လူထုဆန္ဒ နဲ့ နိုင်ငံရေးပါဝါ

Saturday, May 26, 2012, 4:40 PM

Post your comment Post Comment | Email this to your friend 0 comments
၁၉၉၁ ကွန်မြူနစ်ကမ္ဘာပြိုကျသွားပြီးတဲ့အချိန်မှာ ဟန်ဂေရီ နိုင်ငံဟာ လွပ်လပ်တဲ့ရွေးကောက်ပွဲတွေနဲ့အတူ နိုင်ငံတကာ လူနေမှုအဆင့် အတန်းကို ပုခုံးချင်းယှဉ်နိုင်ခဲ့တယ်။ ပြဿနာက ဟန်ဂေရီနိုင်ငံဟာ နိုင်ငံတကာရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေကြေးစံနစ်တွေအပေါ်မှာ မှီခိုနေရတယ်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်နဲ့အတူ လူတွေရဲ့အတွေးအခေါ်တွေဟာ တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်။ မိမိရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်ကို သံသယ နဲ့ ပြန်သုံးသပ်ကြည့်နေကြတယ်။ တကယ်တော့ “လူထုဆန္ဒ နဲ့ နိုင်ငံရေးပါဝါ နှစ်ခုဟာ နီးစပ်သွားတဲ့အခါ ပြည်သူတွေဟာ ရုန်းထဖို့မလိုတော့ပါဘူး” တဲ့။ ----------------------------------------------------------------------------------------------------------------------------------------------- ဒီ တပတ် လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ဟန်ဂေရီနိုင်ငံ ဆီက သင်ခန်းစာတွေကို ဆွေးနွေးထား ပါတယ်။ သောတရှင်များခင်ဗျား --------------- လွန်ခဲတဲ့ နှစ်တုံးက ၁၉၅၆ ဟန်ဂေရီတော်လှန်ရေးအကြောင်းတင်ပြခဲ့တယ်။ ဒီတပတ်မှာတော့ ဟန်ဂေရီ နိုင်ငံရဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကာလများနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေကို တင်ပြချင်ပါတယ်။ ၁၉၅၆ ဟန်ဂေရီ တော်လှန်ရေးဟာ လူနှစ်သိန်းသေဆုံး၊ နှစ်သိန်းခွဲကျော်ထွက်ပြေးခဲ့ရမှုတွေနဲ့ ကျဆုံးခဲ့ရတယ်။ ဂျန်နော့ ကတာ လက်ထက်မှာလည်း ဆိုဗီယက်ဆန့်ကျင်သူများကို ချေမှုန်းခဲ့၊ တိုင်းပြည်ရဲ့တရားင် ဝန်ကြီးချုပ် အင်မရေ နာ့ဂ်ျ ( Imre Nage) ဟာ သေဒဏ်ပေးခံရ ပါတယ်။ သူ့လက်ထက်မှာ ဒီမိုကရက်တစ်၊ လစ်ဘရယ်၊ ပြုပြင်ပြောင်းလဲရေးသမားပေါင်း ၂၁၆၀၀ ကျော်ဖမ်းခံရ၊ ၄၀၀ ကျော်အသတ်ခံရတယ်။ ရာချီပျောက်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးယန္ဓာရားအသစ် စီမံကိန်း နဲ့အတူ ဈေးကွက်စီးပွားရေးကို စတင် ကျင့်သုံးလာခဲ့တယ်။ ၁၉၆၀ မှ ၁၉၈၀ အတွင်း ဟန်ဂေရီနိုင်ငံကို “ အရှေ့အုပ်စု အတွင်းက ပျော်ရွှင်စရာ အကောင်းဆုံးစစ်တန်းလျား” အဖြစ်လူသိများခဲ့တယ်။ တိုင်းပြည်ဟာ ဖိနှိပ်မှုတွေနည်းသထက်နည်းလာပြီး၊ ခရီးသွားလာခွင့်တွေအပေါ်ပိတ်ပင်တားဆီးမှုတွေ ကိုလည်း လျော့ပေါ့ခဲ့ပါတယ်။ လစ်ဘရယ်စီးပွားရေးစံနစ်နဲ့အတူ၊ လူနေမှုအဆင့်အတန်းတွေ မြင့်တက်လာခဲ့ပါတယ်။ ၁၉၈၈ ကာလမှာ ဆိုဗီယက်တွေဦးဆောင်တဲ့အရှေ့အုပ်စုဟာ စတင်အက်ကွဲစပြုလာပြီ။ အောစတြီးယား မှာ ဆန္ဒပြပွဲတွေရဲ့ ရိုက်ခပ်မှုတွေကလည်း ဟန်ဂေရီနိုင်ငံကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ သတိပေးနေခဲ့တယ်။ အစိုးရဟာ ၁၈၄၈ တော်လှန်ရေးကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့တဲ့အတွက်၊ လူ ၇၅၀၀၀ ကျော်လောက်ဟာ ဘူဒါပက်စ်ရဲ့လမ်းမတွေပေါ် ချီတက်ဆန္ဒပြခဲ့ ကြတယ်။ ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဗာချော့က ဟန်ဂေရီနိုင်ငံရဲ့အနာဂတ်ကို ဝင်ရောက်မစွက်ဖက်ပါဘူး လို့ ဂတိပေးခဲ့တယ်။ ဟန်ဂေရီ အစိုးရရဲ့ ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံတွေနဲ့ စတင်စကားပြောဆွေးနွေးကြတယ်။ပါတီစုံစံနစ်၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစံနစ် ကို ဦးတည်ပြီးသွားမယ်ဆိုတဲ့အပေါ်မှာ သဘောတူခဲ့ကြတယ် အောစကြီးယားနဲ့ ဟန်ဂေရီကြားက ပိတ်ဆို့ထားတဲ့ နန်းကြိုးတွေကို ဖယ်ရှားပြီး သံမဏိကန့်လန့်ကာကို ဖြိုချပစ်တဲ့ ပထမဆုံး နိုင်ငံတခုဖြစ်လာခဲ့တယ်။ ၁၉၅၆ ခုနှစ် တုံးက အပြစ်ပေး အသတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ် အင်မရေ နာ့ဂ်ျရဲ့ ဈာပနကို ပြန်လည်မြှုပ်နှံတဲ့ပွဲလုပ်ခဲ့တယ်။ လူ နှစ်သိန်းခွဲကျော် ဟာ သူရဲကောင်းရင်ပြင်ဆီကို ချီတက်ပြီးအလေးပြုခဲ့ကြတယ်။ ၁၉၉၀ မှာ ပါတီစုံရွေးကောက်ပွဲတွေကို ကျင်းပပေးခဲ့တဲ့အခါ၊ ဟန်ဂေရီယံ ဒီမိုကရက်တစ်ဖိုရမ် က အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ၁၉၉၄ မှာ ကွန်မြူနစ်ဟောင်းတွေဦးဆောင်တဲ့ ဟန်ဂေရီ ဆိုရှယ်လစ်ပါတီက အနိုင်ရခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဟန်ဂေရီ အာဏာရပါတီဟာ အနောက်အုပ်စုနဲ့အဆင်ပြေပြေ ပေါင်းသင်းခဲ့တဲ့ပါတီတွေဖြစ်ခဲ့ကြပြီး ၂၀၀၄ မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ “ ဟန်ဂေရီနိုင်ငံဟာ ကွန်မြူနစ်နိုင်ငံဟောင်းတွေအနက် လူနေမှုစံနစ်မြင့်မားပြီး၊ ပြည်သူတွေ တယောက်ချင်းစီ ဝင်ငွေအမြင့်ဆုံး ရတဲ့နိုင်ငံတခုအဖြစ် ဂုဏ်သိက္ခာကျော်ကြားခဲ့တယ်။ ဒါပေမဲ့ ဟန်ဂေရီနိုင်ငံဆိုတာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု နဲ့ နိုင်ငံတကာ ငွေကြေးအဆောက်အဦ စည်းမျဉ်းစည်းကမ်းပေါ်မှာ မှီခိုနေရတဲ့နိုင်ငံတခုဖြစ်တဲ့အတွက် ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်တဲ့အခါ၊ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအကြပ်အတည်းတွေစတင်ကြုံတွေ့လာခဲ့တယ်။ အစိုးရကလည်း ကြွေးမှီပြဿနာတွေကို ကယ်တင်ဖို့ကြိုးစားခဲ့တယ်။ ဥပဒေတွေကလည်း ဆင့်ကဲဆင့်ကဲ အသစ်ရေးဆွဲခဲ့တာ (၃၈၅) ခုကျော်ရှိနေပြီလေ။” ဂျန်နဝါရီ (၂) ရက်နေ့ကတည်းက စပြီး စတင်အသွက်သွင်းခဲ့တဲ့ ဥပဒေသစ်အပေါ်မှာ ပြည်သူတွေဟာ မကျေမနပ်ဖြစ်ခဲ့ ကြပါတယ်။ ဥပဒေသစ်ဟာ မီဒီယာ၊ တရားရေးဆိုင်ရာစီရင်ခွင့်နဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းလွတ်လပ်ခွင့်တွေအပေါ်မှာ စတင်စိန်ခေါ်လာခဲ့ပါတယ်။ အတိုက်အခံပါတီကိုယ်စားလှယ်တွေရဲ့ အမတ်တွေဟာ ပါလီမန်ထဲမှာ အသံမဲ့လို ဖြစ်နေတဲ့ကိစ္စတွေ၊ တရားရေးဆိုင်ရာ ဥပဒေတွေကို ရေးဆွဲတဲ့အခါ ဘေးမှာ ဖယ်ထားခြင်းခံရတာတွေကို မြင်နေတဲ့ ပြည်သူတွေဟာ ဟန်ဂေရီနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ဟာ အသုံးမဝင်တော့ဘူး။ စစ်တမ်းတခုရဲ့အဆိုအရ ဟန်ဂေရီ ပြည်သူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ ခုချိန်မှာ ရွေးကောက်ပွဲကျင်းပပေးရင်လည်း မဲပေးမှာ မဟုတ်ဘူး လို့ သဘောထားပေးခဲ့ကြပါတယ်။ “ကွန်မြူနစ်အစိုးရ ကျဆုံးသွားပြီးတဲ့နောက် လွန်ခဲ့တဲ့ အနှစ် (၂၀) ကိုပြန်သုံးသပ်ကြည့်မယ် ဆိုရင် ပြုပြင်ပြောင်းလဲရေး နဲ့ ပါတီစုံရွေးကောက်ပွဲတွေကို ဖြတ်သန်းနေစဉ်ကာမှာ လူထုလှုပ်ရှားမှုတွေကို လုပ်မယ်ဆိုရင်၊ ဒီမိုကရက်တစ်စံနှုန်းတွေကို မတည်ငြိမ်မှုဖြစ် ထိခိုက်နိုင်တယ် ဆိုတဲ့ အယူအဆတွေရှိခဲ့ကြတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေ လုပ်ရမဲ့ အလုပ်ဖြစ်တယ်။ ပြည်သူတွေဟာ မဲပေးယုံပဲဖြစ်တယ် ဆိုတဲ့အယူအဆကို ဆွဲကိုင်ထားခဲ့ကြတယ်။ ဒါပေမဲ့ နိုင်ငံရေးသမား တွေကို သူတို့လုပ်ချင်ရာလုပ် ဆိုတဲ့အခွင့်အရေးကို ပေးမိလိုက်ရင် အဲ့ဒီနိုင်ငံရေးသမားတွေဟာ သူတို့အလိုရှိရာကို အာသာငမ်းငမ်း လုပ်ကြတော့မယ် ဆိုတာ သဘောပေါက်လာခဲ့တယ်။ သူတို့တင်မြောက်ခဲ့တဲ့ လစ်ဘရယ်ဒီမိုကရက်တစ် ခေါင်းဆောင်တွေ၊ ဆိုရှယ်လစ်ခေါင်းဆောင်တွေအားလုံးက သူတို့ကို စိတ်ပျက်အောင်လုပ်ခဲ့ကြတယ်။ ပါတီနိုင်ငံရေး ဆိုတဲ့အပေါ်မှာ မေးခွန်းထုတ်လာခဲ့ကြတယ်။ လူထုပါဝင်နိုင်တဲ့ နိုင်ငံရေးစံနစ်တခုကို ပြန်လည်ဖေါ်ဆောင်ဖို့ ကြိုးစား လာကြတယ်”လို့ ဟန်ဂေရီနိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ဆိုခဲ့ပါတယ်။တကယ်တော့ ဟန်ဂေရီ နိုင်ငံဆိုတာ နိုင်ငံတကာစံနှုန်းအရ လစ်ဘရယ်ဒီမိုကရက်တစ် နိုင်ငံတခုဖြစ်ပါတယ်။ ဒါပေမဲ့ ပြည့်စုံလုံလောက်တဲ့ ဒီမိုကရေစီ အစစ်အမှန်နိုင်ငံတခုတော့ မဟုတ်သေးပါဘူး။ ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကြောင့် ရိုပ်ခပ်ခံလိုက်ရတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ကြွေးမှီပြဿနာတွေ၊ ငွေကြေးအကြပ်အတည်းတွေဟာ ဟန်ဂေရီပြည်သူတွေအားလုံးကို သူတို့နိုင်ငံရဲ့ နိုင်ငံရေးစံနစ်အပေါ် သံသယဖြစ်စေခဲ့ပါတယ်။ တရားမျှတတဲ့ လူမှုဖူလုံရေး နဲ့ ဘဝလုံခြုံမှုအတွက်တောင်းဆိုခဲ့ကြပါတယ်။ တချို့က ဆန္ဒပြပွဲမှာ အိုးအိမ်မဲ့ နေတဲ့လူတယောက်ရဲ့ ပုံစံလို ဝတ်ဆင်ထားတဲ့ လူတယောက်ကတော့ ဟန်ဂေရီ နိုင်ငံရဲ့ စီးပွားရေးကွာဟမှုတွေ အကြောင်း လစ်ဟ ပြနေခဲ့ပါတယ်။ ဟန်ဂေရီနိုင်ငံရဲ့ ငွေကြေးအကြပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စု အကြီးအကဲတွေ အလည်ရောက်ရှိလာခဲ့ကြပါတယ်။ “ သူတို့က ကျနော်တို့ပြည်သူ့လှုပ်ရှားမှုတွေထက် ဗဟိုဘဏ် ကို ကယ်တင်ဖို့ပဲ စိတ်ဝင်စားနေတာလေ” လို့ ဝေဖန်ထောက်ပြ ကြပါတယ်။ ဒါဟာလည်း ကွဲလွဲတဲ့နိုင်ငံရေးချဉ်းကပ်မှုတွေဖြစ်နေခဲ့ပါတယ်။ အစိုးရနဲ့ နိုင်ငံတကာဘဏ်အဖွဲ့တွေက တိုင်းပြည်ရဲ့ အပေါ်ထပ်အဆောက်အဦတွေကို ပြုပြင်ဖို့ကြိုးစားနေချိန်မှာ၊ လူထုပါဝါကို အားသန်တဲ့အုပ်စုတွေကတော့ ပြည်သူတွေ နိုင်ငံရေးထဲ ပါဝင်လာနိုင်မဲ့ နည်းလမ်းကိုသာ စဉ်းစားနေခဲ့ကြပါတယ်။ သောတရှင်များ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် ဟန်ဂေရီနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့ပေမဲ့ နိုင်ငံရေးစိတ်ဝင်စားမှုလျော့ပါး ခဲ့ခြင်းတွေကြောင့် ပါလီမန်ထဲမှာ အာဏာရနိုင်ငံရေးသမားတွေရဲ့ ချယ်လှယ်လက်ဝါးကြီးအုပ်ပိုင်ခွင့်တွေရရှိခဲ့ကြပါတယ်။ “လူထုဆန္ဒ နဲ့ နိုင်ငံရေးပါဝါ နှစ်ခုဟာ နီးစပ်သွားတဲ့အခါ ပြည်သူတွေဟာ ရုန်းထဖို့မလိုတော့ပါဘူး” တဲ့။ သောတရှင်တို့လည်း ပွင့်လင်းလွတ်လပ်တဲ့လူထုအဖွဲ့အစည်းတွေက တဆင့် တိုင်းပြည်ရဲ့ နိုင်ငံရေးကို မျက်ခြေမပြတ် အကဲခပ်နိုင်ကြပါစေ။

နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