ဆီးရီးယားနိုင်ငံမှ အာဏာရှင်သားအဖနှစ်ယောက်

Tuesday, April 5, 2011, 3:53 PM

Post your comment Post Comment | Email this to your friend 0 comments

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့စစ်အာဏာသိမ်းအစိုးရဟာ
(၁) တိုင်းရင်းသားလူမျိုးစုတွေရဲ့တန်းတူရေး၊ဒီမိုကရေးရေးတွေကိုဖြေရှင်းဖို့မကြိုးစားခဲ့သလို
(၂)ထောင်သွင်းအကျဉ်းချထားတဲ့နိုင်ငံရေးသမားတွေကိုလည်း၊ပြန်လွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။
လက်ရှိအစိုးရသစ်ဟာ ဗိုလ်ချုပ်နေဝင်းနဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ရဲ့အမြစ်ပြတ်ချေမှုန်းရေးအတွေးအခေါ်နောက်ကိုမလိုက်ပဲ၊
တွေ့ဆုံဆွေးနွေးရေး၊နိုင်ငံရေးအကျဉ်းသားများကိုချွင်းချက်မရှိပြန်လွှတ်ပေးရေး၊အမျိုးသားညီညွတ်ရေးကိုပြန်လည်ဖေါ်ဆောင်ရေး--စတဲ့
အချက်တွေကိုဦးစားပေးလုပ်စေချင်တယ်။ဒီအချက်တွေကိုအကောင်အထည်ဖေါ်မလုပ်ဆောင်နိုင်ရင်၊ကြိုက်တဲ့အစိုးရဖွဲ့ပါ။
အခက်အခဲပေါင်းများစွာ၊ပြည်သူတွေရဲ့အန်တုမှုပေါင်းများစွာနဲ့ရင်ဆိုင်ရအုံးမှာ အမှန်ပါ။

ဆီးရီးယားနိုင်ငံမှာ ဘာတွေဖြစ်ခဲ့ပါသလဲ။ ဒီတပတ်၊လွတ်လပ်တဲ့အာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ
၁၉၈၂ မှာဖြစ်ပွားခဲ့တဲ့ ဆီးရီးယားနိုင်ငံက အစုအလိုက်အပြုံလိုက်လူသတ်ပွဲတွေနဲ့ နိုင်ငံရေးအကျိုးဆက်တွေကို တင်ပြထားပါတယ်။

သောတရှင်များခင်ဗျား

ဗင်နီဇွဲလားသမ္မတ၊ဟူးဂိုးရှားဗက်က ဆီးရီးယားခေါင်းဆောင်ဟာ လူသားဆန်တယ်။
လတ်တလောဖြစ်ပျက်နေတဲ့ အာရပ်ကမ္ဘာက လူထုအုံကြွမှုတွေဟာ အနောက်အုပ်စုရဲ့မြောက်ထိုးပင့်ကော်
လုပ်ပေးမှုတွေကြောင့်ပေါ်ပေါက်လာတယ် ဖြစ်တယ် လို့ အင်တာဗျုးတခုမှာကောက်ချက်ချပြောဆိုလိုက်တဲ့အခါ
တကမ္ဘာလုံးအံ့သြမင်သက် ဒေါသထွက်ခဲ့ကြပါတယ်။
ဒါပေမဲ့ အဲ့ဒီကောက်ချက်ဟာ အံ့သြစရာတော့မဟုတ်ခဲ့ပါဘူး။
တရုတ်၊မြောက်ကိုရီးယား၊ရုရှား၊ဗင်နီဇွဲလား လို အာဏာရှင်ဝန်ရိုးတန်းနိုင်ငံတွေက အာဏာရှင်တွေရဲ့ဖိနှိပ်မှုကို ဖုံးကွယ်ပြောဆိုနေမှာဖြစ်သလို၊ ဒီမိုကရေစီဝန်ရိုးတန်းနိုင်ငံတွေကလည်း လူထုလှုပ်ရှားမှုတွေဘက်က ကူညီအားပေးနေအုံးမှာ အမှန်ပါ။
တကယ်တော့ ဆီးရီးယားနိုင်ငံဆိုတာ ၁၉၆၂ ခုနှစ်ကတည်းက စပြီးအရေးပေါ်စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းခါ၊ အတိုက်အခံနိုင်ငံရေးသမားများစွာကို ထောင်သွင်းအကျဉ်းချ သတ်ဖြတ်ခဲ့တဲ့နိုင်ငံတခုဆိုရင် မမှားပါဘူး။
၁၉၈၂ ခုနှစ် ဟာမာမြို့မှာဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်လူသတ်ပွဲအပြီးမှာတော့ ဆီးရီးယားအစိုးရရဲ့ရက်စက်မှုကို အစ္စလာမ်နိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အာရုံစိုက်လာခဲ့ပါတော့တယ်။


