အစိမ်းရောင်အိပ်မက်များ

Wednesday, March 2, 2011, 12:38 AM

Post your comment Post Comment | Email this to your friend 0 comments

အရှေ့အလယ်ပိုင်းဒေသဆီမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ၊ အမေရိကန်ပြည်ထောင်စုမှာ ဓါတ်ဆီဈေးတွေ
တရိပ်ရိပ်တက်လာတယ်။ လေစ်ဗျားနိုင်ငံ နဲ့ မြောက်အာဖရိက မှ ထုတ်လုပ်တဲ့ ရေနံတွေကို အဓိက ဝယ်ယူသုံးစွဲနေသူတွေဟာ ဥရောပနိုင်ငံတွေဖြစ်ပေမဲ့၊ ဈေးကွက်မတည်ငြိမ်မှုတွေက တကမ္ဘာလုံးဆီကို ရိုက်ခပ်လာခဲ့တယ်။
၁၉၆၀ ကာလမှာ ဓါတ်ဆီဈေးဟာ အမေရိကန်ဒေါ်လာ (၃) ဒေါ်လာပဲရှိတယ်။
(Barrel တလုံးဈေးနဲ့တွက်တာဖြစ်တယ်။ 1 Barrel= 42 gallions ရှိတယ်။)
၁၉၇၃ မှာ အစ္စရေးနဲ့ ယွမ်ကစ်ပါး စစ်ပွဲ ( Yom Kippur War) ဖြစ်တော့ ဓါတ်ဆီဈေးနှုန်းဟာ ၈ ဒေါ်လာမှ- ၁၄ ဒေါ်လာအထိ
ခုန်တက်သွားတယ်။ ၁၉၇၉ အီရန်တော်လှန်ရေးနဲ့၊ ၁၉၈၀-၈၇ အီရန်အီရတ်စစ်ပွဲ နှစ်ခုအပြီးမှာတော့ ၃၅ ဒေါ်လာအထိ
ရောက်သွားခဲ့တယ်။ ပင်လယ်ကွေ့စစ်ပွဲ(၁၉၉၁) နဲ့ အီရတ်စစ်ပွဲ( ၂၀၀၃) ဟာ လောင်စာဆီဈေးနှုန်းတွေကို ပြောင်းလဲပစ်ခဲ့သလို၊ လတ်တလောဖြစ်ပျက်နေတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံရေးမတည်ငြိမ်မှုတွေအားလုံးဟာလည်း
ဈေးကွက် စီးပွားရေး တခုလုံးဆီကို ရိုက်ခပ်လာမှာအမှန်ပဲ။

နိုင်ငံရေးသိပ္ပံကိုလေ့လာတဲ့သူတယောက်ဟာ နိုင်ငံရေးပထဝီဝင်( Political Geography)၊ နဲ့ နိုင်ငံရေးဘောဂဗေဒ( Political Economy) ကို စိတ်ဝင်စားရပါမယ်။ ဒီနှစ်ခုကို ဆက်နွယ်စဉ်းစားဖို့လိုပါလိမ့်မယ်။
လစ်ဗျားနိုင်ငံရဲ့လူထုလှုပ်ရှားမှု ကို မတင်ပြခင်၊
လစ်ဗျားခေါင်းဆောင် ကဒါဖီရဲ့ နိုင်ငံတကာရေးရာ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ရပ်တည်ချက်တွေကို ဆွေးနွေးချင်ပါတယ်။
ဒီတပတ် လွတ်လပ်တဲ့အာရှအသံ ( Radio Free Asia) ရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ထုတ်လွှင့်ခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။


