ဆဒမ်ဟူစိန်ရဲ့ရုပ်ထုများကို ဖြုတ်ချပြီးသည့်နောက်...

Tuesday, April 5, 2011, 3:30 PM

Post your comment Post Comment | Email this to your friend 0 comments



သောတရှင်များခင်ဗျား

Green Zone ဆိုတာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်ခေါင်မှာတည်ရှိတဲ့နေရာတခုဖြစ်ပါတယ်။
၂၀၀၃ အီရတ်စစ်ပွဲကို ဆင်နွဲခဲ့တဲ့အခါ၊ အဲ့ဒီနေရာကိုသိမ်းပိုက်နိုင်ဖို့အတွက်၊ မဟာမိတ်ညွှန့်ပေါင်းတပ်ဖွဲ့ဟာအပြင်းအထန်
တိုက်ပွဲဆင်နွဲခဲ့ရပါတယ်။ အီရတ်အာဏာရှင် ဆဒမ်ဟူစိန်ပြုတ်ကျသွားအပြီးမှာတော့ နိုင်ငံတကာစစ်တပ်ရဲ့
ကာကွယ်စောင့်ရှောက်မှုအောက်မှာထားရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အီရတ်အစိုးရသစ်လက်အောက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါပေမဲ့မကြာသေးမီကာလအတွင်းမှာတော့(Green Zone မှာ)တိုက်ပွဲတွေအပြင်းအထန်ပြန်လည်စတင်နေခဲ့ပါတယ်။
ဒီ တခါဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ကျည်ဆံတွေ၊ အမြောက်သံတွေရဲ့ပေါက်ကွဲသံတွေမဟုတ်ပါဘူး။
နာကျင်စွာအော်ဟစ်နေတဲ့ လူထုလှိုင်းတွေဆီက အသံတွေပဲဖြစ်ပါတယ်။

“လူတော်တော်များများက အာဏာရှင်တယောက်ကိုဖြုတ်ချပစ်လိုက်ပြီးရင် အရာအားလုံးတည်ငြိမ်အေးချမ်း၊ လွတ်လပ်ကြွယ်ဝတဲ့
ကမ္ဘာတခုကို တည်ထောင်နိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ကို ထားလေ့ရှိကြပါတယ်။ ဒါပေမဲ့ အီရတ်နိုင်ငံမှာတော့
အဲ့သလို မဖြစ်ခဲ့ပါဘူး။ ဆဒန်ဟူစိန် ပြုတ်ကျသွားပေမဲ့ အစိုးရအရာရှိတွေကြားမှာခြစားအကျင့်ပျက်မှုတွေ၊ မတူကွဲပြားတဲ့ နိုင်ငံရေးပါတီတွေ၊ လူမျိုးစု၊ ဘာသာရေးအဖွဲ့အစည်းတွေကြားက ပါဝါအားပြိုင်မှု၊ အလိုမပြည့်မှုတွေက ရှုပ်ထွေးလွန်း
လှသလို၊ မတည်ငြိမ်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို ဖန်တီးလိုက်ပါတယ်။ အာရပ်လူ့အဖွဲ့အစည်းကို ပြန်ကြည့်လိုက်မယ် ဆိုရင်
ဒီမိုကရေစီ ကို ကောင်းကောင်းမွန်မွန် ထိတွေ့ခွင့်မရခဲ့ဘူး။ အာဏာရှင်တယောက် ကျဆုံးသွားတယ်။ နောက်ထပ် အာဏာရှင်တယောက်ပေါ်ပေါက်လာပြန်တယ်။ ကျနော်တို့ အီရတ်နိုင်ငံမှာဆဒမ်ဟူစိန် ပြုတ်ကျသွားပြီး ရွေးကောက်ပွဲတွေ
ကျင်းပပေးခဲ့တယ်။ အစိုးရသစ်ဖွဲ့တယ်။ ဒါပေမဲ့ အလုပ်လက်မဲ့ပြဿနာတွေ၊ ရာဇဝတ်မှုတွေ၊ ခြစားမှုတွေဟာ
ကျနော်တို့ အီရတ်လူ့အဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အတွင်းမှာ အမြစ်တွယ်နေခဲ့တယ်။ ဒီ ပြဿနာတွေကိုအစိုးရအနေနဲ့
တာဝန်သိသိ၊ လေးလေးနက်နက်ကိုင်တွယ်ရမယ်။ လမ်းမပေါ်မှာ ဆန္ဒပြတောင်းဆိုနေသူတွေရဲ့အသံတွေကို နားထောင်လိုက်စမ်းဗျာ။
ကျနော်တို့မှာ ဘာမှမရှိဘူး။ ကျနော်တို့အတွက် အရာအားလုံးလိုအပ်နေပါတယ် တဲ့။
ဒီ အသံတွေဟာ ကျနော်တို့ အီရတ်မှာ ဖြစ်ပျက်နေတဲ့ တကယ့်အခြေအနေတွေပါဗျာ။”


