မြူးနစ်

Saturday, October 31, 2015 0 comments
“ မြူးနစ် ” ဆိုတဲ့ ရုပ်ရှင်လေးကို ကြည့်ဘူးမိကြလိမ့်မယ်။ ဒါရိုက်တာ “ စတီဗင် စပီးဘတ် ” ရိုက်ကူးခဲ့တဲ့ကားလေး။ အစ္စရေးနိုင်ငံ က အဲ့ဒီ ရုပ်ရှင်ကားကို စိတ်ဆိုးတကြီး တုန့် ပြန်ခဲ့ဘူးတယ်။ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ရှိတဲ့ ရီပတ်ပလင်ကန် ကွန်ဆာဗေးတစ်တွေကလည်း ဒီ ရုပ်ရှင် အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်။ ဒါရိုက်တာ စတီဗင် စပီးဘတ် တယောက်လည်း ဝေဖန်တိုက်ခိုက်ခံရမှုမုန်တိုင်းဗဟိုချက်မမှာ ရောက်ခဲ့ဘူးတယ်။ ဇာတ်လမ်းရဲ့ ကျောရိုးက ၁၉၇၂ မြူးနစ် အိုလံပစ်ပွဲမှာ အစ္စရေးအားကစားသမားတွေ ပြန်ပေးဆွဲ၊ သတ်ဖြတ်ခံရ ပြီးတဲ့နောက်မှာ၊ အစ္စရေးထောက်လှမ်းရေး မော့ဆက် ဟာ ပါလက်စတိုင်း Black September အဖွဲ့ နောက်ကွယ်မှ တာဝန်အရှိဆုံး ခေါင်းဆောင်ဆိုသူ (၁၁) ယောက်ကို လုပ်ကြံသတ်ဖြတ်တဲ့ကား။ ရုပ်ရှင် ဒိုင်ယာလော့တွေ က သိပ်ကောင်းတယ်။ “ ကျမတို့ ဟာ ဘယ်လို ယဉ်ကျေးမှု တန်ဘိုးတွေ နဲ့ အဲ့သလို အကြမ်းဖက်သမားတွေကို စေ့စပ်ဆွေးနွေးမှာလဲ ” ဆိုတဲ့ မေးခွန်းကို မေးရင်း ထောက်လှမ်းရေးတွေကို နိုင်ငံတကာ စေလွှတ် ပြီး ပါလက်စတိုင်းခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်တယ်။ ဒါရိုက်တာ စတီဗင် စပီးဘတ်က အစ္စရေး ရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို ဘုရှ်အစိုးရ အဖွဲ့ ရဲ့ အော်ကိုင်းဒါး နဲ့ အကြမ်းဖက်သမားများ အပေါ် စစ်ဆင်ရေး နဲ့ ယှဉ်ပြီး ဇာတ်ကားထဲမှာ မေးခွန်းထုတ်တယ်။ “ ငါတို့ ဟာ ဂျူးတွေ ဖြစ်တယ်။ သူတို့ လို အကြမ်းဖက်မှုမျိုး နဲ့ ပြန်တုန့် ပြန်သင့်သလား” ဆိုတာမျိုးတွေ ပါနေတော့၊ အစ္စရေးနိုင်ငံက သိပ်ပြီး စိတ်ဆိုးတယ်။ သူတို့ ရဲ့ လုပ်ရပ် ကို ပါလက်စတိုင်းလက်နက်ကိုင်တိုက်ခိုက်မှုတွေ ရဲ့ ရည်ရွယ်ချက်တွေ နဲ့ တတန်းတည်း ထားရမလား လို့ ပေါ့။ တကယ်တော့ အစ္စရေး နိုင်ငံဘက်က အဓိက ပြောချင်နေတဲ့အချက်က မော့ဆက် ရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေဟာ အစ္စရေးပြည်သူတွေအတွက် ရှင်သန်မှုနိုင်ငံရေးဖြစ်တယ်။ စပီးဘတ် ရဲ့ မေးခွန်းထုတ်မှုဟာ စော်ကားတယ် လို့ ယုံကြည်ကြတယ်။ အကြမ်းဖက်မှု နဲ့ ရှင်သန်မှု နိုင်ငံရေး စေ့စပ်ဆွေးနွေးမှုတန်ဘိုး ကို ဘယ်လောက်ထိ ထားမလဲ။ ဘာပဲဖြစ်ဖြစ် ဒီလို ဇာတ်ကားတွေကို ကြည့်မိရင် ပိုပြီး သွက်လက် တက်ကြွလာတာတော့ အမှန်။ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို လုပ်ကြံပစ်လိုက်တော့လည်း အေးတာပဲ။ ( ရုပ်ရှင် ကို ပြောတာနော် ) The rest of the post

ဗီယက်နမ်နိုင်ငံဆီက လယ်မြေသိမ်းပိုက်မှုတွေ

Thursday, January 22, 2015 0 comments
“လွန်ခဲ့တဲ့ (၂) နှစ်လလောက်ကတည်းက ကျမ တို့ လင်မယားနှစ်ယောက်ဟာ အလုပ်တွေလိုက်ရှာခဲ့ပေမယ့်၊ ဘယ်သူကမှ မခန့်ခဲ့ကြဘူး။
ကျမတို့က အသက်ကြီးလို့တဲ့လေ။ အစိုးရရဲ့ လယ်မြေသိမ်းပိုက်မှုတွေကြောင့်စိုက်ပျိုးရေးလည်း လုပ်စားလို့ မရတော့သလို၊
အသစ်ဆောက်လုပ်တဲ့ အိမ်တွေမှာ နေထိုင်ချင်ရင်လည်း လာဆောက်တဲ့ ကုမ္မဏီ နဲ့ ပဲ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးရမယ်” တဲ့။
ဗီယက်နမ်အစိုးရရဲ့ လယ်ယာမြေသိမ်းပိုက်မှုရော်ကြေးငွေတွေပမာဏဟာ ဈေးနှိမ်လွန်းတာကြောင့် လယ်သမားတွေက လက်မခံခဲ့ကြပါဘူး။
ဒါပေမယ့် အစိုးရက လယ်သမားတွေ ဘာမှစိုက်ပျိုးလို့မရအောင် လယ်မြေတွေကို သဲတွေ နဲ့ ဖုံးပစ်လိုက်ပါတယ်။
ဗီယက်နမ်ကွန်မြူနစ်ပါတီဟာ လယ်သမားတွေရဲ့ နာမည်နဲ့ ဘဏ်တွေမှာ စာရင်းဖွင့်ပေးပြီး၊ လယ်မြေတွေကို သိမ်းယူလိုက်ပါတယ်။
ဒါပေမယ့် အစိုးရရော်ကြေးငွေတွေဟာ ကာလပေါက်ဈေးထက် နည်းလွန်းလှတဲ့အပြင်၊
အဲ့ဒီရော်ကြေးငွေဟာ နှစ်အနည်းငယ်လောက်ပဲ လယ်သမားတွေအတွက် ရှင်သန်နိုင်ပါတယ်။
ငွေကုန်သွားရင် ဘယ်လို ရပ်တည်ကြမလဲ ဆိုတဲ့ အချက်တွေကို လယ်သမားတွေက လေးလေးနက်နက်တွေးနေခဲ့ကြပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းတွေကို နှစ်ပေါင်းများစွာလုပ်ခဲ့ကြတဲ့အတွက်၊ အလုပ်အကိုင်သစ်တွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ဆိုတာကလည်း သိပ်ပြီး မလွယ်ကူကြပါဘူး။

တကယ်တော့ ဗီယက်နမ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝလာမှုဟာ လယ်သမားလူတန်းစားရဲ့ ပိုင်ဆိုင်မှုကို မတရားသဖြင့် သိမ်းယူပြီး
ကြီးပွားချမ်းသာလာခြင်းဖြစ်တယ် လို့ ယုံကြည်နေကြသူတွေလည်း ရှိပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ - ၂၀၀၁ ခုနှစ် နဲ့ ၂၀၁၀ အတွင်းမှာ လယ်မြေဧကပေါင်း (၂.၅ မီလီယံ ဧက ) ကို သိမ်းယူခဲ့တယ်။
စိုက်ပျိုးမြေအဖြစ်ဆက်လက်အသုံးမပြုတော့သလို၊ လယ်သမားတွေအတွက်လည်း အလုပ်အကိုင်ဖူလုံအောင် မဖန်တီးပေးနိုင်ခဲ့ပါဘူး။
၂၀၁၁ မတိုင်ခင် (၃) နှစ်အတွင်းမှာ လယ်ယာမြေ နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုပေါင်း (၇) သိန်းကျော်ရှိပါတယ်။

ဗီယက်နမ်ကွန်မြူ နစ်ပါတီခေါင်းဆောင်တွေရဲ့ အဆိုအရ၊ ပါတီကေဒါတွေဟာ အာဏာအလွဲသုံးစားလုပ်ပြီး လူ့အဖွဲ့အစည်းအတွက် အမှားတွေကို ကျူးလွန်နေကြတယ်။
လဒ်ထိုးအကျင့်ပျက်မှုတွေကို လက်ခံပြီး တရားမဝင်မြေအရောင်းအဝယ်လုပ်မှုတွေက ကြီးမားသထက် ကြီးမားလာတယ် လို့ ဝန်ခံခဲ့ရပါတယ်။ လယ်သမားဆူပူဆန္ဒပြပွဲတွေ ကို ရင်ဆိုင်လာရပြီးတဲ့နောက်မှာ ကွန်မြူနစ်ပါတီဟာ ဥပဒေသစ် ကို ၂၀၁၄ ဂျူလိုင်လမှာ ထုတ်ပြန်ခဲ့တယ်။
လယ်ယာမြေတွေကို ထင်သလို သိမ်းပိုက်နိုင်ခွင့်မရှိစေရ၊ သိမ်းယူခဲ့မယ် ဆိုရင်လည်း မြင်သာထင်ရှားတဲ့ အကြောင်းပြချက်တွေ ရှိရမယ် လို့ ဆိုပါတယ်။

ကျနော်တို့ မြန်မာပြည်မှာလည်း လယ်ယာမြေသိမ်းယူခြင်းတွေကြောင့် လူမှုရေးမငြိမ်သက်မှုတွေ၊ လယ်သမားတွေ နဲ့ ရဲတွေကြားမှာ အပြန်အလှန်တိုက်ခိုက်မှုတွေကို မြင်တွေ့နေရပါတယ်။
ဗီယက်နမ်အစိုးရ နဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကတော့ ဒီလို လယ်သိမ်းမြေသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အနှောက်အရှက်ဖြစ်စေတယ်။
နိုင်ငံတကာအလည်မှာလည်း အစိုးရရဲ့ ဂုဏ်သိက္ခာကို ကျစေတယ် လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်လည်း လယ်သမားတွေအတွက် အခွင့်အရေးကာကွယ်ရေးဥပဒေတွေကို ပြဋ္ဌာန်းပေးခဲ့ရပါတယ်။
မြန်မာအစိုးရအနေနဲ့လည်း အာဏာရှင်နိုင်ငံတွေဆီက အမှားတွေကို သင်ခန်းစာယူသင့်ပါတယ်။
သောတရှင် မြန်မာလယ်သမားတွေလည်း အနာဂတ်မှာ လုံခြုံစိတ်ချရတဲ့ အသွင်ကူးပြောင်းရေးတွေ နဲ့ ဆုံဆည်းနိုင်ကြပါစေ လို့ ဆန္ဒပြု လိုက်ပါရစေ။
( တံခါးများကိုဖွင့်ကြည့်ခြင်း အစီအစဉ်မှ )

