ဗီယက်နမ်နိုင်ငံဆီက လယ်မြေသိမ်းပိုက်မှုတွေ

Thursday, January 22, 2015, 3:39 AM

Post your comment Post Comment | Email this to your friend 0 comments
“လွန်ခဲ့တဲ့ (၂) နှစ်လလောက်ကတည်းက ကျမ တို့ လင်မယားနှစ်ယောက်ဟာ အလုပ်တွေလိုက်ရှာခဲ့ပေမယ့်၊ ဘယ်သူကမှ မခန့်ခဲ့ကြဘူး။
ကျမတို့က အသက်ကြီးလို့တဲ့လေ။ အစိုးရရဲ့ လယ်မြေသိမ်းပိုက်မှုတွေကြောင့်စိုက်ပျိုးရေးလည်း လုပ်စားလို့ မရတော့သလို၊
အသစ်ဆောက်လုပ်တဲ့ အိမ်တွေမှာ နေထိုင်ချင်ရင်လည်း လာဆောက်တဲ့ ကုမ္မဏီ နဲ့ ပဲ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးရမယ်” တဲ့။
ဗီယက်နမ်အစိုးရရဲ့ လယ်ယာမြေသိမ်းပိုက်မှုရော်ကြေးငွေတွေပမာဏဟာ ဈေးနှိမ်လွန်းတာကြောင့် လယ်သမားတွေက လက်မခံခဲ့ကြပါဘူး။
ဒါပေမယ့် အစိုးရက လယ်သမားတွေ ဘာမှစိုက်ပျိုးလို့မရအောင် လယ်မြေတွေကို သဲတွေ နဲ့ ဖုံးပစ်လိုက်ပါတယ်။
ဗီယက်နမ်ကွန်မြူနစ်ပါတီဟာ လယ်သမားတွေရဲ့ နာမည်နဲ့ ဘဏ်တွေမှာ စာရင်းဖွင့်ပေးပြီး၊ လယ်မြေတွေကို သိမ်းယူလိုက်ပါတယ်။
ဒါပေမယ့် အစိုးရရော်ကြေးငွေတွေဟာ ကာလပေါက်ဈေးထက် နည်းလွန်းလှတဲ့အပြင်၊
အဲ့ဒီရော်ကြေးငွေဟာ နှစ်အနည်းငယ်လောက်ပဲ လယ်သမားတွေအတွက် ရှင်သန်နိုင်ပါတယ်။
ငွေကုန်သွားရင် ဘယ်လို ရပ်တည်ကြမလဲ ဆိုတဲ့ အချက်တွေကို လယ်သမားတွေက လေးလေးနက်နက်တွေးနေခဲ့ကြပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းတွေကို နှစ်ပေါင်းများစွာလုပ်ခဲ့ကြတဲ့အတွက်၊ အလုပ်အကိုင်သစ်တွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ဆိုတာကလည်း သိပ်ပြီး မလွယ်ကူကြပါဘူး။

တကယ်တော့ ဗီယက်နမ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝလာမှုဟာ လယ်သမားလူတန်းစားရဲ့ ပိုင်ဆိုင်မှုကို မတရားသဖြင့် သိမ်းယူပြီး
ကြီးပွားချမ်းသာလာခြင်းဖြစ်တယ် လို့ ယုံကြည်နေကြသူတွေလည်း ရှိပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ - ၂၀၀၁ ခုနှစ် နဲ့ ၂၀၁၀ အတွင်းမှာ လယ်မြေဧကပေါင်း (၂.၅ မီလီယံ ဧက ) ကို သိမ်းယူခဲ့တယ်။
စိုက်ပျိုးမြေအဖြစ်ဆက်လက်အသုံးမပြုတော့သလို၊ လယ်သမားတွေအတွက်လည်း အလုပ်အကိုင်ဖူလုံအောင် မဖန်တီးပေးနိုင်ခဲ့ပါဘူး။
၂၀၁၁ မတိုင်ခင် (၃) နှစ်အတွင်းမှာ လယ်ယာမြေ နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုပေါင်း (၇) သိန်းကျော်ရှိပါတယ်။

ဗီယက်နမ်ကွန်မြူ နစ်ပါတီခေါင်းဆောင်တွေရဲ့ အဆိုအရ၊ ပါတီကေဒါတွေဟာ အာဏာအလွဲသုံးစားလုပ်ပြီး လူ့အဖွဲ့အစည်းအတွက် အမှားတွေကို ကျူးလွန်နေကြတယ်။
လဒ်ထိုးအကျင့်ပျက်မှုတွေကို လက်ခံပြီး တရားမဝင်မြေအရောင်းအဝယ်လုပ်မှုတွေက ကြီးမားသထက် ကြီးမားလာတယ် လို့ ဝန်ခံခဲ့ရပါတယ်။ လယ်သမားဆူပူဆန္ဒပြပွဲတွေ ကို ရင်ဆိုင်လာရပြီးတဲ့နောက်မှာ ကွန်မြူနစ်ပါတီဟာ ဥပဒေသစ် ကို ၂၀၁၄ ဂျူလိုင်လမှာ ထုတ်ပြန်ခဲ့တယ်။
လယ်ယာမြေတွေကို ထင်သလို သိမ်းပိုက်နိုင်ခွင့်မရှိစေရ၊ သိမ်းယူခဲ့မယ် ဆိုရင်လည်း မြင်သာထင်ရှားတဲ့ အကြောင်းပြချက်တွေ ရှိရမယ် လို့ ဆိုပါတယ်။

ကျနော်တို့ မြန်မာပြည်မှာလည်း လယ်ယာမြေသိမ်းယူခြင်းတွေကြောင့် လူမှုရေးမငြိမ်သက်မှုတွေ၊ လယ်သမားတွေ နဲ့ ရဲတွေကြားမှာ အပြန်အလှန်တိုက်ခိုက်မှုတွေကို မြင်တွေ့နေရပါတယ်။
ဗီယက်နမ်အစိုးရ နဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကတော့ ဒီလို လယ်သိမ်းမြေသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အနှောက်အရှက်ဖြစ်စေတယ်။
နိုင်ငံတကာအလည်မှာလည်း အစိုးရရဲ့ ဂုဏ်သိက္ခာကို ကျစေတယ် လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်လည်း လယ်သမားတွေအတွက် အခွင့်အရေးကာကွယ်ရေးဥပဒေတွေကို ပြဋ္ဌာန်းပေးခဲ့ရပါတယ်။
မြန်မာအစိုးရအနေနဲ့လည်း အာဏာရှင်နိုင်ငံတွေဆီက အမှားတွေကို သင်ခန်းစာယူသင့်ပါတယ်။
သောတရှင် မြန်မာလယ်သမားတွေလည်း အနာဂတ်မှာ လုံခြုံစိတ်ချရတဲ့ အသွင်ကူးပြောင်းရေးတွေ နဲ့ ဆုံဆည်းနိုင်ကြပါစေ လို့ ဆန္ဒပြု လိုက်ပါရစေ။
( တံခါးများကိုဖွင့်ကြည့်ခြင်း အစီအစဉ်မှ )

နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