“ ကျနော်တို့ ဆီးရီးယားနိုင်ငံဟာ ပြင်သစ်ဆီကနေ၁၉၄၆ မှာ လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေးရပြီးချိန်က စပြီး အတောမသတ်တဲ့ စစ်အာဏာသိမ်းလှုပ်ရှားမှုတွေက
နေရာယူထားခဲ့တယ်။ ၁၉၆၆ ခုနှစ်ဟာ ဆီးရီးယားနိုင်ငံရဲ့နိုင်ငံရေးလမ်းကြောင်းကို
ပြောင်းလဲစေတဲ့အဖြစ်အပျက်တွေပေါ်ပေါက်လာခဲ့တယ်။ ဆိုရှယ်လစ်ပါတီဖြစ်တဲ့ ဘာ့ဒ်ပါတီဟာ အာဏာသိမ်းယူလိုက်ပြီး ကျန်တဲ့နိုင်ငံရေးပါတီတွေကို ရှင်သန်ခွင့်မပေး
ခဲ့တော့ဘူး။ ဒါပေမဲ့ ၁၉၆၇ မှာ အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့ ခြောက်ရက်ကြာ စစ်ပွဲမှာ စစ်ရူံးခဲ့မှုနဲ့ ဂျော်ဒန်နိုင်ငံအတွင်းမှာဖြစ်ပွားခဲ့တဲ့ “ဘလက်စက်တင်ဘာ” အဖြစ်အပျက်တွေက ဆီးရီးယားအာဏာပိုင်တွေအတွင်းမှာ ညီညွတ်ရေးကွဲအက်လာခဲ့တယ်။ ဘာ့ဒ်ပါတီခေါင်းဆောင်တွေဟာ ကာကွယ်ရေးဝန်ကြီးအကြီးအကဲ ဟာဖာ့ဇ် အာဆက်ဒ် ရဲ့ အန္တရာယ်ကို ကြိုသိနေပေမဲ့ အချိန်နှောင်းခဲ့တယ်။ အာဆက်ဒ် က တော်လှန်ရေးကို ပြန်လည်
ပြုပြင်ယူရမယ် လို့ ကြွေးကြော်လိုက်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တယ်”