စီးပွားရေးပိတ်ဆို့မှု၊ ဇိမ်ခံရုပ်ရှင်ကားများနှင့်နိုင်ငံရေးကစားပွဲများ

Wednesday, January 7, 2015 0 comments
Denzel Washington ရဲ့ Equalizer ရုပ်ရှင်ကားသစ်လေး ကို သွားကြည့်မိတယ်။ သူ့ရဲ့ ကားတွေက များသော အားဖြင့်ကောင်းတတ်တယ်မို့လား။ ဒီကား ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ သူတယောက်တည်း နဲ့ ရှရှား မာဖီးယား ဂိုဏ်းကို အပြတ်ဖြိုတော့တယ်။ သူလည်း တဖြည်းဖြည်း နဲ့ ရမ်ဘို လို ဖြစ်လာတယ်။

အမေရိကားက ရုရှားဂိုဏ်းခေါင်းဆောင်တောင် မကဘူး။ မော်စကိုထိ လိုက်ပြီး နှိမ်နှင်းလိုက်သေးတယ်။ နောက်ဆုံးတော့ မင်းသားက ဘောစတွန်မြို့ ရဲ့ ရပ်ကွက်တခုမှာ အောင်မြင်သူအဖြစ် တိတ်တိတ်လေးနေထိုင်တယ်။ ရုပ်ရှင်အပြီး အပြင်ကို ထွက်လာတော့ Do you love Russian Girl ဆိုတဲ့ Escort Service ပိုစတာကြီးက လှောင်နေသလိုပဲ။ တကယ်တော့ အမေရိကားမှာ Human Trafficking လို့ ခေါ်တဲ့ လူကုန်ကူးမှုက အကြီးမားဆုံးတည်ရှိနေတယ်။ ရဲတွေကလည်း ခြစား အကျင့်ပျက်နေတော့ ဘယ်လိုမှ နှိမ်နှင်းလို့မရဘူး။ FBI သတင်းရပ်ကွက်မှာဆို ဘယ်ဂိုဏ်းမှာ ဘယ်သူသေရင် ခေါင်းဆောင်သစ်က ဘယ်သူလာမယ် တရားဝင်သိနေကြပေမယ့်၊ ဘယ်လိုမှ ဖမ်းလို့မရ။ သူတို့ကလည်း ငွေယူထားတဲ့ အထဲ ပါနေသလား မသိပါဘူး။ ရုပ်ရှင်ကားမကောင်းတာ ထားလိုက်ပါ။
အမေရိကားက ရုပ်ရှင်ရုံတွေအကြောင်း ပြောချင်တယ်။ ကိုယ်ကလည်း ရုပ်ရှင်ကြိုက်တော့ member card လုပ်ထားတယ်။

ထူးထူးခြားခြား ကိုယ်နေတဲ့ ရပ်ကွက်ထဲမှာ ရုပ်ရှင်ရုံတွေက ၂၀၁၂ ခုနှစ်က စပြီး အပျံစားဖြစ်သွားတယ်။ ရုပ်ရှင်ရုံခုံတွေက အိပ်ယာတွေလို နောက်ကို လှန်ပြီး သက်တောင့်သက်သာကြည့်လို့ရသလို၊ ကားမကောင်းရင် အိပ်လို့ရတယ်။ အရင်က ခုံအရေအတွက် ထက်၊ တဝက်လောက်လျော့ပစ်လိုက်တယ်။ အပြင်အဆင်ကလည်း ကမ်းခြေတခုမှာ ရောက်နေသလိုမျိုးပေါ့။ နောက်မှ သိတာ Dalian Wanda Group လို့ ခေါ်တဲ့ တရုတ်ကုမ္မဏီ က ဝယ်လိုက်တာတဲ့။

Dalian Wanda Group က ပီကင်းမှာ ဗဟိုပြုပြီး၊ အဆင့်မြင့် ဟော်တယ် (၅၅) ခု၊ ကုန်တိုက်ပေါင်း ( ၇၈) ခု၊ Wanda ပလာဇာ ( ၈၈) ခု၊ ရုပ်ရှင်ရုံပေါင်း (၁၃၀၀) နီးပါး နဲ့ တခြားစီးပွားရေးလုပ်ငန်းအများအပြားပိုင်တယ်။ တရုတ်ပြည်မှာ အင်မတန် ချမ်းသာတဲ့ ကုမ္မဏီတွေ အနက် တခုအပါအဝင်ဖြစ်တယ်။ Dalian Wanda Group က အမေရိကားမှာရှိတဲ့ AMC ရုပ်ရှင်ရုံတွေအားလုံးကို ( 2.6 B) ဈေးနဲ့ဝယ်ယူခဲ့တယ်။ အမေရိကားနဲ့ ကနေဒါမှာ AMC ရုပ်ရှင်ရုံပေါင်း ၃၅၀ နီးပါးရှိတယ်။ တရုတ်ပြည်မှာ (၈၈) ခုရှိတယ်။ AMC ပိုင်တဲ့ ရုပ်ရှင်ကားပေါင်း (၅၀၀၀) ကျော်လည်း အရောင်းအဝယ်လုပ်တဲ့ အထဲမှာ ပါတာပေါ့။ တရုတ်တွေက တကယ်ချမ်းသာပြီဆိုရင် ရုပ်ရှင်ရုံမှာကအစ ၊ ဇိမ်ခံကြည့်တယ်။ ထူးခြားတာက ဒီရပ်ကွက်က အဖြူတွေ အများဆုံးနေတဲ့ ရပ်ကွက်။ လူမည်း ဆိုလို့ မရှိသလောက်ပဲ။

ဒါပေမယ့် ရုပ်ရှင်ကားက နာမည်ကြီးလူမည်း မင်းသား ဒန်ဇဲဝါရှင်တန် ရဲ့ ကား ဆိုတော့ ပရိဿတ်ကလည်း လူမည်းတွေ များတယ်။ ဘယ်က လာကြည့်ကြသလဲ မသိပါဘူး။ ပုံမှန်ဆို မရှိပါဘူး။ ရုပ်ရှင်ရုံကလည်း အိပ်ကြည့်လို့ရတယ် ဆိုတော့ ဒုက္ခရောက်တော့တာပဲ။ ဘေးနှစ်ဘက်လုံးမှာ လာကြည့်တဲ့သူတွေက တကယ့်ကို ဟဲဗီးတွေပဲ။ Equalizer ရုပ်ရှင်ကားထဲမှာတော့ တဒိုင်းဒိုင်းပစ်၊ ဗုံးတွေပေါက်ကွဲ ဘေးနားက အမည်းမတွေကလည်း ခုံလှန်ပြီး အိပ်လိုက်ကြတာ။ ဟောက်သံတွေက သေနတ်သံတွေနဲ့ အပြိုင်ပဲ။ အမေရိကန်မင်းသားကတော့ လူဆိုးတွေကို အောင်နိုင်နေပြီ။ ဒါပေမယ့် လက်တွေ့မှာ တရုတ်တွေက ရုပ်ရှင်ရုံပိုင်တယ်။ အမည်းတွေက ရုပ်ရှင်ရုံထဲလာပြီး တခေါခေါ အိပ်နေတယ်။ ကိုယ်လည်း စိတ်ပျက်လက်ပျက် နဲ့ တယောက်ပြီး တယောက်သေနေတဲ့ ရုပ်ရှင်ကားပြင်ကြီးကို ကြည့်ရင်း အိမ်ပြန်ရင် ကောင်းမလား၊ ဆက်ကြည့်ရင် ကောင်းမလား စဉ်းစားနေတယ်။ ဒီလို နဲ့ ရုပ်ရှင်ပြီးသွားတယ်။ တကယ်တော့ စီးပွားရေးပိတ်ဆို့မှု၊ ဇိမ်ခံမှုများ နှင့် နိုင်ငံရေးဝါဒဖြန့်မှုများ ဆိုတာ ဟောလိဝုဒ်က ရုပ်ရှင်ကားတွေ ရဲ့ ဇာတ်ညွှန်းတခုလောက်သာ ----

