မမျှော်လင့်တဲ့ ဖြစ်စဉ်တွေ ---

Monday, September 15, 2014, 8:42 PM

Post your comment Post Comment | Email this to your friend 0 comments
Black Swan Theory ဆိုတာကို ကြားဘူးမိကြလိမ့်မယ်။ နည်းပညာတိုးတက်မှုတွေ၊ ဘဏ္ဍာရေးအဆောက်အဦဆိုင်ရာ အပြောင်းအလဲတွေ၊ နိုင်ငံရေး ပဋိပက္ခတွေ ရဲ့ မမျှော်လင့်တဲ့ ဖြစ်စဉ်ကြီးတွေ နဲ့ အတူ၊ နိုင်ငံတကာလူ့အဖွဲ့အစည်းတွေ ရဲ့ အစီအစဉ်တွေ ရုတ်တရက် လွဲချော်ပြောင်းလဲကုန်ကြတာကို ရည်ညွှန်းတာပါ။
အင်တာနက်ကို တီထွင်နိုင်ခြင်း၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်း၊ စက်တင်ဘာ (၁၁) ရက် တိုက်ခိုက်ခံရခြင်းတွေကို Black Swan theory ထဲမှာ ထည့်သွင်းဆွေးနွေးလေ့ရှိတယ်။
(၁)
၂၀၁၄ ဆိုတာ NATO ( မြောက်အတ္တလန်တစ် သဘောတူညီမှုအဖွဲ့) အတွက် လမ်းဆုံလမ်းခွ လို့ ဆိုရမယ့် နှစ်ဖြစ်တယ်။
ဒုတိယ ကမ္ဘာစစ်အပြီးမှာ နေတိုး ကို စတင်ဖွဲ့စည်းတဲ့ အဓိက ရည်ရွယ်ချက်က ရုရှားရဲ့ ဥရောပ အပေါ်လွှမ်းမိုးလာနိုင်မှုကို ဆွဲထုတ်ပစ်လို့ဖြစ်တယ်။
Russian out ၊ American in လို့ ဆိုကြတယ်။ ဒီလိုနဲ့ ဥရောပ ဇာတ်ခုံမှာ အမေရိကန်ဦးဆောင်ရေး မူဝါဒဖြစ်လာခဲ့တယ်။
ဒါပေမယ့်၊ ရုရှားကို ဆွဲထုတ်မပစ်နိုင်ခဲ့သလို၊ ဥရောပနိုင်ငံတွေကရော အမေရိကန်ရဲ့ ဦးဆောင်မှုကို လိုလိုချင်ချင်ရှိနေပါသေးရဲ့လား။
နေတိုးရဲ့ အနာဂတ် ဦးတည်ချက်တွေဟာ ဥရောပ နဲ့ ရုရှားတခုတည်းမှာပဲ အာရုံစူးစိုက်မနေသင့်ပဲ၊ အကြမ်းဖက်သမားတွေ နဲ့ ရင်ဆိုင်နေရတဲ့ စစ်ပွဲတွေမှာ ကော မပါဝင်သင့်ဘူးလား။
ISIS အဖွဲ့ရဲ့ ခေါင်းဖြတ်သတ်မှုတွေဟာ ဒီမေးခွန်းတွေအတွက် တစုံတရာအဖြေပေးနိုင်ပေမယ့်၊ အမေရိကန်ပြည်ထောင်စု ရဲ့ တိမ်းညွှတ်မှုကလည်း ဒုတိယ ကမ္ဘာစစ်အပြီးတုံးလို မဟုတ်။ ဘရက်အိုဘားမား အပါအဝင် ဒီမိုကရက်တစ်တွေ ယုံကြည်တဲ့ အနာဂတ် စစ်မျက်နှာက အာရှ၊ ပစ္စဖိတ်ဒေသ ဖြစ်တယ်။ တရုတ်ပြည်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ၁၉၉၀ မှာ ( 11.85 B) ရှိပေမယ့်၊ ၂၀၀၈ ခုနှစ်မှာ ( 114 B ) အထိ ဖြစ်လာတယ်။ တောင်တရုတ်ပင်လယ် ဆိုတာ၊ တရုတ်ပြည်လိုအပ်နေတဲ့ Crude oil ဟာ အနည်းဆုံး 218 B barrels ရှိတယ်။
သဘာဝဓါငွေ့က 3.7 ထွီလီယံ (cm) 3 ရှိတယ်။ တရုတ်ပြည်အတွက် နှစ် (၆၀) စာ လုံလောက်တဲ့ စွမ်းအင်တွေကို တောင်တရုတ်ပင်လယ်က ဖြည့်ဆည်းပေးလိမ့်မယ်။
Arab Spring ရဲ့ လှုပ်ရှားမှုဟာ တရုတ်ပြည်ရဲ့ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်တယ် လို့ ဆိုပေမယ့်၊ အရှေ့အလယ်ပိုင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတာ အခုမှ မဟုတ်ပါဘူး။
တရုတ် က အီရန် ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကို အကြောင်းပြ၊ အမေရိကန်ပြည်ထောင်စု ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို အကြောင်းပြပြီး အီရန်မှာ ရင်းနှီးမြှုပ်နှံတဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်း (၂၂%) ကို ယာယီရပ်တန့်လိုက်တဲ့အခါ၊ အီရန်အစိုးရ ရဲ့ စွမ်းအင်ဝန်ကြီးဋ္ဌာန က တရုတ်ပြည်ကို ဈေးနှုန်းလျော့ပြီး ကမ်းလှမ်းခဲ့တယ်။
အခြားတဘက်မှာတော့ တရုတ်ပြည်ဟာ အီရန်အတွက် လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ၊ တင့်ကားတွေ၊ ဒုံးခွင်းလက်နက်တွေ ကို ရောင်းချပေးခဲ့တယ်။ အီရန်ကို စစ်လက်နက်ပစ္စည်းရောင်းချပေးနေတဲ့ နိုင်ငံတွေအနက် တရုတ်ဟာ ရုရှားပြီးရင် ဒုတိယအများဆုံး တင်ပို့ရောင်းချတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့်လည်း အရှေ့အလယ်ပိုင်းနိုင်ငံရေး ဘယ်လောက်ပဲ မတည်ငြိမ်နေပါစေ။ တရုတ်ပြည်အတွက်တော့ အမြတ် (၂) ဆဖြစ်နေတယ်။ (၂) တကယ်လို့ အမေရိကန်ပြည်ထောင်စု နဲ့ အီရန် ရဲ့ နိုင်ငံရေးထိပ်တိုက်တွေ့မှုတွေ မြင့်တက်လာခဲ့မယ်။
အမေရိကန်ပြည်ထောင်စုဟာ အီရန်ကို တိုက်ခိုက်မယ် ဆိုရင် အီရန်က Hormuz ရေလက်ကြားကို ပိတ်ပစ်မယ် လို့ ခြိမ်းခြောက်တယ်။
အဲ့ဒီရေလက်ကြားကို ပိတ်ပစ်လိုက်မယ် ဆိုရင် ဆော်ဒီရဲ့ ရေနံတင်ပို့မှုတွေလည်း ဒုက္ခရောက်နိုင်သလို၊ တရုတ်ပြည်ရဲ့ စွမ်းအင်ရရှိရေးကလည်း မရေရာတော့ဘူး။
ဒါကြောင့် တရုတ်ဟာ တောင်တရုတ်ပင်လယ်ကို အရင်ကထက် ပိုမို အာရုံစိုက်လာခဲ့တယ်။