စစ်အာဏာသိမ်းခေါင်းဆောင်သစ် အာဆက်ဒ် ဟာ ယခင်ဘာ့ဒ်ပါတီကျင့်သုံးခဲ့တဲ့ တပါတီအာဏာရှင်စံနစ်ကိုအမွေဆက်ခံခဲ့ယုံသာမက သူ့လက်ထက်မှာ နိုင်ငံရေးဖိနှိပ်မှုတွေကို ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။ ပြည်သူလူထု နားနေအပန်းဖြေတဲ့နေရာတွေကအစ သူ့ရဲ့စစ်ထောက်လှမ်းရေးတွေက နေရာအနှံ့စောင့်ကြည့်အကဲခပ်နေခဲ့ပါတယ်။ လူထုထောက်ခံမှုကို ရရှိဖို့အတွက် လူမှုထောက်ပံ့ရေးစီမံကိန်းတွေ၊ ပညာရေးမြှင့်တင်ရေး
တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အာရုံစိုက်လုပ်ဆောင်လာခဲ့ပါတယ်။
“ စစ်အေးတိုက်ပွဲကို ဘယ်လိုကစားရမလဲဆိုတဲ့အချက်ကို အာဆက်ဒ် က ကောင်းကောင်း
နားလည်နေတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့အကူအညီနဲ့ စစ်ရေး၊စီးပွားရေးကိုတည်ဆောက်
လိုက်တယ်။ အစ္စရေးနဲ့ အနောက်အုပ်စုရဲ့နယ်ချဲ့မှု အန္တရာယ် နဲ့ ကျူးကျော်မှုတွေကို အန်တုငြင်းဆန်သူ ချန်ပီယံအဖြစ် သရုပ်ဆောင်လိုက်ပြီး၊ အာရပ်အမျိုးသားရေးဝါဒ ကို လွှင့်တင်ခဲ့တာကြောင့် ဒရူစ်၊ခရစ်ယာန်ဆီရီးယား စတဲ့ လူမျိုးစုငယ်တွေကလည်း အာဆက်ဒ်ကို
ထောက်ခံခဲ့ကြတယ်။ အာဆက် ဟာ ဆီးရီးယားနိုင်ငံတွင်းက နိုင်ငံရေးမတည်ငြိမ်မှုတွေကို
ထိန်းသိမ်းနိုင်စွမ်းရှိသူ၊ ခြစားမှုတွေကိုတိုက်ဖျက်သူအဖြစ် ဂုဏ်သိက္ခာရှိရှိရပ်တည်ချင်
ကြောင်းပြသခဲ့တယ်။ တကယ်တော့ ဒီလို ဝါဒဖြန့်မှုတွေရဲ့နောက်မှာ အနှစ် (၃၀) ကျော် အာဏာလက်လွှတ်ချင်မှုမရှိတဲ့ သူ့ရဲ့အတ္တကြီးမားမှုတွေရှိနေတယ် ဆိုတာကို မရိပ်မိခဲ့ကြဘူး”

ဒါပေမဲ့ ဆီးရီးယားခေါင်းဆောင် ဟာဖက်ဇ် အာဆက်ဒ် ရဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကို တဆင့်ခြင်းအန်တုငြင်းဆန်နေတဲ့ ပါတီတခုရှိနေပါတယ်။ မွတ်စလင်ညီအကိုတော်များပါတီ လို့ အမည်ရတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ဆီးရီးယား အာဏာရှင် အာဆက်ဒ် ကိုသာမက သူ့ရဲ့အစိုးရအဖွဲ့တခုလုံးကို နည်းပေါင်းစုံလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားခဲ့ပါတယ်။ တခါတလေ အာဆက်ဒ်ဟာ သေကံရောက်ကံမပျောက်ပဲ လုပ်ကြံမှုကနေလက်မတင်လေးလွတ်မြောက်သွား
တတ်ပါတယ်။ ဒမတ်စကဒ် ရဲ့ လမ်းမတွေမှာ ကားဗုံးခွဲမှုတွေ၊ သေနတ်သံတွေနဲ့ ဆူညံနေ
တတ်ပါတယ်။

“ ဟာမာ မြို့ ရဲ့ ပြည်သူတွေက စစ်အာဏာသိမ်းအစိုးရကို အမြဲငြင်းဆန်ခဲ့တယ်။ ၁၉၆၆ ခုနှစ်ကတည်းက စပြီး စစ်အာဏာသိမ်းအစိုးရရဲ့တပ်တွေဝင်ရောက်လာလို့မရအောင် လမ်းတွေကို ပိတ်ဆို့ကြတယ်။ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြတယ်။ အာဏာရှင် အာဆက်ဒ် ကို ဖြုတ်ချဖို့ကြိုးစားခဲ့ကြတယ်။အာဆက်ဒ်ကလည်း အညှိုးတကြီးချေမှုန်းခဲ့တယ်။ ၁၉၈၀ မှာ မွတ်စလင်ညီအကိုတော်များရဲ့လုပ်ကြံမှုကြောင့် ဒဏ်ရာရခဲ့တဲ့အခါ ဖမ်းဆီးရမိတဲ့ မွတ်စလင်
ညီအကိုတော်ပါတီနဲ့ ဆက်နွယ်နေသူများအဖြစ် သံသယရှိခဲ့တဲ့ ထောင်ချီနေတဲ့ အကျဉ်းသမားတွေကို တိတ်တဆိတ်သတ်ဖြတ်ပစ်ခဲ့တယ်။ မကြာဘူး။ ဟာမာမြို့ကို
ချေမှုန်းဖို့ပြင်ဆင်လိုက်တော့တယ်”