မမျှော်လင့်တဲ့ ဖြစ်စဉ်တွေ ---

Monday, September 15, 2014 0 comments
Black Swan Theory ဆိုတာကို ကြားဘူးမိကြလိမ့်မယ်။ နည်းပညာတိုးတက်မှုတွေ၊ ဘဏ္ဍာရေးအဆောက်အဦဆိုင်ရာ အပြောင်းအလဲတွေ၊ နိုင်ငံရေး ပဋိပက္ခတွေ ရဲ့ မမျှော်လင့်တဲ့ ဖြစ်စဉ်ကြီးတွေ နဲ့ အတူ၊ နိုင်ငံတကာလူ့အဖွဲ့အစည်းတွေ ရဲ့ အစီအစဉ်တွေ ရုတ်တရက် လွဲချော်ပြောင်းလဲကုန်ကြတာကို ရည်ညွှန်းတာပါ။
အင်တာနက်ကို တီထွင်နိုင်ခြင်း၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်း၊ စက်တင်ဘာ (၁၁) ရက် တိုက်ခိုက်ခံရခြင်းတွေကို Black Swan theory ထဲမှာ ထည့်သွင်းဆွေးနွေးလေ့ရှိတယ်။
(၁)
၂၀၁၄ ဆိုတာ NATO ( မြောက်အတ္တလန်တစ် သဘောတူညီမှုအဖွဲ့) အတွက် လမ်းဆုံလမ်းခွ လို့ ဆိုရမယ့် နှစ်ဖြစ်တယ်။
ဒုတိယ ကမ္ဘာစစ်အပြီးမှာ နေတိုး ကို စတင်ဖွဲ့စည်းတဲ့ အဓိက ရည်ရွယ်ချက်က ရုရှားရဲ့ ဥရောပ အပေါ်လွှမ်းမိုးလာနိုင်မှုကို ဆွဲထုတ်ပစ်လို့ဖြစ်တယ်။
Russian out ၊ American in လို့ ဆိုကြတယ်။ ဒီလိုနဲ့ ဥရောပ ဇာတ်ခုံမှာ အမေရိကန်ဦးဆောင်ရေး မူဝါဒဖြစ်လာခဲ့တယ်။
ဒါပေမယ့်၊ ရုရှားကို ဆွဲထုတ်မပစ်နိုင်ခဲ့သလို၊ ဥရောပနိုင်ငံတွေကရော အမေရိကန်ရဲ့ ဦးဆောင်မှုကို လိုလိုချင်ချင်ရှိနေပါသေးရဲ့လား။
နေတိုးရဲ့ အနာဂတ် ဦးတည်ချက်တွေဟာ ဥရောပ နဲ့ ရုရှားတခုတည်းမှာပဲ အာရုံစူးစိုက်မနေသင့်ပဲ၊ အကြမ်းဖက်သမားတွေ နဲ့ ရင်ဆိုင်နေရတဲ့ စစ်ပွဲတွေမှာ ကော မပါဝင်သင့်ဘူးလား။
ISIS အဖွဲ့ရဲ့ ခေါင်းဖြတ်သတ်မှုတွေဟာ ဒီမေးခွန်းတွေအတွက် တစုံတရာအဖြေပေးနိုင်ပေမယ့်၊ အမေရိကန်ပြည်ထောင်စု ရဲ့ တိမ်းညွှတ်မှုကလည်း ဒုတိယ ကမ္ဘာစစ်အပြီးတုံးလို မဟုတ်။ ဘရက်အိုဘားမား အပါအဝင် ဒီမိုကရက်တစ်တွေ ယုံကြည်တဲ့ အနာဂတ် စစ်မျက်နှာက အာရှ၊ ပစ္စဖိတ်ဒေသ ဖြစ်တယ်။ တရုတ်ပြည်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ၁၉၉၀ မှာ ( 11.85 B) ရှိပေမယ့်၊ ၂၀၀၈ ခုနှစ်မှာ ( 114 B ) အထိ ဖြစ်လာတယ်။ တောင်တရုတ်ပင်လယ် ဆိုတာ၊ တရုတ်ပြည်လိုအပ်နေတဲ့ Crude oil ဟာ အနည်းဆုံး 218 B barrels ရှိတယ်။
သဘာဝဓါငွေ့က 3.7 ထွီလီယံ (cm) 3 ရှိတယ်။ တရုတ်ပြည်အတွက် နှစ် (၆၀) စာ လုံလောက်တဲ့ စွမ်းအင်တွေကို တောင်တရုတ်ပင်လယ်က ဖြည့်ဆည်းပေးလိမ့်မယ်။
Arab Spring ရဲ့ လှုပ်ရှားမှုဟာ တရုတ်ပြည်ရဲ့ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်တယ် လို့ ဆိုပေမယ့်၊ အရှေ့အလယ်ပိုင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတာ အခုမှ မဟုတ်ပါဘူး။
တရုတ် က အီရန် ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကို အကြောင်းပြ၊ အမေရိကန်ပြည်ထောင်စု ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို အကြောင်းပြပြီး အီရန်မှာ ရင်းနှီးမြှုပ်နှံတဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်း (၂၂%) ကို ယာယီရပ်တန့်လိုက်တဲ့အခါ၊ အီရန်အစိုးရ ရဲ့ စွမ်းအင်ဝန်ကြီးဋ္ဌာန က တရုတ်ပြည်ကို ဈေးနှုန်းလျော့ပြီး ကမ်းလှမ်းခဲ့တယ်။
အခြားတဘက်မှာတော့ တရုတ်ပြည်ဟာ အီရန်အတွက် လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ၊ တင့်ကားတွေ၊ ဒုံးခွင်းလက်နက်တွေ ကို ရောင်းချပေးခဲ့တယ်။ အီရန်ကို စစ်လက်နက်ပစ္စည်းရောင်းချပေးနေတဲ့ နိုင်ငံတွေအနက် တရုတ်ဟာ ရုရှားပြီးရင် ဒုတိယအများဆုံး တင်ပို့ရောင်းချတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့်လည်း အရှေ့အလယ်ပိုင်းနိုင်ငံရေး ဘယ်လောက်ပဲ မတည်ငြိမ်နေပါစေ။ တရုတ်ပြည်အတွက်တော့ အမြတ် (၂) ဆဖြစ်နေတယ်။ (၂) တကယ်လို့ အမေရိကန်ပြည်ထောင်စု နဲ့ အီရန် ရဲ့ နိုင်ငံရေးထိပ်တိုက်တွေ့မှုတွေ မြင့်တက်လာခဲ့မယ်။
အမေရိကန်ပြည်ထောင်စုဟာ အီရန်ကို တိုက်ခိုက်မယ် ဆိုရင် အီရန်က Hormuz ရေလက်ကြားကို ပိတ်ပစ်မယ် လို့ ခြိမ်းခြောက်တယ်။
အဲ့ဒီရေလက်ကြားကို ပိတ်ပစ်လိုက်မယ် ဆိုရင် ဆော်ဒီရဲ့ ရေနံတင်ပို့မှုတွေလည်း ဒုက္ခရောက်နိုင်သလို၊ တရုတ်ပြည်ရဲ့ စွမ်းအင်ရရှိရေးကလည်း မရေရာတော့ဘူး။
ဒါကြောင့် တရုတ်ဟာ တောင်တရုတ်ပင်လယ်ကို အရင်ကထက် ပိုမို အာရုံစိုက်လာခဲ့တယ်။

တရုတ်ရဲ့ ရေတပ်ချဲ့ထွင်မှုကို အဓိကကြောက်လာသူက ဗီယက်နမ် ။

မကြာသေးမီကာလအတွင်းက စပြီး ဗီယက်နမ် ဟာ အိန္ဒိယ နဲ့ ကာကွယ်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့သလို၊ အနောက်ဘက်ဖိလစ်ပိုင် ပင်လယ်ဆီက သူ့ရဲ့ရေတပ်ကို ခေတ်မှီအောင် ပြန်လည်တည်ဆောက်တယ်။
ရုရှားဆီကနေ ( 1.8 B ) တန်ဘိုးရှိတဲ့ ရေငုတ်သင်္ဘောတွေကို ဝယ်ယူခဲ့တယ်။
အမေရိကန်တွေအတွက်လည်း တောင်တရုတ်ပင်လယ် ဆိုတာ အသက်တမျှ အရေးပါတဲ့ အကျိုးစီးပွားဖြစ်တယ် လို့ ဆိုနေသလို၊
တရုတ်ပြည်ကလည်း၊ တောင်တရုတ်ပင်လယ်ရဲ့ (1.2) သန်း စကွဲယားမိုင် ကျယ်ဝန်းတဲ့ ရေပြင်ဟာ တရုတ်ပိုင်နက် ဖြစ်တယ် လို့ သတိပေးနေတယ်။ (၃) တကယ်တော့ အရှေ့အလယ်ပိုင်းေးသက ထွက်တဲ့ စွမ်းအင် ရဲ့ ၉၀% ကို သုံးစွဲနေသူတွေက အာရှနိုင်ငံတွေဖြစ်တာကြောင့်၊

အရှေ့အလယ်ပိုင်းနိုင်ငံရေးပေါ်မှာ မူတည်ပြီး အန္တရာယ်များတဲ့ နိုင်ငံရေး ကစားပွဲတွေကို အနောက်နိုင်ငံတွေထက် လုပ်နိုင်တာက အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား နဲ့ ဖိလစ်ပိုင် နိုင်ငံတွေဖြစ်တယ်။ ဒါ့ကြောင့်လည်း တရုတ်ပြည်က တောင်တရုတ်ပင်လယ်သာ မက၊ ထိုင်းပင်လယ်ကွေ့ကိုလည်း ပစ်မှတ်ထားလာခဲ့တယ်။
အမေရိကန်တွေရဲ့ Asia Pivot တရုတ်ပြည် ရဲ့ တောင်တရုတ်ပင်လယ်အပါအဝင်၊

ထိုင်းပင်လယ်ကွေ့ အပေါ် အာရုံစိုက်လာမှုတွေဟာ

Black Swan shock ဆီကို ဦးတည်လာနေပြီလို့ သတိပေးနေတဲ့ ပညာရှင်တွေ များသထက်များလာခဲ့တယ်။