တရုတ်ရဲ့ ရေတပ်ချဲ့ထွင်မှုကို အဓိကကြောက်လာသူက ဗီယက်နမ် ။

မကြာသေးမီကာလအတွင်းက စပြီး ဗီယက်နမ် ဟာ အိန္ဒိယ နဲ့ ကာကွယ်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့သလို၊ အနောက်ဘက်ဖိလစ်ပိုင် ပင်လယ်ဆီက သူ့ရဲ့ရေတပ်ကို ခေတ်မှီအောင် ပြန်လည်တည်ဆောက်တယ်။
ရုရှားဆီကနေ ( 1.8 B ) တန်ဘိုးရှိတဲ့ ရေငုတ်သင်္ဘောတွေကို ဝယ်ယူခဲ့တယ်။
အမေရိကန်တွေအတွက်လည်း တောင်တရုတ်ပင်လယ် ဆိုတာ အသက်တမျှ အရေးပါတဲ့ အကျိုးစီးပွားဖြစ်တယ် လို့ ဆိုနေသလို၊
တရုတ်ပြည်ကလည်း၊ တောင်တရုတ်ပင်လယ်ရဲ့ (1.2) သန်း စကွဲယားမိုင် ကျယ်ဝန်းတဲ့ ရေပြင်ဟာ တရုတ်ပိုင်နက် ဖြစ်တယ် လို့ သတိပေးနေတယ်။ (၃) တကယ်တော့ အရှေ့အလယ်ပိုင်းေးသက ထွက်တဲ့ စွမ်းအင် ရဲ့ ၉၀% ကို သုံးစွဲနေသူတွေက အာရှနိုင်ငံတွေဖြစ်တာကြောင့်၊

အရှေ့အလယ်ပိုင်းနိုင်ငံရေးပေါ်မှာ မူတည်ပြီး အန္တရာယ်များတဲ့ နိုင်ငံရေး ကစားပွဲတွေကို အနောက်နိုင်ငံတွေထက် လုပ်နိုင်တာက အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား နဲ့ ဖိလစ်ပိုင် နိုင်ငံတွေဖြစ်တယ်။ ဒါ့ကြောင့်လည်း တရုတ်ပြည်က တောင်တရုတ်ပင်လယ်သာ မက၊ ထိုင်းပင်လယ်ကွေ့ကိုလည်း ပစ်မှတ်ထားလာခဲ့တယ်။
အမေရိကန်တွေရဲ့ Asia Pivot တရုတ်ပြည် ရဲ့ တောင်တရုတ်ပင်လယ်အပါအဝင်၊

ထိုင်းပင်လယ်ကွေ့ အပေါ် အာရုံစိုက်လာမှုတွေဟာ

Black Swan shock ဆီကို ဦးတည်လာနေပြီလို့ သတိပေးနေတဲ့ ပညာရှင်တွေ များသထက်များလာခဲ့တယ်။

နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