခွာသွားပြီ” တဲ့ ဖီဒယ်ကပ်စရို ရဲ့ အင်တာဗျူးတခုမှာ နာနာကျင်ကျင်ခံစားနေရတာကို တွေ့နေရတယ်။ ကျူးဘားဒုံးပျံ ပြဿနာကိုပြန်လေ့လာကြည့်မယ်ဆိုရင် ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်က ဖီဒယ်ကယ်စထရို နဲ့ ကျူးဘားကွန်မြူနစ် တွေကို သစ္စာဖောက်ခဲ့သလို၊ အမေရိကန်သမ္မတ ဂျွန်အက် ကနေဒီ ကလည်း ကပ်စထရို အစိုးရကို ဆန့်ကျင်တော်လှန်တဲ့ ကျူးဘားဒီမိုကရက်တစ်အင်အားစုတွေကို သစ္စာဖောက်ခဲ့တယ်။ တတိယကမ္ဘာ နိုင်ငံတွေမှာတော့ ပြည်တွင်းစစ်ပွဲတွေ အရှိန်မြင့်လာခဲ့ပြန်တယ်။ သစ္စာဖောက်ခံရမှုတွေနဲ့ အကြိမ်ကြိမ်နိုးလာတဲ့ “ဟားဗားနား” မြို့ဆီမှာတော့ ကားလ်မာက္ခ် စိတ်ကူးယဉ်ခဲ့သလိုမျိုး တည်ဆောက်လို့ မရနိုင်ဘူး ဆိုတာကို လက်တွေ့ဘဝအတွေ့အကြုံတွေက သက်သေပြခဲ့တယ်။ စာမျက်နှာတွေပြောင်းသွားခဲ့တယ်။ ကျူးဘားတော်လှန်ရေးလုပ်ဖေါ်ကိုင်ဘက်တချို့ ထောင်ဒဏ်နှစ်ရှည်တွေကျသွားတယ်။ တချို့ ပစ်သတ်ခံခဲ့ရတယ်။ “ပြည်သူ့ ဒီမိုကရေစီ” ဆိုတဲ့စကားလုံးရဲ့နောက်ကွယ်မှာ သံသယသွေးတွေ ထင်စွန်းနေတယ်။ တခါတုံးက ဖီဒယ်ကပ်စထရို ရဲ့ ကမ္ဘာကျော်တရားခွင်လျှောက်လှဲချက်များ ကို ဖတ်ပြီး မတရားမှုကို ရှုတ်ချဖို့ အတွက် လမ်းမပေါ် ထွက်လာခဲ့ဘူးတဲ့ ကျနော်တို့ တတွေ၊ အနှစ် (၂၀) ကျော်လာတဲ့အခါမှာတော့ လူထုနဲ့ဝေးသွားတဲ့ တော်လှန်ရေးသမားတချို့ကို ထိပ်တိုက်ပြန်တွေ့လိုက်ကြတယ်။ ကျူးဘားနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ ဘဝပျက်နေတဲ့သူတွေရှိတယ်။ ရန်သူကို လက်ညှိုးထိုးရမယ်ရှာပြီး ကိုယ့်အချင်းချင်း အပြတ်ရှင်းကြတဲ့ လက်ဦးမှုယူ ဂုဏ်သိက္ခာဖျက်ပွဲတွေရှိတယ်။ မြိ့ပြင်မှာ ရက်ရက်စက်စက် ပစ်ချခံခဲ့ရတဲ့ အမျိုးသမီးတချို့ရှိတယ်။ လွတ်လပ်တဲ့ အာရှအသံရဲ့ စက်တင်ဘာ (၆) ရက်၊ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တက်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။ သောတရှင်များခင်ဗျား The Beatles တေးဂီတ အဆိုတော် ဂျွန်လင်နွန် ရဲ့ “စစ်ပွဲတွေနောက်ထပ်အလိုမရှိတော့” အဆိုအမိန့်တွေကို မှတ်မိကြပါလိမ့်မယ်။ ၂၀ ရာစုကို ဆွဲကိုင်လှုပ်ရမ်းနိုင်စွမ်းရှိတဲ့သူတို့ရဲ့ အနုပညာဖန်တီးမှုဟာ ဆယ်ကျော်သက်လူငယ်တွေကို အရူးအမူးစွဲလန်း စေနိုင် ခဲ့ပါတယ်။ ဒါပေမဲ့ ကျူးဘားနိုင်ငံမှာတော့ ၁၉၆၀- ၂၀၀၀ ကာလထိ The Beatles ၊ ရိုးလင်းစတုန်းအပါအဝင် အနောက်တိုင်း