လူထုဆန္ဒ နဲ့ နိုင်ငံရေးပါဝါ

Saturday, May 26, 2012 0 comments
၁၉၉၁ ကွန်မြူနစ်ကမ္ဘာပြိုကျသွားပြီးတဲ့အချိန်မှာ ဟန်ဂေရီ နိုင်ငံဟာ လွပ်လပ်တဲ့ရွေးကောက်ပွဲတွေနဲ့အတူ နိုင်ငံတကာ လူနေမှုအဆင့် အတန်းကို ပုခုံးချင်းယှဉ်နိုင်ခဲ့တယ်။ ပြဿနာက ဟန်ဂေရီနိုင်ငံဟာ နိုင်ငံတကာရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေကြေးစံနစ်တွေအပေါ်မှာ မှီခိုနေရတယ်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်နဲ့အတူ လူတွေရဲ့အတွေးအခေါ်တွေဟာ တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်။ မိမိရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်ကို သံသယ နဲ့ ပြန်သုံးသပ်ကြည့်နေကြတယ်။ တကယ်တော့ “လူထုဆန္ဒ နဲ့ နိုင်ငံရေးပါဝါ နှစ်ခုဟာ နီးစပ်သွားတဲ့အခါ ပြည်သူတွေဟာ ရုန်းထဖို့မလိုတော့ပါဘူး” တဲ့။ ----------------------------------------------------------------------------------------------------------------------------------------------- ဒီ တပတ် လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ဟန်ဂေရီနိုင်ငံ ဆီက သင်ခန်းစာတွေကို ဆွေးနွေးထား ပါတယ်။ သောတရှင်များခင်ဗျား --------------- လွန်ခဲတဲ့ နှစ်တုံးက ၁၉၅၆ ဟန်ဂေရီတော်လှန်ရေးအကြောင်းတင်ပြခဲ့တယ်။ ဒီတပတ်မှာတော့ ဟန်ဂေရီ နိုင်ငံရဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကာလများနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေကို တင်ပြချင်ပါတယ်။ ၁၉၅၆ ဟန်ဂေရီ တော်လှန်ရေးဟာ လူနှစ်သိန်းသေဆုံး၊ နှစ်သိန်းခွဲကျော်ထွက်ပြေးခဲ့ရမှုတွေနဲ့ ကျဆုံးခဲ့ရတယ်။ ဂျန်နော့ ကတာ လက်ထက်မှာလည်း ဆိုဗီယက်ဆန့်ကျင်သူများကို ချေမှုန်းခဲ့၊ တိုင်းပြည်ရဲ့တရားင် ဝန်ကြီးချုပ် အင်မရေ နာ့ဂ်ျ ( Imre Nage) ဟာ သေဒဏ်ပေးခံရ ပါတယ်။ သူ့လက်ထက်မှာ ဒီမိုကရက်တစ်၊ လစ်ဘရယ်၊ ပြုပြင်ပြောင်းလဲရေးသမားပေါင်း ၂၁၆၀၀ ကျော်ဖမ်းခံရ၊ ၄၀၀ ကျော်အသတ်ခံရတယ်။ ရာချီပျောက်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးယန္ဓာရားအသစ် စီမံကိန်း နဲ့အတူ ဈေးကွက်စီးပွားရေးကို စတင် ကျင့်သုံးလာခဲ့တယ်။ ၁၉၆၀ မှ ၁၉၈၀ အတွင်း ဟန်ဂေရီနိုင်ငံကို “ အရှေ့အုပ်စု အတွင်းက ပျော်ရွှင်စရာ အကောင်းဆုံးစစ်တန်းလျား” အဖြစ်လူသိများခဲ့တယ်။ တိုင်းပြည်ဟာ ဖိနှိပ်မှုတွေနည်းသထက်နည်းလာပြီး၊ ခရီးသွားလာခွင့်တွေအပေါ်ပိတ်ပင်တားဆီးမှုတွေ ကိုလည်း လျော့ပေါ့ခဲ့ပါတယ်။ လစ်ဘရယ်စီးပွားရေးစံနစ်နဲ့အတူ၊ လူနေမှုအဆင့်အတန်းတွေ မြင့်တက်လာခဲ့ပါတယ်။ ၁၉၈၈ ကာလမှာ ဆိုဗီယက်တွေဦးဆောင်တဲ့အရှေ့အုပ်စုဟာ စတင်အက်ကွဲစပြုလာပြီ။ အောစတြီးယား မှာ ဆန္ဒပြပွဲတွေရဲ့ ရိုက်ခပ်မှုတွေကလည်း ဟန်ဂေရီနိုင်ငံကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ သတိပေးနေခဲ့တယ်။ အစိုးရဟာ ၁၈၄၈ တော်လှန်ရေးကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့တဲ့အတွက်၊ လူ ၇၅၀၀၀ ကျော်လောက်ဟာ ဘူဒါပက်စ်ရဲ့လမ်းမတွေပေါ် ချီတက်ဆန္ဒပြခဲ့ ကြတယ်။ ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဗာချော့က ဟန်ဂေရီနိုင်ငံရဲ့အနာဂတ်ကို ဝင်ရောက်မစွက်ဖက်ပါဘူး လို့ ဂတိပေးခဲ့တယ်။ ဟန်ဂေရီ အစိုးရရဲ့ ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံတွေနဲ့ စတင်စကားပြောဆွေးနွေးကြတယ်။ပါတီစုံစံနစ်၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစံနစ် ကို ဦးတည်ပြီးသွားမယ်ဆိုတဲ့အပေါ်မှာ သဘောတူခဲ့ကြတယ် အောစကြီးယားနဲ့ ဟန်ဂေရီကြားက ပိတ်ဆို့ထားတဲ့ နန်းကြိုးတွေကို ဖယ်ရှားပြီး သံမဏိကန့်လန့်ကာကို ဖြိုချပစ်တဲ့ ပထမဆုံး နိုင်ငံတခုဖြစ်လာခဲ့တယ်။ ၁၉၅၆ ခုနှစ် တုံးက အပြစ်ပေး အသတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ် အင်မရေ နာ့ဂ်ျရဲ့ ဈာပနကို ပြန်လည်မြှုပ်နှံတဲ့ပွဲလုပ်ခဲ့တယ်။ လူ နှစ်သိန်းခွဲကျော် ဟာ သူရဲကောင်းရင်ပြင်ဆီကို ချီတက်ပြီးအလေးပြုခဲ့ကြတယ်။ ၁၉၉၀ မှာ ပါတီစုံရွေးကောက်ပွဲတွေကို ကျင်းပပေးခဲ့တဲ့အခါ၊ ဟန်ဂေရီယံ ဒီမိုကရက်တစ်ဖိုရမ် က အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ၁၉၉၄ မှာ ကွန်မြူနစ်ဟောင်းတွေဦးဆောင်တဲ့ ဟန်ဂေရီ ဆိုရှယ်လစ်ပါတီက အနိုင်ရခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဟန်ဂေရီ အာဏာရပါတီဟာ အနောက်အုပ်စုနဲ့အဆင်ပြေပြေ ပေါင်းသင်းခဲ့တဲ့ပါတီတွေဖြစ်ခဲ့ကြပြီး ၂၀၀၄ မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ “ ဟန်ဂေရီနိုင်ငံဟာ ကွန်မြူနစ်နိုင်ငံဟောင်းတွေအနက် လူနေမှုစံနစ်မြင့်မားပြီး၊ ပြည်သူတွေ တယောက်ချင်းစီ ဝင်ငွေအမြင့်ဆုံး ရတဲ့နိုင်ငံတခုအဖြစ် ဂုဏ်သိက္ခာကျော်ကြားခဲ့တယ်။ ဒါပေမဲ့ ဟန်ဂေရီနိုင်ငံဆိုတာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု နဲ့ နိုင်ငံတကာ ငွေကြေးအဆောက်အဦ စည်းမျဉ်းစည်းကမ်းပေါ်မှာ မှီခိုနေရတဲ့နိုင်ငံတခုဖြစ်တဲ့အတွက် ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်တဲ့အခါ၊ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအကြပ်အတည်းတွေစတင်ကြုံတွေ့လာခဲ့တယ်။ အစိုးရကလည်း ကြွေးမှီပြဿနာတွေကို ကယ်တင်ဖို့ကြိုးစားခဲ့တယ်။ ဥပဒေတွေကလည်း ဆင့်ကဲဆင့်ကဲ အသစ်ရေးဆွဲခဲ့တာ (၃၈၅) ခုကျော်ရှိနေပြီလေ။” ဂျန်နဝါရီ (၂) ရက်နေ့ကတည်းက စပြီး စတင်အသွက်သွင်းခဲ့တဲ့ ဥပဒေသစ်အပေါ်မှာ ပြည်သူတွေဟာ မကျေမနပ်ဖြစ်ခဲ့ ကြပါတယ်။ ဥပဒေသစ်ဟာ မီဒီယာ၊ တရားရေးဆိုင်ရာစီရင်ခွင့်နဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းလွတ်လပ်ခွင့်တွေအပေါ်မှာ စတင်စိန်ခေါ်လာခဲ့ပါတယ်။ အတိုက်အခံပါတီကိုယ်စားလှယ်တွေရဲ့ အမတ်တွေဟာ ပါလီမန်ထဲမှာ အသံမဲ့လို ဖြစ်နေတဲ့ကိစ္စတွေ၊ တရားရေးဆိုင်ရာ ဥပဒေတွေကို ရေးဆွဲတဲ့အခါ ဘေးမှာ ဖယ်ထားခြင်းခံရတာတွေကို မြင်နေတဲ့ ပြည်သူတွေဟာ ဟန်ဂေရီနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ဟာ အသုံးမဝင်တော့ဘူး။ စစ်တမ်းတခုရဲ့အဆိုအရ ဟန်ဂေရီ ပြည်သူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ ခုချိန်မှာ ရွေးကောက်ပွဲကျင်းပပေးရင်လည်း မဲပေးမှာ မဟုတ်ဘူး လို့ သဘောထားပေးခဲ့ကြပါတယ်။ “ကွန်မြူနစ်အစိုးရ ကျဆုံးသွားပြီးတဲ့နောက် လွန်ခဲ့တဲ့ အနှစ် (၂၀) ကိုပြန်သုံးသပ်ကြည့်မယ် ဆိုရင် ပြုပြင်ပြောင်းလဲရေး နဲ့ ပါတီစုံရွေးကောက်ပွဲတွေကို ဖြတ်သန်းနေစဉ်ကာမှာ လူထုလှုပ်ရှားမှုတွေကို လုပ်မယ်ဆိုရင်၊ ဒီမိုကရက်တစ်စံနှုန်းတွေကို မတည်ငြိမ်မှုဖြစ် ထိခိုက်နိုင်တယ် ဆိုတဲ့ အယူအဆတွေရှိခဲ့ကြတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေ လုပ်ရမဲ့ အလုပ်ဖြစ်တယ်။ ပြည်သူတွေဟာ မဲပေးယုံပဲဖြစ်တယ် ဆိုတဲ့အယူအဆကို ဆွဲကိုင်ထားခဲ့ကြတယ်။ ဒါပေမဲ့ နိုင်ငံရေးသမား တွေကို သူတို့လုပ်ချင်ရာလုပ် ဆိုတဲ့အခွင့်အရေးကို ပေးမိလိုက်ရင် အဲ့ဒီနိုင်ငံရေးသမားတွေဟာ သူတို့အလိုရှိရာကို အာသာငမ်းငမ်း လုပ်ကြတော့မယ် ဆိုတာ သဘောပေါက်လာခဲ့တယ်။ သူတို့တင်မြောက်ခဲ့တဲ့ လစ်ဘရယ်ဒီမိုကရက်တစ် ခေါင်းဆောင်တွေ၊ ဆိုရှယ်လစ်ခေါင်းဆောင်တွေအားလုံးက သူတို့ကို စိတ်ပျက်အောင်လုပ်ခဲ့ကြတယ်။ ပါတီနိုင်ငံရေး ဆိုတဲ့အပေါ်မှာ မေးခွန်းထုတ်လာခဲ့ကြတယ်။ လူထုပါဝင်နိုင်တဲ့ နိုင်ငံရေးစံနစ်တခုကို ပြန်လည်ဖေါ်ဆောင်ဖို့ ကြိုးစား လာကြတယ်”လို့ ဟန်ဂေရီနိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ဆိုခဲ့ပါတယ်။တကယ်တော့ ဟန်ဂေရီ နိုင်ငံဆိုတာ နိုင်ငံတကာစံနှုန်းအရ လစ်ဘရယ်ဒီမိုကရက်တစ် နိုင်ငံတခုဖြစ်ပါတယ်။ ဒါပေမဲ့ ပြည့်စုံလုံလောက်တဲ့ ဒီမိုကရေစီ အစစ်အမှန်နိုင်ငံတခုတော့ မဟုတ်သေးပါဘူး။ ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကြောင့် ရိုပ်ခပ်ခံလိုက်ရတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ကြွေးမှီပြဿနာတွေ၊ ငွေကြေးအကြပ်အတည်းတွေဟာ ဟန်ဂေရီပြည်သူတွေအားလုံးကို သူတို့နိုင်ငံရဲ့ နိုင်ငံရေးစံနစ်အပေါ် သံသယဖြစ်စေခဲ့ပါတယ်။ တရားမျှတတဲ့ လူမှုဖူလုံရေး နဲ့ ဘဝလုံခြုံမှုအတွက်တောင်းဆိုခဲ့ကြပါတယ်။ တချို့က ဆန္ဒပြပွဲမှာ အိုးအိမ်မဲ့ နေတဲ့လူတယောက်ရဲ့ ပုံစံလို ဝတ်ဆင်ထားတဲ့ လူတယောက်ကတော့ ဟန်ဂေရီ နိုင်ငံရဲ့ စီးပွားရေးကွာဟမှုတွေ အကြောင်း လစ်ဟ ပြနေခဲ့ပါတယ်။ ဟန်ဂေရီနိုင်ငံရဲ့ ငွေကြေးအကြပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စု အကြီးအကဲတွေ အလည်ရောက်ရှိလာခဲ့ကြပါတယ်။ “ သူတို့က ကျနော်တို့ပြည်သူ့လှုပ်ရှားမှုတွေထက် ဗဟိုဘဏ် ကို ကယ်တင်ဖို့ပဲ စိတ်ဝင်စားနေတာလေ” လို့ ဝေဖန်ထောက်ပြ ကြပါတယ်။ ဒါဟာလည်း ကွဲလွဲတဲ့နိုင်ငံရေးချဉ်းကပ်မှုတွေဖြစ်နေခဲ့ပါတယ်။ အစိုးရနဲ့ နိုင်ငံတကာဘဏ်အဖွဲ့တွေက တိုင်းပြည်ရဲ့ အပေါ်ထပ်အဆောက်အဦတွေကို ပြုပြင်ဖို့ကြိုးစားနေချိန်မှာ၊ လူထုပါဝါကို အားသန်တဲ့အုပ်စုတွေကတော့ ပြည်သူတွေ နိုင်ငံရေးထဲ ပါဝင်လာနိုင်မဲ့ နည်းလမ်းကိုသာ စဉ်းစားနေခဲ့ကြပါတယ်။ သောတရှင်များ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် ဟန်ဂေရီနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့ပေမဲ့ နိုင်ငံရေးစိတ်ဝင်စားမှုလျော့ပါး ခဲ့ခြင်းတွေကြောင့် ပါလီမန်ထဲမှာ အာဏာရနိုင်ငံရေးသမားတွေရဲ့ ချယ်လှယ်လက်ဝါးကြီးအုပ်ပိုင်ခွင့်တွေရရှိခဲ့ကြပါတယ်။ “လူထုဆန္ဒ နဲ့ နိုင်ငံရေးပါဝါ နှစ်ခုဟာ နီးစပ်သွားတဲ့အခါ ပြည်သူတွေဟာ ရုန်းထဖို့မလိုတော့ပါဘူး” တဲ့။ သောတရှင်တို့လည်း ပွင့်လင်းလွတ်လပ်တဲ့လူထုအဖွဲ့အစည်းတွေက တဆင့် တိုင်းပြည်ရဲ့ နိုင်ငံရေးကို မျက်ခြေမပြတ် အကဲခပ်နိုင်ကြပါစေ။