သောတရှင်များခင်ဗျား

လစ်ဗျားနိုင်ငံခေါင်းဆောင် ကဒါဖီ ရဲ့ အစိမ်းရောင် စာအုပ်တအုပ်အကြောင်းကို ကြားဖူးမိကြပါလိမ့်မယ်။
အဲ့ဒီ အစိမ်းရောင် စာအုပ် မှာ တိုင်းပြည်တည်ဆောက်လျှောက်လှမ်းမဲ့ နိုင်ငံရေးအတွေးအခေါ်တွေရေးသားထားခဲ့ပါတယ်။
ဒီမိုကရေစီရဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်၊ လူထုကသာ အာဏာပိုင်ဆိုင်တဲ့ အစိုးရတရပ်ဖွဲ့စည်းရမယ်။
ဆိုရှယ်လစ်စီးပွားရေးစံနစ်ကို ကျင့်သုံးပြီး တတိယအကြိမ်မြောက်နိုင်ငံတကာသီအိုရီမူဝါဒအတိုင်း လျှောက်လှမ်းကြမယ် ဆိုတဲ့
အချက်သုံးချက်ကို အဓိကထားဖေါ်ဆောင်ရမယ် လို့ဆိုပါတယ်။ ကြွယ်ဝချမ်းသာမှုတွေကို မျှဝေသုံးခြင်းနဲ့ တန်းတူညီမျှ တဲ့ လူ့အဖွဲ့အစည်းကိုတည်ဆောက်ခြင်းဟာ ကိုရမ်ကျမ်းစာမှာ သင်ကြားထားတဲ့အချက်အလက်တွေဖြစ်တယ်။
ဒါကြောင့် ဂျမာဟာရီရာ လို့ခေါ်တဲ့ လူထုနိုင်ငံတော်တရပ်ကို တည်ဆောက်ကြရမယ် လို့ ကြွေးကြော်ခဲ့ပါတယ်။
“ ဗိုလ်ဗှူး ကဒါဖီ ကို အာဖရိကရဲ့ချေဂွေဗားရား အဖြစ်လူသိများခဲ့တယ်။
ကာဂီရောင် စစ်ဝတ်စုံအောက်မှာ ရေဘင်မျက်မှန်တပ်ပြီး၊ အာဘောင်အာရင်းသန်သန်ပြောလေ့ရှိတယ်။
ကျနော်တို့ လစ်ဗျားနိုင်ငံဟာ အီတလီကိုလိုနီဖြစ်ခဲ့ရပြီး၊ တိုင်းပြည်လွတ်လပ်ရေးရခဲ့ပြန်တော့၊ အုပ်ချုပ်တဲ့ ဘုရင်ကလည်း ပြည်သူလူထုရဲ့စားဝတ်နေရေးဖူလုံမှုကို ဥပေက္ခာပြုထားခဲ့တယ်။ ၁၉၆၉ မှာ ဗိုလ်မှူး ကဒါဖီဦးဆောင်တဲ့ စစ်အုပ်စုဟာ နိုင်ငံတော် အာဏာကို သိမ်းယူလိုက် ကြတော့တယ် ”

အီဂျစ်သမ္မတ နာဆာရဲ့ အာရပ်အမျိုးသားရေးဝါဒ ကို နှစ်သက်သဘောကျတဲ့ ကဒါဖီဟာ နာဆာ သေဆုံးအပြီးမှာတော့ အာရပ်ကမ္ဘာကို ဦးဆောင်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ လစ်ဗျား၊ အီဂျစ်၊ ဆီးရီးယား နိုင်ငံသုံးနိုင်ငံပေါင်းစည်းပြီး အာရပ်သမ္မတနိုင်ငံများရဲ့
ဖက်ဒရယ်ပြည်ထောင်စု အဖြစ်ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ သုံးနိုင်ငံအတွင်းမှာ ခေါင်းဆောင်မှုအတွက် ကာလအပိုင်းအခြား
သတ်မှတ်မှုတွေကို သဘောတူညီမှုမရခဲ့သလို၊ အီဂျစ်ခေါင်းဆောင် အန်နဝါဆာဒတ်ရဲ့အစ္စရေးနဲ့ စစ်ပြေငြိမ်းရေးသဘောတူညီမှု
စာချုပ်ချုပ်ဆိုခဲ့တဲ့အတွက် လစ်ဗျား၊ အီဂျစ် ဆက်ဆံရေး၊ တင်းမာလာစေခဲ့ပါတယ်။
“ ကဒါဖီဟာ အစ္စလာမ်နိုင်ငံတွေအပေါ်မှာ သြဇာကြီးမားအောင်လုပ်ဖို့ကြိုးစားခဲ့တယ်။ ဆာဟာရ အစ္စလာမ်နိုင်ငံတော်ကို
တည်ဆောက်ကြရမယ် လို့ ဆော်သြလေ့ရှိတယ်။ အာဖရိကနိုင်ငံတွေဆီက သူပုန်အဖွဲ့အစည်းအများအပြားကို
လက်နက်အင်အားငွေအင်အားထောက်ပံ့အားပေးခဲ့တယ်”