ရော့ခ် ဂီတတွေကို ပိတ်ပင်တားဆီးခဲ့ပါတယ်။ “ ၁၉၅၉ ကျူးဘားတော်လှန်ရေးက အစဦးမှာတော့ စိတ်လှုပ်ရှားစရာတွေ၊ အားတက်ဂုဏ်ယူဘွယ် တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ကျူးဘားအာဏာရှင်ဘာတစ္စတာ အစိုးရကို အန်တုစိန်ခေါ်တဲ့ ဖီဒယ်ကပ်စထရို ရဲ့ ကမ္ဘာကျော်တရားခွင်လျှောက်လဲချက်တွေ၊ ချီကွေဘားရား နဲ့ နိုင်ငံတကာ တော်လှန်ရေးဝါဒီတွေရဲ့ နယ်ချဲ့စံနစ်ကိုဖြိုချဖို့ကြိုးစားခဲ့တာတွေ၊ အာဖရိက၊ လက်တင်အမေရိက နဲ့ အာရှတိုက်ဆီကို ရိုက်ခပ်ကူးစက်ခဲ့တဲ့ လွတ်မြောက်ရေးလှိုင်းတွေ- ကျနော်တို့ ကျွန်းနိုင်ငံအသေးလေးကနေ အဖိနှိပ်ခံနေရသူတွေရဲ့ ဝိညာဉ်တွေကို ရိုက်နိုးခဲ့ကြတယ်” ဖီဒယ်ကပ်စထရိုကို လုပ်ကြံရေး၊ ကျူးဘားမစ်ဆိုင်းအကြပ်အတည်းနဲ့ စစ်အေးကာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တတိယနိုင်ငံတွေဆီက ပြည်တွင်းစစ်ပွဲတွေဟာ သင်ခန်းစာယူစရာ အကောင်းဆုံး ပြယုဒ်တွေ ဖြစ်လာခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးဆေးပေးခန်းတွေ နဲ့ လူမှုဖူလှုံရေးလုပ်ငန်းတွေမှာ ဂုဏ်သိက္ခာနဲ့ ကျော်ကြားခဲ့တဲ့ ကျူးဘားနိုင်ငံဟာ ဆိုရှယ်လစ်ခရီးလမ်းကို ဖြောင့်ဖြူးညင်သာစွာ သွားနိုင်သယောင်ယောင်ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွား အပြီးမှာတော့ ကျူးဘားနိုင်ငံလည်း အထွေထွေ အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ ကျူးဘားခေါင်းဆောင် ဖီဒယ်ကပ်စထရိုဟာ သူရဲ့ ငြိုးသူရန်ဘက်ဖြစ်တဲ့ အရင်းရှင်ကမ္ဘာဆီက ကြံစည်မှုတွေကို ကြောက်လန့်တကြားတုန့်ပြန်ရင်း၊ သူ့ရဲ့လုပ်ဖေါ်ကိုင်ဘက်တွေအပေါ်မှာလည်း သံသယစိတ်နဲ့ဆက်ဆံ၊ လူထုကို ပိုမိုဖိနှိပ်တဲ့ ကြိုးနီ ပေါ်လစီတွေကို သုံးလာခဲ့ပါတယ်။ “ ဆိုဗီယက်ပြည်ထောင်စုမှာ မီဟိုင်းဂေါ်ဗာချော့ရဲ့ ပွင့်လင်းမှုနဲ့ စီးပွားရေးအဆောက်အဦကို ပြန်လည်ပုံဖေါ်တဲ့ လုပ်ငန်းတွေ စတင်လိုက်ကတည်းက ကပ်စထရို နဲ့ သူ့ရဲ့လုပ်ဖေါ်ကိုင်ဘက်တွေကြားမှာ အယူအဆတွေကွဲပြားလာခဲ့တယ်။ ကျူးဘားကွန်မြူနစ်ခေါင်းဆောင်တွေထဲမှာလည်း လူထုအသံကို လေးလေးစားစားနားထောင်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ချင်သူတွေရှိနေပါတယ်။ ဒါပေမဲ့ ဒီလိုသဘောထားပေးသူတွေ “ တန်ပြန်တော်လှန်ရေးသမားတွေ” ဆိုပြီး၊ ဖမ်းဆီးခဲ့ပါတယ်။ ကွန်မြူနစ်ကမ္ဘာပြိုကွဲမှုနဲ့အတု ဖီဒယ်ကပ်စထရို