သံသယစိတ်ကို တုန့်ပြန်ကြသူများ

Saturday, May 19, 2012 0 comments
နေအောင်အောက်မှာ အသစ်အဆန်းတခုမှ မရှိပါဘူး။ လမ်းမတွေအားလုံး ရောမမြို့ဆီကို သွားတယ်။ လူတွေက မင်းကိုဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။ ငါ ကလည်း မင်းကို လှုပ်နိုးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းဘာသာနိုးထ နိုင်ပါတယ်။ ငါက မင်းကို ကုစားပေးနိုင်မှာ မဟုတ်ဘူး။ မင်းဘာသာ မင်း ကုစားနိုင်ပါတယ်” ဂျွန်လင်နွန် ( The Beatles ) ၂၀၀၀ ခုနှစ်မှာ ဂျွန်လင်နွန်ရဲ့ ရုပ်ထုကြီးကို ကျူးဘားနိုင်ငံရဲ့ ဟားဗားနားပန်းခြံရှေ့မှာ တည်ဆောက်ခွင့်ရခဲ့တယ်။ ရုပ်ထုဖွင့်ပွဲကို ရှေ့ဆုံးတန်းက လာရောက်ထိုင်ကြည့်နေသူက ကျူးဘားနိုင်ငံခေါင်းဆောင် ဖီဒယ်ကပ်စထရို ။ ဂျွန်လင်နွန် ရဲ့ ရုပ်ထု ကို တွေတွေကြီးစူးစိုက်ကြည့်နေတဲ့ ကပ်စထရို ရဲ့ မျက်လုံးအိမ်ထဲမှာ၊အတိတ်ရဲ့သွေးညှီနံ့တွေ၊ နာကျင်မှုတွေ နဲ့ ခြိမ်းခြောက်မှုတွေ၊ ရီဝေကွဲအက်စွာ တည်ရှိနေမှာ အမှန်ပဲ။ “ မနေ့ကပဲ ကျနော့ကို ခရူးရှက်က ဖုံးဆက်ပြောတယ်။ သူတို့ရဲ့ဆိုဗီယက်ရေတပ်ဟာ နောက်ကိုပြန်ဆုတ်သွားမှာ မဟုတ်ဘူး လို့ ဆိုတယ်။ ကျနော်တို့ ကျူးဘားနိုင်ငံတွင်းမှာလည်း ရောက်ရှိလာတော့မဲ့ ဒုံးပျံတွေအတွက် ပြင်ဆင်နေကြတဲ့ ရဲဘော်တွေကလည်း စိတ်အားတက်ကြွ လို့၊ ဟော- ခုတော့ ဆိုဗီယက်ရေယာဉ်တွေ ပြန်လည်ဆုတ်ခွာသွားပြီ” တဲ့ ဖီဒယ်ကပ်စရို ရဲ့ အင်တာဗျူးတခုမှာ နာနာကျင်ကျင်ခံစားနေရတာကို တွေ့နေရတယ်။ ကျူးဘားဒုံးပျံ ပြဿနာကိုပြန်လေ့လာကြည့်မယ်ဆိုရင် ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်က ဖီဒယ်ကယ်စထရို နဲ့ ကျူးဘားကွန်မြူနစ် တွေကို သစ္စာဖောက်ခဲ့သလို၊ အမေရိကန်သမ္မတ ဂျွန်အက် ကနေဒီ ကလည်း ကပ်စထရို အစိုးရကို ဆန့်ကျင်တော်လှန်တဲ့ ကျူးဘားဒီမိုကရက်တစ်အင်အားစုတွေကို သစ္စာဖောက်ခဲ့တယ်။ တတိယကမ္ဘာ နိုင်ငံတွေမှာတော့ ပြည်တွင်းစစ်ပွဲတွေ အရှိန်မြင့်လာခဲ့ပြန်တယ်။ သစ္စာဖောက်ခံရမှုတွေနဲ့ အကြိမ်ကြိမ်နိုးလာတဲ့ “ဟားဗားနား” မြို့ဆီမှာတော့ ကားလ်မာက္ခ် စိတ်ကူးယဉ်ခဲ့သလိုမျိုး တည်ဆောက်လို့ မရနိုင်ဘူး ဆိုတာကို လက်တွေ့ဘဝအတွေ့အကြုံတွေက သက်သေပြခဲ့တယ်။ စာမျက်နှာတွေပြောင်းသွားခဲ့တယ်။ ကျူးဘားတော်လှန်ရေးလုပ်ဖေါ်ကိုင်ဘက်တချို့ ထောင်ဒဏ်နှစ်ရှည်တွေကျသွားတယ်။ တချို့ ပစ်သတ်ခံခဲ့ရတယ်။ “ပြည်သူ့ ဒီမိုကရေစီ” ဆိုတဲ့စကားလုံးရဲ့နောက်ကွယ်မှာ သံသယသွေးတွေ ထင်စွန်းနေတယ်။ တခါတုံးက ဖီဒယ်ကပ်စထရို ရဲ့ ကမ္ဘာကျော်တရားခွင်လျှောက်လှဲချက်များ ကို ဖတ်ပြီး မတရားမှုကို ရှုတ်ချဖို့ အတွက် လမ်းမပေါ် ထွက်လာခဲ့ဘူးတဲ့ ကျနော်တို့ တတွေ၊ အနှစ် (၂၀) ကျော်လာတဲ့အခါမှာတော့ လူထုနဲ့ဝေးသွားတဲ့ တော်လှန်ရေးသမားတချို့ကို ထိပ်တိုက်ပြန်တွေ့လိုက်ကြတယ်။ ကျူးဘားနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ ဘဝပျက်နေတဲ့သူတွေရှိတယ်။ ရန်သူကို လက်ညှိုးထိုးရမယ်ရှာပြီး ကိုယ့်အချင်းချင်း အပြတ်ရှင်းကြတဲ့ လက်ဦးမှုယူ ဂုဏ်သိက္ခာဖျက်ပွဲတွေရှိတယ်။ မြိ့ပြင်မှာ ရက်ရက်စက်စက် ပစ်ချခံခဲ့ရတဲ့ အမျိုးသမီးတချို့ရှိတယ်။ လွတ်လပ်တဲ့ အာရှအသံရဲ့ စက်တင်ဘာ (၆) ရက်၊ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တက်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။ သောတရှင်များခင်ဗျား The Beatles တေးဂီတ အဆိုတော် ဂျွန်လင်နွန် ရဲ့ “စစ်ပွဲတွေနောက်ထပ်အလိုမရှိတော့” အဆိုအမိန့်တွေကို မှတ်မိကြပါလိမ့်မယ်။ ၂၀ ရာစုကို ဆွဲကိုင်လှုပ်ရမ်းနိုင်စွမ်းရှိတဲ့သူတို့ရဲ့ အနုပညာဖန်တီးမှုဟာ ဆယ်ကျော်သက်လူငယ်တွေကို အရူးအမူးစွဲလန်း စေနိုင် ခဲ့ပါတယ်။ ဒါပေမဲ့ ကျူးဘားနိုင်ငံမှာတော့ ၁၉၆၀- ၂၀၀၀ ကာလထိ The Beatles ၊ ရိုးလင်းစတုန်းအပါအဝင် အနောက်တိုင်း ရော့ခ် ဂီတတွေကို ပိတ်ပင်တားဆီးခဲ့ပါတယ်။ “ ၁၉၅၉ ကျူးဘားတော်လှန်ရေးက အစဦးမှာတော့ စိတ်လှုပ်ရှားစရာတွေ၊ အားတက်ဂုဏ်ယူဘွယ် တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ကျူးဘားအာဏာရှင်ဘာတစ္စတာ အစိုးရကို အန်တုစိန်ခေါ်တဲ့ ဖီဒယ်ကပ်စထရို ရဲ့ ကမ္ဘာကျော်တရားခွင်လျှောက်လဲချက်တွေ၊ ချီကွေဘားရား နဲ့ နိုင်ငံတကာ တော်လှန်ရေးဝါဒီတွေရဲ့ နယ်ချဲ့စံနစ်ကိုဖြိုချဖို့ကြိုးစားခဲ့တာတွေ၊ အာဖရိက၊ လက်တင်အမေရိက နဲ့ အာရှတိုက်ဆီကို ရိုက်ခပ်ကူးစက်ခဲ့တဲ့ လွတ်မြောက်ရေးလှိုင်းတွေ- ကျနော်တို့ ကျွန်းနိုင်ငံအသေးလေးကနေ အဖိနှိပ်ခံနေရသူတွေရဲ့ ဝိညာဉ်တွေကို ရိုက်နိုးခဲ့ကြတယ်” ဖီဒယ်ကပ်စထရိုကို လုပ်ကြံရေး၊ ကျူးဘားမစ်ဆိုင်းအကြပ်အတည်းနဲ့ စစ်အေးကာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တတိယနိုင်ငံတွေဆီက ပြည်တွင်းစစ်ပွဲတွေဟာ သင်ခန်းစာယူစရာ အကောင်းဆုံး ပြယုဒ်တွေ ဖြစ်လာခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးဆေးပေးခန်းတွေ နဲ့ လူမှုဖူလှုံရေးလုပ်ငန်းတွေမှာ ဂုဏ်သိက္ခာနဲ့ ကျော်ကြားခဲ့တဲ့ ကျူးဘားနိုင်ငံဟာ ဆိုရှယ်လစ်ခရီးလမ်းကို ဖြောင့်ဖြူးညင်သာစွာ သွားနိုင်သယောင်ယောင်ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွား အပြီးမှာတော့ ကျူးဘားနိုင်ငံလည်း အထွေထွေ အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ ကျူးဘားခေါင်းဆောင် ဖီဒယ်ကပ်စထရိုဟာ သူရဲ့ ငြိုးသူရန်ဘက်ဖြစ်တဲ့ အရင်းရှင်ကမ္ဘာဆီက ကြံစည်မှုတွေကို ကြောက်လန့်တကြားတုန့်ပြန်ရင်း၊ သူ့ရဲ့လုပ်ဖေါ်ကိုင်ဘက်တွေအပေါ်မှာလည်း