၁၉၇၀ ကာလမှာတော့ အာရပ်ကမ္ဘာမှာတင်မကတော့ဘူး၊ ကိုလံဘီရာ နိုင်ငံအပါအဝင် လက်တင်အမေရိကနိုင်ငံဆီက
ပျောက်ကြား သူပုန်တွေရဲ့အကြမ်းဖက်စစ်ဆင်ရေးတွေကိုလည်း ကူညီအားပေးခဲ့တယ်။
“ Black September Movement ဆိုတာ အစ္စရေးရဲ့တည်ရှိမှုကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ပါလက်စတိုင်းလက်နက်ကိုင်
အကြမ်းဖက်လှုပ်ရှားမှုတခုဖြစ်တယ်။ ၁၉၇၂ မှာ မြူးနစ်အိုလံပစ်ပွဲကျင်းပတော့ အစ္စရေးနိုင်ငံက လာရောက်ပြိုင်ဆိုင်ကြတဲ့
အားကစားသမားတွေနေထိုင်ရာအဆောက်အဦကို ဝင်ရောက်သိမ်းပိုက်လိုက်ကြတယ်။ တောင်းဆိုချက်တွေညှိနှိုင်းလို့မရတဲ့
အတွက် အစ္စရေးနိုင်ငံမှအားကစားသမားတွေအစုလိုက်အပြုံလိုက်အသတ်ခံလိုက်ရတော့တယ်။
မြူးနစ်လူသတ်ပွဲအဖြစ်နာမည်ကြီးခဲ့တယ်လေ”

တကယ်တော့ လစ်ဗျားခေါင်းဆောင် ကဒါဖီ ဟာ ရာဆာအာရာဖတ် ရဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ကို
ကူညီအားပေးခဲ့ယုံသာမက၊ “အနက်ရောင် စက်တင်ဘာ”အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလည်း နောက်ကွယ်ကနေ
အဓိကငွေကြေး ထောက်ပံ့ပေးနေတဲ့သူတဦးဖြစ်ပါတယ်။
“ ကဒါဖီ ကို အနောက်ဆန့်ကျင်ရေးရုပ်ပုံလွှာအဖြစ်ရေးခြယ်ကြလေ့ရှိတယ်။ သူ့ရဲ့ ပါလက်စတိုင်း-အစ္စရေးပြဿနာအပေါ် ဆွေးနွေးလိုက်လျောမှုမရှိတဲ့ အမြင်၊ ၁၉၈၀-၈၇ အီရန်-အီရတ်စစ်ပွဲမှာ အီရန်နိုင်ငံဘက်က ဝင်ရောက်ကူညီခဲ့မှု၊ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတွေရဲ့လွတ်မြောက်ရေးကြိုးပမ်းမှုတွေကို အားတက်သရောကူညီထောက်ပံ့မှုတွေကြောင့်
သူနဲ့ အမေရိကန်ပြည်ထောင်စုကြားက ဆက်ဆံရေးဟာ ပိုမိုဆိုးဝါးလာခဲ့တယ်။
ရေဂင်လက်ထက်မှာတော့ တင်းမားမှုဟာ အထွဋ်အထိပ်ကို ရောက်လာခဲ့တော့တယ်။ ”