ဘဆာရာမြို့ရဲ့တံတားကြီးပေါ်မှာတော့ အီရတ်ပြည်သူတွေဟာ နေရာအနှံ့နေရာယူလိုက်ကြပြီး
ဒေသဆိုင်ရာအုပ်ချုပ်ရေးယန္ဓယားတခုလုံးကို ရပ်တန့်ပစ်လိုက်ပါတယ်။

ဘဂ္ဂဒက်၊ ဘဆာရာ၊ ကာဘရာ အပါအဝင် အီရတ်နိုင်ငံရဲ့မြို့အများအပြားမှာ ဘဝလုံခြုံရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေနဲ့အတူ ရှေ့နေများသမဂ္ဂက အီရတ်နိုင်ငံရဲ့နှေးကွေးလွန်းတဲ့ တရားဥပဒေပြုမှု လုပ်ငန်းစဉ်တွေကို ထောက်ပြ ပြင်ဆင်ခိုင်းပါတယ်။ တချို့ကတော့ လယ်ယာစိုက်ပျိုးရေးဒေသတွေမှာ လယ်သမားတွေအပေါ်အစိုးရရဲ့ကူညီပံ့ပိုးမှု
အားနည်းခြင်းကြောင့် သီးနှံအထွက်နှုန်းညံ့ဖျင်းကျဆုံးခဲ့တယ်။ အစိုးရရဲ့ပြန်လည်တည်ဆောက်ရေးစီမံကိန်းတွမှာ အသုံးပြုဖို့လျာထားတဲ့ဘတ်ဂျက်တွေဟာ ပြည်သူလူထုလက်ထဲကိုမရောက်ခဲ့ဘူး။ ဒါကြေင့် ခြစားမှုတွေကို စုံစမ်းစစ်ဆေးရမယ်။ သက်ဆိုင်ရာမြို့နယ်အစိုးရအနေနဲ့နှုတ်ထွက်ပေးသင့်တယ် လို့ တောင်းဆိုခဲ့ကြပါတယ်။

“ အရင်တုံးက မိမိခန္ဓာကိုယ်က သွေးကိုဆေးရုံမှာ သွားရောင်းပြီး၊ ရတဲ့ပိုက်ဆံနဲ့အစားအစာပြန်ဝယ် တဲ့ဇာတ်လမ်းတွေကို ကြားဘူးခဲ့တယ်။ အခုတော့ နဖူးတွေ့၊ ဒူးတွေ့ပဲလေ။ အစိုးရအရာရှိတွေက ဆင်းရဲတဲ့ပြည်သူတွေအတွက်ခွဲဝေပေးရမဲ့ အစားအသောက်ခွဲတန်းတွေကို အပြည့်အဝမပေးပဲ
ရောင်းစားခဲ့သလို၊ ကျနော်တို့တတွေရတဲ့ အစားအစာခွဲတန်းတချို့ကို ရောင်းချပြီး လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေကိုဝယ်ဖို့ ကြံစည်ပြန်တော့လည်း အပြင်မှာဈေးနှုန်းတွေက
ခေါင်ခိုက်နေခဲ့တယ်။ အလုပ်လက်မဲ့နှုန်းကကြီးမြင့်နေတဲ့အပြင်၊ ကုန်ဈေးနှုန်းတွေက တရိပ်ရိပ်မြင့်တက်လာတော့ ကျနော်တို့အလုပ်သင့်ဆုံးအလုပ်ဟာ တရားမျှတမှု၊ လူမှုလုံခြုံမှုတွေကို တောင်းဆိုတိုက်ပွဲဝင်မဲ့ လှုပ်ရှားမှုတွေကို သာ ပူးပေါင်းလုပ်ကိုင်ရမယ်။”

ဆန္ဒပြတောင်းဆိုသူတွေဟာ အစိုးရအဆောက်အဦတွေကို ဝင်ရောက်တိုက်ခိုက်စီးနင်းလိုက်ကြပါတယ်
အကျဉ်းထောင်တွေကိုဖောက်ခဲ့ကြတယ်။ အီရတ်လက်နက်ကိုင်တပ်တွေကလည်း ပစ်ခပ်ချေမှုန်းခဲ့တာကြောင့် ၃၅ ယောက်သေဆုံးခဲ့တယ်။ အီရတ်ဝန်ကြီးချုပ် နော်ရီအယ်မာလီကီရဲ့အစိုးရအဖွဲ့က ဆန္ဒပြသူတွေကို အော်ကိုင်းဒါးအကြမ်းဖက်သမားများနဲ့
ပတ်သက်ဆက်နွယ်နေသူတွေလို့စွပ်စွဲပြီး ဆန္ဒပြသူ ရာပေါင်းများစွာကို ဖမ်းဆီးခဲ့တယ်။
အရာမထင်ခဲ့ပါဘူး။ သေဆုံးဒဏ်ရာရသူတွေရဲ့ရုပ်ပုံကားချပ်တွေကို ကိုင်ဆောင်လာကြပြီး
ဒေါသသင့်သော နေ့အဖြစ်၊ အစိမ်းရောင်နယ်မြေ( GZ)အနီးမှာစုဝေးရောက်ရှိလာခဲ့ကြပါတယ်။

“ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့အထွေထွေဒါရိုက်တာ ဗိုလ်ချုပ် အယ်ကူဘိုင်စီ ဆိုတဲ့အရာရှိဟာ အစိုးရပိုင်
ရုပ်မြင်သံကြားသတင်းမှာ သူရဲ့ရာထူးတံဆိပ်တွေကို ဆွဲဖြုတ်လိုက်ပြီး၊ ရာထူးကနှုတ်ထွက်ကြောင်း
အစိုးရတဖွဲ့လုံးရဲ့ခြစားမှုကိုဆန့်ကျင်ကြပြီး လူထုဆန္ဒပြပွဲတွေကို ဝင်ရောက်ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့တယ်။
မကြာဘူး။ သူစကားပြောအပြီးမိနစ်ပိုင်းအတွင်းမှာပဲ အီရတ်လုံခြုံရေးရဲတွေက သူ့ကိုဖမ်းဆီးလိုက်တယ်။
ပြည်ထဲရေးဝန်ကြီးဋ္ဌာနက အရာရှိ (၃၇) ယောက်ကလည်း ရာထူးကနေနှုတ်ထွက်ကြောင်း
ကြေငြာခဲ့ကြတယ်။”အီရတ်ဝန်ကြီးချုပ် အယ်မာလီကီကလည်း ၂၀၁၄ ရွေးကောက်ပွဲမှာ
ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့ပါဘူး လို့ ဂတိပေးခဲ့ရပြန်တယ်။ ဆန္ဒပြပွဲတွေရဲ့ ရိုက်ခပ်မှုဟာ နောင်လာမဲ့ရွေးကောက်ပွဲအခြေအနေတွေအားလုံးကိုပြောင်းလဲပစ်စေလိမ့်မယ်။
ပြဿနာတွေကို တာဝန်သိသိမဖြေရှင်းနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လူထုက
နောက်တကြိမ် မဲထည့် ထောက်ခံမှုလုပ်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြတယ်။

သောတရှင်များခင်ဗျား
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ လူထုအကျိုးစီးပွား
အတွက် ပါလီမန်တွင်းကနေတိုက်ယူမယ်။ ၂၀၀၈ အခြေခံဥပဒေကိုပြောင်းလဲယူမယ် လို့ ဟစ်ကြွေးခဲ့ပါတယ်။ ဒါပေမဲ့ လူထုတရပ်လုံးရဲ့စီးပွားရေးကြပ်တည်းမှုဟာ ပိုမိုဆိုးဝါးလာ
ခဲ့သလို၊ ၂၀၀၈ အခြေခံဥပဒေကိုထိပ်တိုက်ရင်ဆိုင်အာခံဖို့မဖြစ်နိုင်ဘူးဆိုတဲ့အသံတွေကို ပြောင်ပြောင်တင်းတင်းပြောဆိုလာခဲ့ကြပါတယ်။ မျက်နှာဖုံးတွေသာပြောင်းခဲ့ပြီး အနှစ်သာရအတူတူဖြစ်နေတဲ့ စစ်အစိုးရရဲ့ပါလီမန်သစ်ဟာ လူမှုလုံခြုံရေးအနာဂတ်တခုကို
ဖန်တီးနိုင်မှာမဟုတ်ဘူးဆိုတဲ့အချက်ကိုတွေ့မြင်နေရပါပြီ။
သောတရှင်တို့လည်း ခြစားအကျင့်ပျက်၊ လူထုအပေါ်တာဝန်မသိတတ်တဲ့ နိုင်ငံရေးသမားများကို ဖယ်ရှားပစ်ပြီး လုံခြုံအေးချမ်းတဲ့ဘဝသစ်တွေကို ပိုင်ဆိုင်ကြပါစေ။



နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