သံသယစိတ်နဲ့ဆက်ဆံ၊ လူထုကို ပိုမိုဖိနှိပ်တဲ့ ကြိုးနီ ပေါ်လစီတွေကို သုံးလာခဲ့ပါတယ်။ “ ဆိုဗီယက်ပြည်ထောင်စုမှာ မီဟိုင်းဂေါ်ဗာချော့ရဲ့ ပွင့်လင်းမှုနဲ့ စီးပွားရေးအဆောက်အဦကို ပြန်လည်ပုံဖေါ်တဲ့ လုပ်ငန်းတွေ စတင်လိုက်ကတည်းက ကပ်စထရို နဲ့ သူ့ရဲ့လုပ်ဖေါ်ကိုင်ဘက်တွေကြားမှာ အယူအဆတွေကွဲပြားလာခဲ့တယ်။ ကျူးဘားကွန်မြူနစ်ခေါင်းဆောင်တွေထဲမှာလည်း လူထုအသံကို လေးလေးစားစားနားထောင်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ချင်သူတွေရှိနေပါတယ်။ ဒါပေမဲ့ ဒီလိုသဘောထားပေးသူတွေ “ တန်ပြန်တော်လှန်ရေးသမားတွေ” ဆိုပြီး၊ ဖမ်းဆီးခဲ့ပါတယ်။ ကွန်မြူနစ်ကမ္ဘာပြိုကွဲမှုနဲ့အတု ဖီဒယ်ကပ်စထရို ရဲ့ တော်လှန်ရေးအပေါ် သစ္စာဖောက်မှုတွေကလည်း စတင်လာခဲ့ပါတယ်။ အဆိုးဆုံးလုပ်ရပ်ကတော့ ကျူးဘားတော်လှန်ရေးကို အသက်ထပ်ပြီး ယုံယုံကြည်ကြည်လုပ်ဆောင်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီး အော့ချိုရာ ကို မတရားသဖြင့်စွပ်စွဲပြီး သတ်ဖြတ်အပြစ်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ အော့ချိုရာ ဟာ အာဖရိက၊ အာရှ တိုက်ဆီက လွတ်မြောက်ရေး ပျောက်ကြားတပ်တွေကို စစ်သင်တန်းပေးခဲ့သူ၊ ကျူးဘားနိုင်ငံကို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူအဖြစ် ဂုဏ်သတင်းမွှေးခဲ့ပါတယ်။ ကပ်စထရိုဟာ သူ့အတွက် အန္တရာယ်အရှိဆုံးသူအဖြစ်မြင်လာခဲ့တာကြောင့် ခုလိုလက်ဦးမှုယူ သုတ်သင်ရှင်းလင်း လိုက်ခြင်း ဖြစ်ပါတယ်။ တန်ပြန်တော်လှန်ရေးသမားအဖြစ်စွပ်စွဲခံရပြီး ပစ်သတ်ခံသူပေါင်း တသောင်းခွဲကျော်ရှိခဲ့တယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲ ချင်သူတွေရဲ့ ဆန္ဒကို ထိန်းချုပ်လို့မရခဲ့ပါဘူး။ ၁၉၉၄ မှာ “မော်လီကွန်နာဇို” လူထုအုံကြွမှုဟာ ကပ်စရိုကို ထိတ်လန့်စေခဲ့ပါတယ်။ ကျူးဘားပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်လာပြီး၊ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆော်သြခဲ့ပါတယ်။ ဒါပေမဲ့ ကျူးဘားကွန်မြူနစ်ပါတီဟာ ပစ်ခပ်ဖြိုခွဲမှုတွေနဲ့ အဖြေပေးခဲ့ပါတယ်။ “ အီရတ်စစ်ပွဲ နဲ့ အာဏာရှင် ဆဒမ်ဟူစိန် ကျဆုံးမှုဟာ ကျူးဘားပြည်သူတွေကို အားတက်စေခဲ့တယ်။ ဒါကြောင့်လည်း ၂၀၀၃ ခုနှစ် စက်တင်ဘာလမှာ ကျူးဘားနိုင်ငံရဲ့ ထင်ရှားတဲ့ သတင်းစာဆရာတွေ၊ အနုပညာသည်တွေဦးဆောင်ပြီး ပွင့်လင်းလွတ်လပ်တဲ့ နိုင်ငံရေးစံနစ်တခုကို ပြောင်းလဲပေးဖို့ တောင်းဆိုလှုပ်ရှားခဲ့ကြပြန်တယ်။ ဒါပေမဲ့ ကပ်စထရိုအစိုးရဟာ တက်ကြွလှုပ်ရှားသူ ၇၅ ယောက်ကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၁၄) နှစ်မှ (၂၇) နှစ်အထိ ပြစ်ဒဏ်ပေးခဲ့တယ်။ ( Black September)ဘလက် စက်တင်ဘာအဖြစ်လူသိများခဲ့တယ်” ဘလက်စက်တင်ဘာလှုပ်ရှားမှုဟာ ကြေကွဲဘွယ်အဖြစ်ဆိုးတွေနဲ့ ရပ်တန့်အဆုံးသတ်မသွားခဲ့ပါဘူး။ ဖမ်းဆီးခံရတဲ့ ဂျာနယ်လစ်တွေနဲ့ အနုပညာသည်တွေရဲ့ အမျိုးသမီးတွေ၊ သားသမီးတွေဟာ နောက်နှစ်ပတ်အကြာမှာ Ladies in White အဖွဲ့ကို စတင်ဖွဲ့စည်း လိုက်ကြပါတယ်။ အဖြူရောင်ဆိုတာ ငြိမ်းချမ်းရေးရဲ့သင်္ကေတဖြစ်တယ်။ သူတို့ရဲ့ခင်ပွန်းသည်တွေ၊ သားသမီးတွေ၊ ဖခင်တွေရဲ့ ပုံတွေကို အကျီဖြူရဲ့ ရင်ဘတ်ကြယ်သီးလေးတွေပေါ်မှာ ပုံဖေါ်လိုက်ကြတယ်။ ပန်းစီးတွေကို ကိုင်ဆောင်ပြီး ဟားဗားနားရဲ့ လူစည်ကားရာနေရာတွေမှာ စတင်လမ်းလျှောက်ခဲ့ကြပါတယ်။ ကပ်စထရိုအစိုးရက ပထမတော့ သတိမထားမိပါဘူး။ ဒါပေမဲ့ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတွေရဲ့လှုပ်ရှားမှုကို လူတွေထောက်ခံလာကြတယ်။ နိုင်ငံတကာက အာရုံစိုက်လာခဲ့ကြတယ် ဆိုတာကို သဘောပေါက်လာတဲ့အခါမှာတော့ ဒီအမျိုးသမီးတွေကို အမေရိကန်ပြည်ထောင်စုဆီက ငွေကြေးထောက်ပံ့မှုရထားတဲ့ တန်ပြန်တော်လှန်ရေးသမားတွေ အဖြစ်စွပ်စွဲဝါဒဖြန့်လာခဲ့တယ်။ “ ကပ်စထရိုအစိုးရရဲ့ ပြည်သူ့စစ်တွေနဲ့ အမျိုးသမီးအဖွဲ့ချုပ်က ကျမတို့စုဝေးရာကို ရောက်လာပြီး အရင်းရှင်ကမ္ဘာဆီက မိန်းမပျက်တွေ ဆိုပြီး ဆဲဆိုခြိမ်းခြောက်ကြတယ်။ ကျမတို့ မျက်နှာပေါ်ကို တံတွေးထွေးရှုတ်ချကြတယ်။ တခါတလေ ကျမတို့ ဆံပင်တွေကို စောင့်ဆွဲကိုင်ပြီး လမ်းမပေါ်ကနေတ ဒရွတ်ဆွဲခေါ်ဆောင်သွားတယ်။ ဘတ်စ်ကားတွေပေါ်မှာ အတင်းအဓမ္မတက်ခိုင်းပြီး မြို့ပြင်က လူသူဝေးတဲ့နေရာတွေမှာ ပစ်စလက်ခပ်ချထားခဲ့တယ်” သောတရှင်များခင်ဗျား ကျူးဘားအစိုးရဟာ အမှားတခုပြီးတခုဆက်တိုက်ကျူးလွန်ခဲ့ပေမဲ့ အဖြူရောင်အင်္ကျီဝတ် အမျိုးသမီးတွေလက်ထဲက နှင်းဆီပန်းတွေ ဟာ နေပြင်းပြင်းအောက်မှာ ဆက်လက်ပွင့်လန်း နေဆဲဖြစ်ပါတယ်။ “အာဏာရှင် နဲ့ မပူးပေါင်းရေး” ၊ “ရိုစာပတ်” လိုအမျိုးသမီးများ၊ ဖိနှိပ်မှုကို ဆန့်ကျင်သောအမေများအဖွဲ့တွေ ထပ်မံပေါ်ပေါက်လာခဲ့ကြပြီး အကျဉ်းကျခံနေသူတွေရဲ့ မိသားစုတွေကို ထောက်ခံပူးပေါင်းခဲ့ကြပါတယ်။ ကျနော်တို့နိုင်ငံမှာလည်း အစိုးရသစ်ဟာ တိုင်းပြည်တည်ငြိမ်မှ နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ်ပေးမယ် လို့ ဆိုနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုကို ဖိနှိပ်မှုကြောင့် တိုင်းပြည်မတည်မငြိမ်ဖြစ်နေရတယ် ဆိုတဲ့အချက်ကို သိသိချည်းနဲ့ ငြင်းဆန်နေတဲ့ အစိုးရတွေကြောင့်လည်း တိုင်းပြည်ဟာ နာပြီးရင်းနာနေခဲ့ရပါတယ်။ သောတရှင်တို့လည်း သားပျောက်၊ ခင်ပွန်းပျောက်၊ မိသားစုပျောက်နေတဲ့ သူတွေရဲ့ဘဝတွေကို စာနာနားလည်ပြီး အာဏာရှင်တွေလက်အောက်မှ လွတ်မြောက်နိုင်ကြပါစေ။ အောင်မိုးဝင်း