ကဒါဖီ ဟာ အနောက်အုပ်စုနဲ့ စီးပွားရေးလုပ်ကိုင်လေ့ရှိတဲ့ ဆော်ဒီရေနံသဋ္ဌေးတွေကိုလည်းပြန်ပေးဆွဲလေ့ရှိပါတယ်။
အမေရိကန်သမ္မတ ရော်နယ်ရေဂင်ကတော့ လစ်ဗျားခေါင်းဆောင် ကဒါဖီကို အရှေ့အလယ်ပိုင်းဒေသဆီက ရူးသွပ်နေတဲ့ ခွေးတကောင် လို့ ခေါ်ဆိုလေ့ရှိပါတယ်။ လစ်ဗျားနိုင်ငံက ရေနံတွေကို မဝယ်ယူကြဖို့၊ တိုးတက်တဲ့ နည်းပညာတွေကိုလည်း ရောင်းချခြင်း
မပြုကြဖို့ တိုက်တွန်းနိုးဆော်လိုက်ပြီး လစ်ဗျားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ခဲ့ပါတယ်။
ဒါပေမဲ့ ဥရောပနိုင်ငံတွေက အမေရိကန်ပြည်ထောင်စုနဲ့သဘောထားကွဲခဲ့ကြပါတယ်။
“ ၁၉၈၆ မှာ စီဒရာ ပင်လယ်ကွေ့ဆီမှာ အမေရိကန်နဲ့ လစ်ဗျားကင်းလှည့်ရေတပ်ထိပ်တိုက်ရင်ဆိုင်ပြဿနာတက်နေတုံး၊
အနောက်ဘာလင်မြို့ဆီက နိုက်ကလပ်ပွဲတခုမှာအမေရိကန်နိုင်ငံသားတွေ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတယ်။
လစ်ဗျားအစိုးရ တိုက်ရိုက်ပါဝင်ပါတ်သက်နေတယ်ဆိုတာကို သိတဲ့ရော်နယ်ရေဂင်ဟာ
လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ နဲ့ ဘင်ဂါဇီ ကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။
ကဒါဖီ ရဲ့ မွေးစားသမီးအပါအဝင် စစ်သား (၄၅) ယောက်၊ ပြည်သူ (၁၅) ယောက်သေဆုံးခဲ့တယ်”

လူ (၂၇၀) သေဆုံးခဲ့တဲ့ ပန်အမေရိကန်လေယာဉ်ဗုံးခွဲတိုက်ခိုက်မှုမှာလစ်ဗျားနိုင်ငံသားနှစ်ယောက်ပါဝင်ပတ်သက်နေတယ် လို့ အမေရိကန်အစိုးရက ယုံကြည်နေခဲ့ပါတယ်။ သူတို့ကိုစစ်ဆေးဖို့အတွက် ဗြိတိန်နဲ့အမေရိကန်ပြည်ထောင်စုက တောင်းဆိုခဲ့ပါတယ်။ ကဒါဖီ က ငြင်းပယ်ခဲ့ပါတယ်။အနောက်အုပ်စုရဲ့စီးပွားရေးပိတ်ဆို့မှုတွေသာ မကတော့ပါဘူး။
သံတမန်ဆက်ဆံမှုတွေဖြတ်တောက်ခံလိုက်ရပြီးအထီးကျန်တဲ့နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပါတယ်။
သောတရှင်များခင်ဗျား
စီးပွားရေးပိတ်ဆို့ခံရမှုတွေဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့တောင်းဆိုမှုတွေအပေါ် မလိုက်လျောခေါင်းမာတတ်တဲ့ အုပ်စိုးသူလူတန်းစားကြောင့်ရင်ဆိုင်ရတဲ့အရာတခုဖြစ်ပါတယ်။ ကဒါဖီရဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့် လစ်ဗျားနိုင်ငံဟာ
၁၉၉၀ ကာလတလျှောက် အကြပ်အတည်းများစွာကို ရင်ဆိုင်လိုက်ရပါတယ်။ ဒီ အကြပ်အတည်းတွေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ လူထုလှုပ်ရှားမှုတွေကို နောက်တပတ်မှာ ဆက်လက်ဆွေးနွေးချင်ပါတယ်။
သောတရှင်တို့လည်း အနာဂတ်မှာ အမြင်ကျယ်တဲ့ အုပ်စိုးသူလူတန်းစားနဲ့ဆုံဆည်းနိုင်ကြပါစေ။

အောင်မိုးဝင်း






နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