နယ်စပ်ဒုက္ခသည်စခန်း က ကလေးတွေ
ဆာလောင်ငတ်ပြတ်လို့မှအားမရသေးခင်
ငါ့နိုင်ငံ ရဲ့မြို့တော်တွေလည်း ဒုက္ခသည်စခန်းတွေဖြစ်ခဲ့ပေါ့
ငယ်ငယ်က အိပ်ယာဝင်ပုံပြင်တွေ.. သူရဲကောင်းတွေက ကမ္ဘာကြီးကိုကယ်တင်ပြီး
အဆုံးသတ်သွားတဲ့ငြိမ်းချမ်းမှုတွေထဲကျနော်အိပ်ပျော်ခဲ့ရ။
ခုတော့---
အနိဌာရုံတွေကိုကြည့်ပြီး---ကျနော်မျက်စိမှိတ်ဖို့ကြိုးစားခဲ့ရ
မချိမဆန့်အော်ဟစ်သံတွေနဲ့ ကျနော်လန့်နိုးနေခဲ့ရ။
မနက်လင်းရင် သတင်းတွေကိုနားမထောင်ရဲဘူး
တခါတခါ အင်တာနက်ကိုမဖွင့်ချင်ဘူး
အရွယ်ရောက်တဲ့အခါ-- လူစိတ်မရှိတဲ့ကောင်တွေ နဲ့အချိန်ပြည့်စစ်ခင်းနေရမယ်ဆိုတာ
ကျနော်ဘယ်မှာတွေးမိခဲ့လို့လဲ။
နွေဦး ရဲ့တံခါးတွေကိုတွန်းဖွင့်ကြည့်မိတယ်။
စိမ်းစိုတဲ့ရှုမျှော်ခင်းတွေထဲမှာလဲ- လူသေတွေမျောပါနေကြ---
ကျနော့်မိတ်ဆွေတွေလည်း ဖြစ်နိုင်ချေရှိသလိုလို..လေပူတွေထဲ မျောပါနေကြ--
အော်-- ကျနော့်ကိုယ်ကျနော်--
စနက်တံကိုစနစ်တကျဖြုတ်ပြီး…ပေါက်ကွဲမဲ့
ဗုံးတလုံးသာဖြစ်လိုက်ချင်တော့တယ်။
ရဝမ်ဒါမှာ လွန်ခဲ့တဲ့ (၁၄) နှစ်တုံးက ဖြစ်ခဲ့တဲ့လူမျိုးစုသုတ်သင်ရှင်းလင်းရေးပူဆွေးအောက်မေ့ဘွယ်အခမ်းအနားကို
မနေ့ကတွတ်ဆီ နဲ့ဟူတူခေါင်းဆောင်တွေပေါင်းပြီးကျင်းပနေတုံး-ဗမာပြည်ဆိုင်ကလုံးအတွက်ဆွေးနွေးပွဲအပြီး
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီးမွန်းက “ ဗမာအစိုးရရဲ့ပျော့ပြောင်းလာတဲ့သဘောထားဟာ
အပြောင်းအလဲတခုကိုဦးတည်လာနိုင်တယ်” လို့ဆိုလိုက်တယ်။ ပြည်တွင်းမှာ ဒုက္ခသည်တွေကိုကူညီတဲ့လူတွေကိုစစ်အစိုးရကနှောက်ရှက်ဖမ်းဆီးနေတယ်။ လူတွေဒုက္ခတွေကြားမှာသေမင်းကိုခပ်ဖြည်းဖြည်းစောင့်နေကြတယ်။ ကျနော်ကဘာရယ်မဟုတ်ဘူး။ ရဝမ်ဒါလူမျိုးစုသုတ်သင်ရှင်းလင်းပွဲလုပ်ခါနီး ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တချို့ နဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ အမေရိကန်ပြည်ထောင်စုကိုအကူအညီတောင်းခဲ့တဲ့ကစ္စတခုကိုသွားသတိရမိတယ်။ စစ်ရေးအရဝင်ရောက်ဖို့မဟုတ်ပါဘူး။ ဟူတူစစ်သွေးကြွတွေက လေဒီယိုအသံလွှင့်စက်တွေကနေ တနိုင်ငံလုံးမှာရှိတွဲ့တ်ဆီတွေကိုသတ်ဖို့အမိန့်ပေးဖို့ကြိုးစားတာကို
ကာကွယ်တဲ့အနေနဲ့ကြားဖြတ်စက်တွေကတဆင့်၊ ရေဒါတွေကတဆင့်အဲ့ဒီအသံလှိုင်းကိုဖျက်ပစ်ဖို့အကူအညီတောင်းခဲ့ကြတယ်။ ရဝမ်ဒါကဆင်းရဲတဲ့နိုင်ငံဆိုတော့ ရေဒီယိုကနေတဆင့်လူထုကိုဆက်သွယ်နေရတဲ့နည်းပါ။ အသံလှိုင်းတွေကိုဖျက်ချပစ်ဖို့ဆိုတဲ့အင်မတန်ရိုးစင်းလွယ်ကူတဲ့အရာတခုကိုစီအိုင်အေ အပါအဝင်
ဘယ်အဖွဲ့အစည်းကမှမလုပ်ခဲ့ပါဘူး။ နောက်တော့--- ကျနော်တို့ဝမ်းနည်းရပါတယ်တဲ့။ ကလင်တန် နဲ့ ကိုဖီအာနန် က ရဝမ်ဒါကိုသွားပြီးကြေကွဲပြကြတယ်။ နောက်တော့ သမိုင်းတွေက ပညာတတ်တွေအတွက် အရသာခံသင်ယူရမဲ့ ဘာသာရပ်တခုလိုဖြစ်လာတယ်။ ခုရက်တွေ-စိတ်ထဲမှာ တော်တော်လေးအနှောက်အရှက်
ဖြစ်နေတဲ့အရာတွေရှိတယ်။ မိတ်ဆွေတွေကိုမေးစရာတချို့ရှိနေပါသေးတယ်။
ဆောင်းပါးအပြည့် အစုံကို အထက်မှာ ရှိတဲ့ “အဆင့် (၄) ဆင့်ပေါ်ကအတွေးအခေါ်များ နှင့် ကျနော်တို့ရဲ့ပြဿနာများ”
ဆောင်းပါးကိုဖတ်ပါ။
0 comments:
Post a Comment