ဖွံ့ဖြိုးတိုးတက်မှု ညွှန်ကိန်းတွေကို မရိုက်ချိုးမိစေဖို့

Wednesday, September 28, 2011 0 comments

တရုပ်ပြည်ရဲ့ဝန်ကြီးချုပ် ဝန်ကျားပေါင်က သူ့နိုင်ငံအနေနဲ့ ဒီမိုကရေစီစံနစ်ကို ပိုမိုကျင့်သုံးဖို့ တိုက်တွန်းနေခဲ့တာ အချိန်အတော်ကြာ ခဲ့ပြီ။ ဒီမိုကရေစီစံနစ်ကို မကျင့်သုံးဘူးဆိုရင် တရုပ်ပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းတွေကို ပြောဆိုနေမှုတွေဟာ သေချာရေရာမှု မရှိဘူး လို့ သတိပေးခဲ့ဘူးတယ်။ တကယ်တော့ တရုပ်ခေါင်းဆောင်တွေဟာ ငလျင်ဒဏ်ကြောင့်ဆုံးရှုံးပျက်စီးတဲ့ဒေသတွေကို ကိုယ်ယောင်ပြသွားရောက်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ပြည်သူတွေအတွက် လိုအပ်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ အဲ့ဒီဒေသတွေမှာ ဆန္ဒပြပွဲတွေကလည်း မကြာခဏတွေ့မြင်ကြမှာဖြစ်သလို၊ သဘာဝဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို အဆိပ်ဖြစ်၊ သေကြေပျက်စီးစေမဲ့ စီမံကိန်းတွေကို အန်တုစိန်ခေါ်နေတဲ့ သပိတ်မှောက်ပွဲတွေ၊ ကွန်မြူနစ်ပါတီကို ဝေဖန်ဆန့်ကျင်တဲ့ လူစုလူဝေးတွေကိုလည်း နေ့စဉ်နီးပါး တွေ့နေရတယ်။ မကြာသေးမီ ရက်များအတွင်းက တရုပ်ကွန်မြူနစ်ပါတီဟာ လယ်သမားတွေရဲ့လယ်မြေတွေကို သိမ်းယူပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေဆီ ရောင်းချခဲ့တာကြောင့် လယ်သမားဆန္ဒပြပွဲတွေပေါ်ပေါက်လာပြီး အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် နေရတဲ့အခြေအနေကို ရောက်နေခဲ့တယ်။
တကယ်တော့ တိုင်းပြည်တခုရဲ့ဖွံ့ဖြိုးတိုးတက်မှု ညွှန်ကိန်းတွေကို လေ့လာတဲ့အခါ၊ GDP ၊ အလုပ်လက်မဲ့နှုန်း၊ နဲ့ Consumer Price Index တွေနဲ့ တိုင်းတာတာဖြစ်တယ်။GDP တွက်နည်း နှစ်မျိုးရှိတယ်။
Expenditure Method နဲ့ Income Method တို့ဖြစ်တယ်။ Expendicture Method ဆိုတာ စားသုံးမှုစုစုပေါင်း၊( Consumption)၊ ရင်းနှီးမြုပ်နှံမှု ( Investment)၊ အစိုးရရဲ့အသုံးစရိတ်( Government Spending) နဲ့ ပို့ကုန်စုစုပေါင်း ( Net Export) တွေအားလုံးရဲ့ စုစုပေါင်းကိုထွက်ချက်တာဖြစ်တယ်။ Net Export ဆိုတာ ပို့ကုန်စုစုပေါင်း (X) နဲ့သွင်းကုန်စုစုပေါင်း( m) နှစ်ခုခြားနားချက် ကို ပြောတာဖြစ်တယ်။ မိုက်ခရိုစီးပွားရေးရဲ့ဖေါ်မြူလာအရ

GDP = C + I + G+ ( X- m) ဖြစ်တယ်။


Income Method ကတော့ ဗမာပြည်မှာ ဘယ်လိုမှတွက်ရမှာ မဟုတ်တဲ့အတွက် မဆွေးနွေးတော့ပါဘူး။ ဘာလို့လဲဆိုတော့ လူမှု့ဖူလုံရေး ဆိုတဲ့ Social Security၊ နစ်နာကြေးတွေ၊ တိုက်ရိုက်အခွန်ဆောင်မှု၊ သွယ်ဝိုက်အခွန်ဆောင်မှုတွေ ကို လည်း တွက်ချက်မှရမှာမို့ပါ။ ဗမာပြည်မှာ ဒါတွေဘယ်ရှိနိုင်ပါ့မလဲ။
ဒါပေမဲ့ GDP အစစ်အမှန်တန်ဘိုးကို တွက်ချက်ဖို့ဆိုတာ ဗမာပြည် အပါအဝင် ခြစားအကျင့်ပျက်၊ အဂတိလိုက်စားမှုတွေ ကျူးလွန်နေတဲ့ နိုင်ငံတွေမှာ ခက်ခဲမှုတွေရှိနေပါတယ်။ မိုက်ခရိုစီးပွားရေးဘာသာရပ်တွေကို သင်ကြားမယ် ဆိုရင် ဗမာပြည်ဟာ ဆိုမာလီးယားနိုင်ငံ ပြီးရင် အကျင့်ပျက်ခြစားမှုမှာ ဒုတိယ လိုက်တဲ့နိုင်ငံဖြစ်တယ်။ ဒါ့အပြင် မြေအောက် စီးပွားရေးလုပ်ငန်း ( အစိုးရနဲ့လက်ဝါးချင်းရိုက်၊ လဒ်ပေးလဒ်ယူလုပ် စီးပွာရှာနေတဲ့ အရာတွေ၊ အစိုးရနဲ့မူဝါဒမှားတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့်ဖြစ်ပေါ်လာမဲ့ သဘာဝဝန်းကျင်ပျက်စီးမှုတွေ ဟာ GDP တန်ဘိုးကို တွက်ချက်ဖို့အတွက် အတားအဆီးတွေ ဖြစ်နေပြန်ပါတယ်။ ဒါ့ကြောင့်လည်း တရုပ်ဝန်ကြီးချုပ် “ဝန်ကျားပေါင်” က ဒီမိုကရေစီစံနစ်ကို ပိုမိုကျင့်သုံးဖို့ တိုက်တွန်းနေခြင်း ဖြစ်တယ်။ တရုပ်ပြည်မှာ တပါတီအာဏာရှင်စံနစ်ကို တည်ထောင်ခဲ့မှု့ကြောင့်၊ ပါတီတခုရဲ့ ဝါဒဖြန့်မှုကရရှိတဲ့ အချက်အလက်တွေ ဆိုတာလည်း ဘယ်လောက်မှန်နိုင်မယ် ဆိုတာ မှန်းဆဖို့ခက်ပါတယ်။ လက်ရှိမှာတောင် လူမှုရေးမငြိမ်သက်မှုတွေကို နေ့စဉ်ကြုံတွေ့နေရတယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ စက်တင်ဘာ (၂၇) ရက် အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တရုပ်ပြည်ဆီက သဘာဝဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေအကြောင်းဆွေးနွေး တင်ပြထားပါတယ်။
သောတရှင်များခင်ဗျား
(၂၁) ရာစုမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အပြေးသန်နေတဲ့ တရုပ်ပြည်သူ့သမ္မတနိုင်ငံဟာ နိုင်ငံတွင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို လေးလေးနက်နက်တိုင်တွယ်နေခဲ့ရပါတယ်။
“ တရုပ်နိုင်ငံဟာ ကွန်မြူနစ်နိုင်ငံရယ်လို့တည်ထောင်ခဲ့ပေမဲ့ ကုန်းတွင်းဒေသ နဲ့ ကမ်းရိုးတန်းဒေသ တလျှောက်မြို့ တွေမှာ ဆင်းရဲချမ်းသာလူတန်းစားကွာဟမှုတွေကကြီးမားလွန်းလှသလို၊ မြို့ပြတိုးတက်ရေးအတွက် ဥပဒေတခု၊ ဆင်းရဲတဲ့ဒေသတွေအတွက် ဥပဒေတခု လို ကွဲပြားခြားနားစွာတည်ရှိနေခဲ့တယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုတွေအတွက်၊ စက်မှုလုပ်ငန်းတွေကို အစားထိုးဖို့ကြိုးစားတဲ့ အခါတိုင်း ကျေးလက်ဒေသတွေဟာ သဘာဝဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရခဲ့တယ်။”
တကယ်တော့ တရုပ်ကွန်မြူနစ်ပါတီဟာ လူမှုရေးမတည်ငြိမ် မှုတွေကိုလည်း နေ့စဉ်ရက်ဆက် ဖြေရှင်းနေရပါတယ်။ ငလျင်ဒဏ်၊ ဓါတုဗေတ အဆိပ်သင့်မှု ၊ အလုပ်ခွင်မှာ နေထိုင်ရှင်သန်ရတဲ့ ဘဝအနေအထား နဲ့ သဘာဝ ဝန်းကျင်ကာကွယ်ရေး အပေါ်မှာ တာဝန်ပျက်ကွက်ခဲ့တဲ့ အစိုးရရဲ့ ပေါ့ဆမှုတွေကြောင့် တရုပ်ပြည်တွင်းမှာရှိတဲ့ လယ်သမား၊ အလုပ်သမား ထောင်ပေါင်းများစွာဟာ ပိုမိုလုံခြုံကောင်းမွန်တဲ့ဘဝတွေအတွက် ဆန္ဒထုတ်ဖေါ်ပြသလေ့ရှိကြပါတယ်။

