ဝေးခေါင်ရဲ့ကဗျာဟောင်းလေးတပုဒ်၊ဖေ့ဘွတ်ခ်ပေါ်မှာတက်လာလို့ပြန်တင်ပေးလိုက်တယ်။ကဗျာချစ်သူတွေ၊ခံစားတတ်မှာပါ။
ဟိန်းမြတ်ဇော်၊ထက်တည်မြင့်၊စံငြိမ်းဦး တို့ရဲ့ကဗျာတွေကိုလည်းဖတ်ချင်ပါသေးတယ်။
ဘလိတ်ဓားလို စိတ်ယားစရာနေရောင်မှာ
မြွေလိုလူးလွန့်တဲ့ အရိပ်
လမ်းလျှောက်ရင်း ခံစားရတဲ့ အဓိပ္ပာယ်က
ဟင်းလင်းပြင်ထဲ ပစ်ဖဲတစ်ချပ် လွင့်လို့
အမှတ်ရစိတ်က........ ကြေးမုံမှာ
နဂါးငွေ့တန်းဆန်ဆန် အစိုပြန်လာတယ်။
မာစီဒီးအစ၊ဆိုက်ကားအဆုံး
တ၀ုန်းဝုန်း ငါ့ကိုကျော်တက်သွားကြ
ငါ့ဘီးက အလင်းရဲ့  အလျင်နဲ့ နောက်ပြန်ဆုတ်လို့
ချွေးနဲ့ သံနဲ့ မီးပွိုင့်မှာ ငါ့နာရီက အေးခဲလို့။
ငါ့အချစ်ကို သူ ကြားမသွားဘူး
သူသိတာ ခလုတ်ခုံ တဂျောက်ဂျောက် နှိပ်ဖို့
ကြည့်လေ…
“ရှင်က တိတ်ဆိတ်မှု အတုံးအခဲကြီးပဲ” တဲ့
ငါတို့ခွဲခွာကြတော့
သူ့ကိုငါ ခရုခွံတစ်ခု ပေးလိုက်သလား
ခရုခွံတစ်ခုလို ငါကျန်ခဲ့သလား
မမှတ်မိတော့ဘူး။
မဖြစ်ချင်ဘူး
ဘီလ်ဂိတ်ရော၊ဘီလ်ကလင်တန်ရော မဖြစ်ချင်ဘူး
သစ်ရွက်တွေကိုပဲ အားကျတယ်
သူတို့ ရှင်နေတုန်း အသံမထွက်ဘူး
သူတို့သေတော့ မြေသြဇာဖြစ်တယ် ။
အိမ်ရောက်တော့ ငါတစ်ယောက်တည်း
ခေါင်းအုံးပေါ်က မိုးတိမ်တွေကို အတင်းမောင်းထုတ်ရတယ်
ဒီအသည်းကပျော့ပေမယ့် ဒီခေါင်းက မာပါတယ်။
အမေဆုံးတာ
ငါကြက်ချေးတန်းတုန်းကလား
ကြယ်တွေပေါက်ကွဲစတုန်းကလား
မမှတ်မိတော့ပါ ။ ။
ဝေးခေါင်
မြားနတ်မောင်မဂ္ဂဇင်း
ဇွန်လ၊၂၀၀၁ ခုနှစ်
0 comments:
Post a Comment