ဆီးရီးယား အာဏာရှင် အာဆက်ဒ်က စစ်ပွဲဆိုတာ တရားမျှတမှု ရှိမရှိဆိုတာတွေနဲ့တိုင်းတာတာမဟုတ်ဘူး။
ဂျီနီဗာသဘောတူညီမှုတွေကိုလိုက်နာစရာမလိုဘူး လို့ ဆိုခဲ့ပါတယ်။ဒါကြောင့်လည်း ဟာမာမြို့ကို သိမ်းပိုက်ဖို့ကြိုးစားတဲ့အခါ
အရင်းအနှီးကြိုက်သလောက်ကုန်ကျပါစေ၊ မြို့အတွင်းမှာခိုအောင်းနေတဲ့ မွတ်စလင်ညီအကိုတော် ပျောက်ကြား
သူပုန်တွေကိုဖြစ်တဲ့နည်းနဲ့အပြတ်ရှင်းရမယ်လို့ အမိန့်ပေးခဲ့ပါတယ်။
“ ဟာမာမြို့ပေါ်ကိုအဆက်မပြတ်ဗုံးကြဲခဲ့သလို၊ မွတ်စလင်ညီအကိုတော်များကို စာနာနားလည်သူတွေအားလုံးကိုလည်း
သုတ်သင်ချေမှုန်းခဲ့တယ်။ ၄ ရက်ကြာ စစ်ပွဲအပြီးမှာတော့ လူလေးသောင်းနီးပါးသေဆုံးခဲ့ရသလို၊ တသောင်းခွဲကျော်ပျောက်ဆုံးခဲ့ရတယ်။
ဟာမာမြို့က ပြည်သူတွေကို ဖြတ်လေးဖြတ်လုပ်လိုက်ပြီး၊ ပုန်ကန်မှုကိုအမြစ်ဖြုတ် ရှင်းလင်းဖို့ကြိုးစားလိုက်တယ်။
ဒါပေမဲ့ ဟာမာမြို့က သောင်းချီနေတဲ့ အစုလိုက်အပြုံလိုက်လူသတ်ပွဲတွေအကြောင်းကို ကြားလိုက်တဲ့ ပြည်သူတွေဟာ
ထိတ်လန့်တုန်လှုပ်ခဲ့ကြတယ်။ ဆီးရီးယားနိုင်ငံတွင်းက ဖိနှိပ်သတ်ဖြတ်မှုတွေကိုရပ်တန့်ပစ်ဖို့အတွက် နိုင်ငံရေးယဉ်ကျေးမှုနဲ့
လှုပ်ရှားခွင့်တွေကိုပြောင်းလဲယူမှ ရတော့မယ်ဆိုတာကို ဆုံးဖြတ်လိုက်ကြတယ်။

သောတရှင်များခင်ဗျား
ဗမာစစ်အစိုးရဟာ တိုင်းရင်းသားတွေရဲ့တန်းတူရေး၊ ဒီမိုကရေစီရေးတွေကိုဖြေရှင်းနိုင်မှုမပြုလုပ်ခဲ့ပဲ
စစ်ရေးအရဖိနှိပ်အကြမ်းဖက်ပြီး အစိုးရသစ်ဆီကို ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ထားရစ်ခဲ့ပါတယ်။ ဆီးရီးယားခေါင်းဆောင်အာဆက် တယောက်လည်းဟာမာမြို့အစုလိုက်အပြုံလိုက် လူသတ်ပွဲအပြီးမှာတောသူထင်သလိုဖြစ်မလာခဲ့ပါဘူး။
ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုတွေကိုသာ ရင်ဆိုင်လိုက်ရတဲ့ ဆီးရီးယားနိုင်ငံအာဏာရှင်ကြုံတွေခဲ့ရသလိုမျိုး၊ ဗမာအစိုးရသစ်လည်းကြုံတွေ့ရအုံးမှာအမှန်ပါ။ နောက်တပတ်မှာ ဆီးရီးယားအာဏာရှင်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်တင်ပြချင်ပါတယ်။ သောတရှင်တို့လည်း ဖိနှိပ်တဲ့အာဏာရှင်တွေကို သင်ခန်းစာပြန်လည်ပေးနိုင်ကြပါစေ။



နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