“ ပါရာစီလင်း ဓာတုဗေဒပစ္စည်းဆိုတာ ဖိုင်ဘာ နဲ့ ဖလင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုလီစတာ လို ပလပ်တစ်ကုန်ကြမ်းတွေကို အရောင်ပြောင်းလဲရေးအတွက် မရှိမဖြစ်လိုအပ်တယ်။ ဒါပေမဲ့ ပြဿနာက ပါရာစီလင်းအရည်ဟာ လူ့တွေကို ဒုက္ခပေးနိုင်တဲ့ အဆိပ်တွေကိုလည်း လွှင့်ထုတ်တယ်။ ဒါလီယံဆိပ်ကမ်းမြို့မှာရှိတဲ့ ဖူဂျီယာ စက်ရုံ ဆိုတာ ပါရာစီလင်း အဓိကထုတ်လုပ်တဲ့ စက်ရုံဖြစ်တယ်။ ၁.၅ ဘီလျှံဘိုးတန်တဲ့ ဓါတုစက်ရုံတခုဖြစ်တယ်။ အဲ့ဒီ စက်ရုံဟာ ပင်လယ်နဲ့ ကိုက် (၅၀) အကွာအဝေးလောက်မှာ တည်ဆောက်ထားတယ်။ စက်ရုံက ထုတ်လုပ်တဲ့ ပါရာစီလင်းရည်တွေဟာ လူတွေရဲ့မျက်စိတွေကို ထိခိုက်ဒဏ်ရာရ၊ တချို့မျက်လုံးကွယ်ခဲ့ရသလို၊ အဲ့ဒီအငွေ့ကို ရှုမိတဲ့ လူတွေဟာ အသက်ရှုကြပ်သေဆုံးရတာမျိုးတွေ ရှိခဲ့တယ်”
မုန်တိုင်းချိန်မှာဆို ပင်လယ်လှိုင်းတွေဟာ ဖူဂျီယာစက်ရုံတဝိုက်မှာ စွန့်ပစ်ထားတဲ့ ဓါတုဗေဒ အညစ်အကြေးတွေကို သယ်ဆောင်လာတတ်တာကြောင့် စက်ရုံဆီမှ စိမ့်ယိုလာမဲ့ ဓါတုအဆိပ်တွေရဲ့ အန္တရာယ်ကို ထိတ်လန့်လာတဲ့ ဒါလီယံမြို့က ပြည်သူတွေဟာ စိန်ခေါ်မှုတခုကို စတင်လိုက်ကြ ပါတယ်။ အင်တာနက် မိုဗိုင်းဖုံးတွေကနေ စည်းရုံးလှုံဆော် ပြည်တွင်းနဲ့နိုင်ငံတကာမီဒီယာတွေ အာရုံစိုက်လာအောင်စတင်ကြိုးစားလိုက်ပါတယ်။ ထောင်ပေါင်းများစွာ ကျောင်းသားတွေ၊ အရာရှိတွေ၊ ကမ်းရိုးတန်းတလျှောက်နေထိုင်သူတွေဟာ “ဒါလီယံမြို့ကို ငါ့တို့ဆီပြန်ပေး” ဆိုတဲ့ကြွေးကြော်သံ တွေနဲ့အတူ၊ စက်ရုံကို ချက်ချင်းပိတ်ပစ်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ တရုပ်အာဏာပိုင်တွေဟာ လူထုမငြိမ်သက်မှုကို နှိမ်နင်းဖို့အတွက် လုံခြုံရေးတပ်တွေကို ဆင့်ခေါ်ခဲ့ပေမဲ့ လူထုဟာ နောက်ဆုတ်နိုင်မဲ့အနေအထားမရှိဘူး ဆိုတာကို သဘောပေါက်သိမြင် နေခဲ့ပါတယ်။ ဒါလီယံမြို့တော်ဝန်ဟာ သူ့ဒေသက ပြည်သူတွေရဲ့ မကျေနပ်မှုတွေကို တောင်းပန်ပြီး စက်ရုံကို အမြန်ဆုံးရပ်ဆိုင်း လိုက်ရပါတယ်။
“ဒုတိယအဖြစ်အပျက်က တရုပ်ပြည်ရဲ့ အဆင်းရဲဆုံးဒေသဖြစ်တဲ့ ယူနန်ခရိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ လူထုဆန္ဒပြပွဲ၊ ရှင်လောင်းကျေးရွာမှာတည်ရှိတဲ့ ဓါတုစက်ရုံကြောင့် ဒေသခံပြည်သူတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေဟာ ထူးခြားဆန်းကြယ်စွာ သေဆုံးကုန်ကြတယ်။ ဓါတုစက်ရုံအနီးမှာ တန်ချိန် ငါးထောင်ကျော်တဲ့ ဓါတုစွန့်ပစ်ပစ္စည်းတွေဟာ အနံ့အသက်တွေ ဆိုးဝါးလွန်းလို့ ပြည်သူတွေ အသက်ရှုရင် အန်ချင်သလိုလို ခံစားရတယ်။ မြစ်တွေထဲက ရေတွေကဟာ နီဝါရောင်ထနေတယ် ။ ငါးတွေတဖြုတ်ဖြုတ်သေကုန်ကြတယ်။ ဒီစက်ရုံက ထုတ်လုပ်တဲ့ ဓါတုဗေဒပစ္စည်းတွေထဲမှာ ဆိုင်းနိုက်၊ ဆိုဒီယမ်ဒစ်ချရိုမိတ် လို သေစေလောက်တဲ့ အဆိပ်တွေကလည်း လေထုထဲကို ပျံ့နှံ့နေတယ်။ အဲ့ဒီ အဆိပ်ငွေ့တွေဟာ လူတွေကို ကင်ဆာရောဂါ ဖြစ်စေနိုင်တယ် ဆိုတဲ့ ပညာပေးမှုတခုကို လက်ဆင့်ကမ်းဖြန့်ဝေလိုက်ကြတဲ့ အခါမှာတော့ ယူနန်ခရိုင်မှ ပြည်သူတွေဟာ သဘာဝဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ သူတို့ရဲ့ဘဝလုံခြုံမှုကို ဖန်တီးနိုင်မယ် လို့ ယုံကြည်မိကြတော့တယ်။ ပထမတော့ ဒေသခံပြည်သူတွေရဲ့ဝေဖန်မှုတွေကို အစိုးရဟာ ဥပက္ခာပြုထားတယ်။ ဆန္ဒပြထုတ်ဖေါ်သူတွေကို ဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ ပြည်သူတွေဟာ အသေဆိုးနဲ့သေစေနိုင်တဲ့အဆိပ်တွေကို ငြိမ်သက်စွာရှုရှိုက်နေမဲ့အစား အစိုးရရဲ့တာဝန်သိတတ်မှုကို မေးခွန်းထုတ် အန်တုခဲ့ကြတယ်။ ထောင်သောင်းချီနေတဲ့ ဆန္ဒပြပွဲတွေကို ဆက်လက်တားဆီး နိုင်စွမ်းမရှိတဲ့ တရုပ်ကွန်မြူနစ်အစိုးရဟာ လူလီယန်းစက်ရုံကို ပိတ်ပစ်လိုက်ရပါတော့တယ်။
တဘက်မှာတော့ တရုပ်ကွန်မြူနစ်ပါတီရဲ့ စီးပွားရေးရည်မှန်းချက်တွေက ကြီးမားနက်ရှိုင်းစွာ တည်ရှိနေဆဲပါ။ ဆိုလာ ( နေရောင်ခြည် စွမ်းအင်) ကို အသုံးချပြီး သန့်ရှင်းတဲ့နည်းပညာတွေအတွက် ဂျင်ကို ဆိုလာ စက်ရံ ကို Haining မှာ တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီ ဆိုလာဓါတုစက်ရုံဟာ ကမ္ဘာ့ဈေးကွက်မှာ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ အကြီးဆုံးစွမ်းအင်ကုမ္မဏီတခုဆိုရင် မမှားပါဘူး။ ဒါပေမဲ့ ပြိုင်ဘက် နိုင်ငံတကာစီးပွားရေးအင်အားစုတွေကတော့ တရားမျှတမှုမရှိ တဲ့ချေးငွေ၊အတိုးနှုန်း၊ ဝန်းကျင်ထိန်းသိမ်းမှု ဥပဒေ ညံ့ဖျင်းမှု၊ အလုပ်သမားတွေအပေါ် လုပ်ခနည်းလွန်း မှုတွေကြောင့်ဘူး ကျေနပ်မှုမရှိခဲ့ကြပါဘူး။
“နေရောင်ခြည်စွမ်းအင်ကိုအသုံးချပြီး Clean- Tech ကို ထုတ်လုပ်တဲ့ စက်ရုံဆိုတာ ကာဗွန်ဓါတ်ငွေ့ထုတ်လုပ်မှု ကို မရှိပေမဲ့ အဆိပ်သင့်ဓါတုဗေဒတွေက ပျံ့နှံ့ဒုက္ခပေးနေဆဲပဲလေ။ ဒါကြောင့်လည်း ဒေသတွင်းက ပြည်သူတွေဟာ “ငါတို့ဘဝတွေကို ပြန်ပေး ဂျင်ကို နဲ့ ဝေးဝေးနေကြပါ” ဆိုတဲ့ကြွေးကြော်သံတွေကို ကိုင်စွဲပြီး၊ ဂျင်ကို ဆိုလာစက်ရုံကို ပိတ်ဆို့ဆန္ဒပြကြတယ်။ ပြည်သူတွေအတွက် အန္တရာယ်တွေကြုံလာလို့၊ မလုံခြုံတော့တဲ့ဘဝတွေကို ထုတ်ဖေါ်ပြလေ့ရှိတဲ့အခါ၊ ကွန်မြူနစ်အစိုးရဟာ ကျနော်တို့ကို ငြိမ်သက်ခိုင်းတယ်။ ဆန္ဒပြသူတွေဟာ ရိုက်နှက်ခံရတယ်။ ဖမ်းခံရတယ်။ ဘယ်မှာလဲတရားမျှတမှု၊ ကျနော်တို့ကတော့ ဟော့ဒီဓါတုစက်ရုံကို မပိတ်မချင်း သပိတ်တိုက်ပွဲကို ရုတ်သိမ်းနောက်ဆုတ်သွားမှာ မဟုတ်ဘူး။”
လက်တွေ့စိန်ခေါ်မှုတွေကို တွေ့မြင်ကြုံတွေ့နေရတဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ မြို့ပြဖွံ့ဖြိုးမှုနဲ့လူလတ်တန်းစားတွေအတွက် သန့်ရှင်းတဲ့ ဝန်းကျင်တခုတည်ဆောက်ရေးထက် ကျေးလက်ဟောင်းတွေဆီကမွေးမြူရေး၊ သဘာဝဝန်းကျင်ကာကွယ်ရေးနဲ့ ပြည်သူတွေ အသက်အိုးအိမ်လုံခြုံရေးအတွက် ဦးစားပေးစိုးရိမ်ရတော့မယ် ဆိုတာကို သဘောပေါက်လာကြပါတယ်။
သောတရှင်များခင်ဗျား
နိုင်ငံတနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို GDP လို့ခေါ်တဲ့ အရာတွေနဲ့ တိုင်းတာလေ့ရှိကြပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ စီမံကိန်းတွေကြောင့်ဖြစ်ပေါ်လာတဲ့ သဘာဝဘေးဒဏ်တွေ၊ မြေအောက် စီးပွားရေးလုပ်ငန်းတွေ၊ ခြစားမှုတွေဟာလည်း GDP အစစ်အမှန်ကို တွက်ချက်ဖို့အတွက် အရေးပါတဲ့ အချက်အလက်တွေဖြစ်တယ် ဆိုတာ မာခရိုစီးပွားရေးပညာကို လေ့လာသူတိုင်း နားလည်ကြပါတယ်။ ဗမာပြည်က အစိုးရသစ်လည်း ဖွံ့ဖြိုးတိုးတက်မှု ညွှန်ကိန်းတွေကို ရိုက်ချိုးဖျက်ဆီးပစ်မှုတွေကနေ ရှောင်ရှားပြီး စီးပွားရေးဖွံ့ဖြိုးမှုနှစ်ကာလများကို တည်ဆောက်စေချင်ပါတယ်။


နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