ရဲ့ တော်လှန်ရေးအပေါ် သစ္စာဖောက်မှုတွေကလည်း စတင်လာခဲ့ပါတယ်။ အဆိုးဆုံးလုပ်ရပ်ကတော့ ကျူးဘားတော်လှန်ရေးကို အသက်ထပ်ပြီး ယုံယုံကြည်ကြည်လုပ်ဆောင်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီး အော့ချိုရာ ကို မတရားသဖြင့်စွပ်စွဲပြီး သတ်ဖြတ်အပြစ်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ အော့ချိုရာ ဟာ အာဖရိက၊ အာရှ တိုက်ဆီက လွတ်မြောက်ရေး ပျောက်ကြားတပ်တွေကို စစ်သင်တန်းပေးခဲ့သူ၊ ကျူးဘားနိုင်ငံကို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူအဖြစ် ဂုဏ်သတင်းမွှေးခဲ့ပါတယ်။ ကပ်စထရိုဟာ သူ့အတွက် အန္တရာယ်အရှိဆုံးသူအဖြစ်မြင်လာခဲ့တာကြောင့် ခုလိုလက်ဦးမှုယူ သုတ်သင်ရှင်းလင်း လိုက်ခြင်း ဖြစ်ပါတယ်။ တန်ပြန်တော်လှန်ရေးသမားအဖြစ်စွပ်စွဲခံရပြီး ပစ်သတ်ခံသူပေါင်း တသောင်းခွဲကျော်ရှိခဲ့တယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲ ချင်သူတွေရဲ့ ဆန္ဒကို ထိန်းချုပ်လို့မရခဲ့ပါဘူး။ ၁၉၉၄ မှာ “မော်လီကွန်နာဇို” လူထုအုံကြွမှုဟာ ကပ်စရိုကို ထိတ်လန့်စေခဲ့ပါတယ်။ ကျူးဘားပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်လာပြီး၊ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆော်သြခဲ့ပါတယ်။ ဒါပေမဲ့ ကျူးဘားကွန်မြူနစ်ပါတီဟာ ပစ်ခပ်ဖြိုခွဲမှုတွေနဲ့ အဖြေပေးခဲ့ပါတယ်။ “ အီရတ်စစ်ပွဲ နဲ့ အာဏာရှင် ဆဒမ်ဟူစိန် ကျဆုံးမှုဟာ ကျူးဘားပြည်သူတွေကို အားတက်စေခဲ့တယ်။ ဒါကြောင့်လည်း ၂၀၀၃ ခုနှစ် စက်တင်ဘာလမှာ ကျူးဘားနိုင်ငံရဲ့ ထင်ရှားတဲ့ သတင်းစာဆရာတွေ၊ အနုပညာသည်တွေဦးဆောင်ပြီး ပွင့်လင်းလွတ်လပ်တဲ့ နိုင်ငံရေးစံနစ်တခုကို ပြောင်းလဲပေးဖို့ တောင်းဆိုလှုပ်ရှားခဲ့ကြပြန်တယ်။ ဒါပေမဲ့ ကပ်စထရိုအစိုးရဟာ တက်ကြွလှုပ်ရှားသူ ၇၅ ယောက်ကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၁၄) နှစ်မှ (၂၇) နှစ်အထိ ပြစ်ဒဏ်ပေးခဲ့တယ်။ ( Black September)ဘလက် စက်တင်ဘာအဖြစ်လူသိများခဲ့တယ်” ဘလက်စက်တင်ဘာလှုပ်ရှားမှုဟာ ကြေကွဲဘွယ်အဖြစ်ဆိုးတွေနဲ့ ရပ်တန့်အဆုံးသတ်မသွားခဲ့ပါဘူး။ ဖမ်းဆီးခံရတဲ့ ဂျာနယ်လစ်တွေနဲ့ အနုပညာသည်တွေရဲ့ အမျိုးသမီးတွေ၊ သားသမီးတွေဟာ နောက်နှစ်ပတ်အကြာမှာ Ladies in White အဖွဲ့ကို စတင်ဖွဲ့စည်း လိုက်ကြပါတယ်။ အဖြူရောင်ဆိုတာ ငြိမ်းချမ်းရေးရဲ့သင်္ကေတဖြစ်တယ်။ သူတို့ရဲ့ခင်ပွန်းသည်တွေ၊ သားသမီးတွေ၊ ဖခင်တွေရဲ့ ပုံတွေကို အကျီဖြူရဲ့ ရင်ဘတ်ကြယ်သီးလေးတွေပေါ်မှာ ပုံဖေါ်လိုက်ကြတယ်။ ပန်းစီးတွေကို ကိုင်ဆောင်ပြီး ဟားဗားနားရဲ့ လူစည်ကားရာနေရာတွေမှာ စတင်လမ်းလျှောက်ခဲ့ကြပါတယ်။ ကပ်စထရိုအစိုးရက ပထမတော့ သတိမထားမိပါဘူး။ ဒါပေမဲ့ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတွေရဲ့လှုပ်ရှားမှုကို လူတွေထောက်ခံလာကြတယ်။ နိုင်ငံတကာက အာရုံစိုက်လာခဲ့ကြတယ် ဆိုတာကို သဘောပေါက်လာတဲ့အခါမှာတော့ ဒီအမျိုးသမီးတွေကို အမေရိကန်ပြည်ထောင်စုဆီက ငွေကြေးထောက်ပံ့မှုရထားတဲ့ တန်ပြန်တော်လှန်ရေးသမားတွေ အဖြစ်စွပ်စွဲဝါဒဖြန့်လာခဲ့တယ်။ “ ကပ်စထရိုအစိုးရရဲ့ ပြည်သူ့စစ်တွေနဲ့ အမျိုးသမီးအဖွဲ့ချုပ်က ကျမတို့စုဝေးရာကို ရောက်လာပြီး အရင်းရှင်ကမ္ဘာဆီက မိန်းမပျက်တွေ ဆိုပြီး ဆဲဆိုခြိမ်းခြောက်ကြတယ်။ ကျမတို့ မျက်နှာပေါ်ကို တံတွေးထွေးရှုတ်ချကြတယ်။ တခါတလေ ကျမတို့ ဆံပင်တွေကို စောင့်ဆွဲကိုင်ပြီး လမ်းမပေါ်ကနေတ ဒရွတ်ဆွဲခေါ်ဆောင်သွားတယ်။ ဘတ်စ်ကားတွေပေါ်မှာ အတင်းအဓမ္မတက်ခိုင်းပြီး မြို့ပြင်က လူသူဝေးတဲ့နေရာတွေမှာ ပစ်စလက်ခပ်ချထားခဲ့တယ်” သောတရှင်များခင်ဗျား ကျူးဘားအစိုးရဟာ အမှားတခုပြီးတခုဆက်တိုက်ကျူးလွန်ခဲ့ပေမဲ့ အဖြူရောင်အင်္ကျီဝတ် အမျိုးသမီးတွေလက်ထဲက နှင်းဆီပန်းတွေ ဟာ နေပြင်းပြင်းအောက်မှာ ဆက်လက်ပွင့်လန်း နေဆဲဖြစ်ပါတယ်။ “အာဏာရှင် နဲ့ မပူးပေါင်းရေး” ၊ “ရိုစာပတ်” လိုအမျိုးသမီးများ၊ ဖိနှိပ်မှုကို ဆန့်ကျင်သောအမေများအဖွဲ့တွေ ထပ်မံပေါ်ပေါက်လာခဲ့ကြပြီး အကျဉ်းကျခံနေသူတွေရဲ့ မိသားစုတွေကို ထောက်ခံပူးပေါင်းခဲ့ကြပါတယ်။ ကျနော်တို့နိုင်ငံမှာလည်း အစိုးရသစ်ဟာ တိုင်းပြည်တည်ငြိမ်မှ နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ်ပေးမယ် လို့ ဆိုနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုကို ဖိနှိပ်မှုကြောင့် တိုင်းပြည်မတည်မငြိမ်ဖြစ်နေရတယ် ဆိုတဲ့အချက်ကို သိသိချည်းနဲ့ ငြင်းဆန်နေတဲ့ အစိုးရတွေကြောင့်လည်း တိုင်းပြည်ဟာ နာပြီးရင်းနာနေခဲ့ရပါတယ်။ သောတရှင်တို့လည်း သားပျောက်၊ ခင်ပွန်းပျောက်၊ မိသားစုပျောက်နေတဲ့ သူတွေရဲ့ဘဝတွေကို စာနာနားလည်ပြီး အာဏာရှင်တွေလက်အောက်မှ လွတ်မြောက်နိုင်ကြပါစေ။ အောင်မိုးဝင်း

နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